ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာသား ၁ ဦး မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရိသည်။
အဆိုပါဖြစ်စဉ်မှာ မေ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ချောင်းတူရွာသားမှာ အသက် ၁၈ နှစ်အရွယ် ကိုကျော်နိုင်စိုး ဖြစ်ပြီး ညီအစ်ကို ဝမ်းကွဲတော်စပ်သူ ၂ ဦးနှင့်အတူ ဝါးခုတ် သွားရာမှ အပြန်လမ်းတွင် မိုင်းထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချောင်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်း က “အိမ်သုံးဖို့အတွက် ဝါးလုံးတွေ သွားခုတ်ကြတာ။ အဲဒီမှာ ပေါက်ကွဲပြီး တော့ နောက်မှာ ပါလာတဲ့ ကျော်နိုင်စိုးကို ထိမှန်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းမြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကိုကျော်နိုင်းစိုးမှာ ခြေထောက်နှစ်ဘက်နှင့် မျက်နှာတို့တွင် ဒဏ်ရာ များ ရရှိခဲ့ပြီး ကျောက်တော်မြို့ပေါ် ဖြူစင်မေတ္တာ လူမှုကူညီအရေးအဖွဲ့မှ လူနာတင် ကားဖြင့် မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
ဖြူစင်မေတ္တာ လူမှုကူညီရေးအဖွဲ့မှ ကိုညီပု က “ရွာသားတွေ အကူအညီတောင်းလို့ မနေ့က ကျနော်တို့ ဆေးရုံကို ပို့လိုက်ပါတယ်။ ဒဏ်ရာကတော့ ခြေထောက်တွေ၊ လက်တွေမှာရတာ ရှိတယ်။ စိုးရိမ်စရာတော့ မရှိဘူးလို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲသည့်မိုင်း၏ လက်သည်ကို မသိရသော်လည်း ဒေသခံများမှာ စိုးရိမ်စိတ်ကြောင်း ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ပင် မသွားရဲဘဲ ဖြစ်နေကြသည်ဟု သိရသည်။
မိုင်းပေါက်ကွဲသည့် ရွာ၏ အနောက်ဘက်ရှိ တောင်တန်းသည် ချောင်းတူ ကျေးရွာနှင့် ၁ မိုင်ကျော် ကွာဝေးပြီး ယင်းဒေသတွင် ပြီးခဲ့သည့် မတ်လ အတွင်းက မြန်မာ့တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း လည်း သိရသည်။
မေလ ၂၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ငှက်ပျောချောင်းကျေးရွာသား ၂ ဦး ဖြစ်သည့် ကိုနိုင်ဇော်ဦးနှင့် ကိုမောင်ပုတို့ မှာ အိမ်ဆောက်ရန် တိုင်လုံးများ သွားသယ်ယူရာတွင် မိုင်းနင်းမိ၍ ဒဏ်ရာများ ရရှိခဲ့သဖြင့် လက်ရှိ အချိန်အထိ ကျောက်တော် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရလျှက်ရှိသည်။
မေလ ၈ ရက်နေ့ကလည်း အဆိုပါ ကျောက်တော်မြို့နယ် ခမောင်းကျေးရွာတွင် နေထိုင်သည့် ကို ပန်းအောင်ချေ (၃၄) နှစ်မှာ ရွာ၏ အနောက်ဘက် တန်းတောင်းသို့ ဝါးခုတ်ရန် သွားရောက်စဉ် မိုင်းနင်းမိ၍ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။
You may also like these stories:
မောင်တောမြို့နယ်တွင် လက်နက်ကြီးကျ အရပ်သား ၂ ဦး ဒဏ်ရာရ
မြောက်ဦး ဝေသာလီရွာအနီး တိုက်ပွဲ အတွင်း ရွာသား ၂ ဦး ဖမ်းဆီးခံရ
ကျောက်တန်းရွာ ဖြစ်စဉ်က ၂ ဦး လွတ်ပြီးမှ ပြန်အဖမ်းခံထားရ
ကျောက်တော် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