မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တောင်သူများ ယခုနှစ် မိုးရာသီ စိုက်ပျိုးမှု ကဏ္ဍ အတွက် စိုက်ပျိုး စရိတ် ချေးငွေ ကျပ် သိန်းပေါင်း တသိန်းကျော် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်က“စိုက်စရိတ် ထုတ်ချေး ပေးတာမှာ မူဝါဒတွေ ပြင်ပေးထားတဲ့ အတွက် ဒီနှစ်မှာ ပိုပြီး ပေးရမယ်လို့တော့ သိထားပါတယ်။ ချေးငွေကို စိုက်/ဘဏ် တွေကနေ တိုက်ရိုက်ပေးတာပါ။ အစုအဖွဲ့လေးတွေ ဖွဲ့ခိုင်းပြီးတော့ တောင်သူ ကိုယ်စားလှယ်ကနေ ဦးဆောင် ထုတ်ချေး ပေးတာပါ။ လယ်သမား တဦးကို ၁၀ ဧက အထိ ထုတ်ချေးပေးသွားမှာပါ”ဟု ပြောသည်။
မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ အဖြစ် သတ်မှတ်ထားသော သီးနှံများမှာ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ ဂုန် လျှော်၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးစရိတ် အတွက် အဓိကထား ထုတ်ချေးပေးခြင်း ဖြစ်ပြီး စပါးသီးနှံ အတွက် တဧကလျှင် ကျပ် တသိန်းခွဲ၊ အခြားသီးနှံများ အတွက် တဧကလျှင် ကျပ် တသိန်းနှုန်း ထုတ်ချေးပေးသွားမည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စိုက်ပျိုး ချေးငွေများကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် (မန္တလေး)က ထုတ်ချေးပေးသွားမည် ဖြစ်ကာ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ ကျပ် သိန်းပေါင်း တသိန်းကျော် (ကျပ် ၁၀၈၆၂၈ ဒသမ ၆၀ သန်း) အထိ ထုတ်ချေးသွားမည် ဖြစ်ပြီး ချေးငွေ ရယူလိုသူများ အနေဖြင့် ချေးငွေ အဆိုပြုလွှာများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ အုပ်စု အလိုက် ချေးငွေ စိစစ်ရေး အဖွဲ့များ၊ သက်ဆိုင်ရာ မြို့နယ် ဘဏ်ခွဲများ ထံသို့ တင်ပြ လျှောက်ထားရမည်ဟု သိရသည်။
မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် (မန္တလေး) တာဝန်ရှိသူ တဦးက“အရင်က လယ်တဧက ကျပ် ၁ သိန်း၊ ယာ တဧက ၁ သောင်း ဆိုပြီး ထုတ်ချေးခဲ့တာပါ။ အဲဒီတုန်းက ချေးတယ် ဆိုတာတောင်မှ စပါး စိုက်တောင်သူတွေကိုပဲ အဓိက ထားခဲ့တာ ပေါ့။ လက်ရှိမှာ အခြားသီးနှံ အတွက်ပါ တဧကကို တသိန်းကျပ် အထိ တိုးမြှင့်ပေးဖို့ အတွက်ကြောင့် ဒီနှစ်မှာ ပိုပြီး ပေးရ မယ်လို့ တွက်ချက်ထားတော့ ချေးငွေ ပိုမို ပေးရပါတယ်။ အခုဆိုရင် သတ်မှတ်ချက်နဲ့ ညီတဲ့သူတွေကို ထုတ်ချေးပေး နေပါ ပြီ”ဟု ပြောသည်။
ယခင် ဘဏ္ဍာနှစ် အတွင်းက နိုင်ငံတဝန်းရှိ တောင်သူများကို မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ တဆင့် ကျပ် ၁၉၈၃ ဘီလီ ယံ ကျော် ထုတ်ချေးပေးခဲ့ပြီး နှစ်စဉ် စိုက်ပျိုးစရိတ် ချေးငွေကို မေလလယ်မှ စတင်၍ ထုတ်ချေးပေးလေ့ ရှိသော်လည်း နေရာ ဒေသ အလိုက် စိုက်စရိတ် ထုတ်ပေးမှု အချိန်မတူကြောင်း၊ ယခုအခါ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်သမား တဦး လျှင် ၁ ဧကမှ ၁၀ ဧက အထိ တဦးလျှင် ကျပ်တသိန်းနှုန်း ထုတ်ချေးပေးနေကြောင်း သိရသည်။
