ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်၊ ၉ လမ်းအတွင်းရှိ နေအိမ်ကို မူးယစ်ဆေးဝါးသတင်းရ၍ ဝင်ရောက်ဖမ်းဆီးရာ၌ ရဲတပ်ဖွဲ့ကို ပြန်လည်ခုခံသူအား ပစ်ခတ်ခဲ့ရာ တဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိကြောင်း သိရသည်။
ယနေ့ ညနေပိုင်းက အဆိုပါနေအိမ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု သတင်းရသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ရဲများကို ပြန်လည်ခုခံကြသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အသက် ၁၉ နှစ်ဝန်းကျင် အမျိုးသားတဦး သေဆုံးပြီး ဒဏ်ရာရသူ ၄ ဦးခန့်ရှိကြောင်း မျက်မြင်ကြုံတွေ့ရသူအချို့ကပြောပြသည်။
သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ်ရှိ လင်းမာန်ဦး ဆိုသူဖြစ်ကြောင်း၊ ဖမ်းဆီးထားသူနှင့် ဒဏ်ရာရသူ အရေအတွက်ကိုမူ အတိအကျမသိရှိသေးကြောင်း၊ လက်နက်အချို့ပါ သိမ်းဆည်းရမိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိ တဦးက ” လောလောဆယ်မှာ ကျနော်တို့ပြောနိုင်တာက WY ဆေးပြား ၅၆ ပြားမိပါတယ်။ အသေးစိတ်ကို တိုင်းဒေသကြီးရုံးက ထုတ်ပြန်ပါမယ်” ဟု အခင်းဖြစ်နေရာရောက် ဧရာဝတီသတင်းထောက်ကို ပြောပြသည်။
အဆိုပါ ရဲအရာရှိက “ကျနော်တို့လာစဉ် တံခါးပိတ်ထားရင် ဖွင့်ပြီးဝင်နိုင်တဲ့ပါဝါရှိပါတယ်။ အသာတကြည် အဖမ်းမခံဘူးဆိုရင် ကျင့်ထုံးပုဒ်မ ၄၆ အရ ကိုယ်ထိလက်ရောက်ပြုလုပ်ဖမ်းဆီးနိုင်တယ်။ ဒီကြားထဲမှာ သူက ခုခံမယ်ဆိုရင် ပစ်ခတ်ဖမ်းဆီးနိုင်တယ်။ ဒါရဲတပ်ဖွဲ့ရဲ့ ပါဝါပဲ။ ဒါဘာကြောင့်ဖြစ်လာရသလဲဆိုတော့ ဒုစရိုက်သမားတွေက အရမ်းကိုခေါင်းထောင်လာလို့ပဲ။ ဒီလိုမဖမ်းဘူးဆိုရင် အေးချမ်းသာယာတဲ့ပြည်သူတွေ အနိုင်ကျင့်ခံရမှာစိုးရိမ်လို့ပဲ။ ရဲကိုတောင် ဒီလိုလုပ်တယ်ဆိုရင် ပြည်သူကို ဘာလုပ်သွားမလဲ။ ဒီလိုသဘောလေးတွေရှိတယ်” ဟု အခင်းဖြစ်နေရာတွင် ရောက်နေသူများကို ရှင်းပြသည်။
“သေနတ်သံကြားလိုက်တာ။ ရဲတွေက ခြံကိုကျော်ဝင်တော့ အဲဒီအိမ်ထဲက လူက ဓားနဲ့လှမ်းခုတ်တယ်။ သေသွားတဲ့ ကလေးကလည်း သူ့အဖေကိုလုပ်ရမလားဆိုပြီး ဝင်ခုတ်ရာက အပစ်ခံရတာ။ သူ့အဖေနာမည်က အိမ်နာမည် ဖိုးလမ်း လို့ခေါ်တယ်။ ဒီရပ်ကွက်မှာနေတာ နှစ် ၃၀ လောက်ရှိပြီ၊ သူက ခါးတဝိုက်ကိုထိလို့ ရှင်/ကူ ကားနဲ့ တင်သွားတယ်။ အဲဒီကောင်လေးသေတာကိုတော့ နိဗ္ဗာန်ယာဉ်ဝင်လာမှ သေတာ သေချာသွားတာ။ သူ့အဖေကတော့ ကျနော့်သားလေးကို ကြည့်ပေးပါဦးဆိုပြီး အော်သွားသေးတယ်။ သေတဲ့ကောင်လေး အမေနဲ့အဖေကအိမ်ထောင်ကွဲနေတာ” ဟု အဆိုပါရပ်ကွက်နေ မျက်မြင်ကြုံတွေ့ရသူ မမြင့်မြင့်က ပြောသည်။
အဆိုပါနေအိမ်ကို မေလ ၂၆ ရက်နေ့တွင် ထပ်မံရှာဖွေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ချိတ်ပိတ်ထားကြောင်း သိရသည်။
You may also like these stories:
ဆေးခြောက်စိုက်ခင်းအမှု အမေရိကန် ၄ ဦးကို ရဲက ထပ်မံ အလိုရှိ
မယားပါ သမီးကို အဓမ္မ ပြုကျင့်သည့် ပထွေး ထောင်၂၃ နှစ် ချမှတ်ခံရ
ဖမ်းဆီးထားသူမှာ အဓိက သံသယ ရှိသူမဟုတ်ဟု သမ္မတရုံးပြော