မတ္တရာမြို့နယ်မှ တောင်သူ ဦးကျန်ဝေက“စိုက်ဘဏ်က ချေပေးတဲ့ငွေက တထောင့် တနေရာလောက်ပဲ ဖြည့်စွက်ပေး နိုင် တယ်။ အလုံးစုံတော့ လုပ်မပေးနိုင်ပါဘူး။ ဒီနှစ်ဆိုရင် စိုက်စရိတ်က တဧကကို ငါးသိန်းနီးပါး ရှိလာပြီ။ တဖြည်းဖြည်းနဲ့ မြင့် တက်လာနေတယ်။ ဒါကြောင့် ဒီလို အတိုးနှုန်းမျိုးနဲ့ ကာလတို ချေးငွေပုံစံမျိုး လုပ်ပေးစေချင်ပါတယ်။ ဒါမှတောင်သူတွေ စိုက်စရိတ် အတွက် အတိုးကြီးကြီးနဲ့ ချေးရတာတွေ လျော့သွားမှာပါ”ဟု ပြောသည်။
ယခုနှစ် အတွက် စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ပေးရာတွင် ယခင်နှစ် ငွေအကြေ ပေးဆပ်ထားခြင်း မရှိသော တောင်သူ များကို ချေးငွေ ထုတ်ပေးသွားမည် မဟုတ်ဘဲ အကြေ ပေးဆပ်ပြီးမှသာလျှင် စိုက်စရိတ်များကို ပြန်လည် ထုတ်ပေး သွားမည် ဟု သိရသည်။
အဆိုပါ မိုးရာသီ စိုက်ပျိုး စရိတ် ချေးငွေကို ယခုလမှ စတင်ကာ စက်တင်ဘာလကုန် အထိ ထုတ်ပေးသွားမည် ဖြစ်ပြီး အတိုး နှုန်းမှာ ၈ ရာခိုင်နှုန်း ဖြစ်ကာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက် နောက်ဆုံးထား ပြန်လည် ပေးသွင်းရမည်ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
ချေးငွေပေးရာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) မူရင်းကို ဘဏ်တွင် အပေါင်အဖြစ် ထားရှိပြီး တောင်သူ တဦးချင်း အာမခံသည့် စနစ်ဖြင့် ထုတ်ချေးပေးမည် ဖြစ်သည်။
မန္တလေးတိုင်း ဒေသကြီး အတွင်း ချေးငွေထုတ်ပေးမှု အနေဖြင့် မေလ ၆ ရက်တွင် ကျေးရွာအုပ်စု ၃၂ အုပ်စုမှ တောင်သူ ၁၅၂၅ ဦးအတွက် စပါးစိုက်ဧက ၂၀၀၀ ကျော်၊ အခြားသီးနှံ ဧက ၅၀၀၀ ကျော် အတွက် ငွေကျပ်သန်း ခုနှစ်ထောင်ကျော် ထုတ်ချေးပေးထားပြီးဟု မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် (မန္တလေး)၏ တာဝန်ရှိသူက ပြောဆိုသည်။
ယခုနှစ် အတွင်း၌ တောင်သူများအား စိုက်စရိတ် ချေးငွေ ချထားပေးပြီးနောက် ရေကြီးနစ်မြုပ်မှုနှင့် အခြားဘေးအန္တရာယ် များ ဖြစ်ပေါ်ခဲ့ပါက ချေးငွေများ အချိန်မီ ပြန်လည် မဆပ်နိုင်ကြောင်း ဝန်ကြီးဌာနသို့ တင်ပြလျှင် အချိန် အနည်းငယ် ရွှေ့ ဆိုင်းပေးမည်ဟု ကြေညာချက် ထုတ်ပြန်ပေးထားကြောင်း သိရသည်။
You May Also Like These Stories:
ငါန်းဇွန်က ဆေးခြောက် စိုက်သူများကို ဖမ်းဆီး
မန္တလေး မဟာမုနိတွင် နိုင်ငံခြားသားများကို ဝင်ကြေး ကောက်ခံမည်
FDA ညွှန်ချုပ်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် စွဲချက်တင်
လွှတ်တော် အမတ် လုပ်ပိုင်ခွင့် မကန့်သတ်ရန် ကြံ့ခိုင်ရေး ပြော