ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦးကို စစ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသော်လည်း ယခုအခါ ၎င်းတို့ အားလုံးမှာ အကျဉ်းထောင်ထဲတွင် မရှိတော့ကြောင်း သိရသည်။
ယင်းသတင်းကို ရိုက်တာ Reuters သတင်းဌာနက ဦးစွာ ရေးသား ထုတ်ပြန်ခဲ့ပြီး ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ထိုကိစ္စနှင့် ပတ်သက်ပြီး မသိရှိကြောင်း ပြောဆိုကြသည်။
မွတ်စလင် ၁၀ဦး ကို သတ်ဖြတ်မှုဖြင့် ထောင် ၁၀ နှစ် ချမှတ်ခံထားရသည့် တပ်မတော်သား ၇ ဦးကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ထောင်အရာရှိ ၂ ဦး၊ သူတို့ကို ထောင်ထဲတွင် ကြုံခဲ့သူ ၂ ဦးနှင့် ထို တပ်မတော်သား ၇ ဦးထဲမှ ဇင်ပိုင်စိုးဟု ခေါ်သော တယောက်က ၎င်းတို့ သတင်းဌာနကို ပြောကြောင်း ရိုက်တာက ယနေ့ ရေးသား ဖော်ပြခဲ့သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနများ၏ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များက ဝိုင်း မေးခွန်း ထုတ်ကြသောအခါ ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဦးမြင့်စိုးက “အင်းဒင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်သား ၇ ဦးကို လွှတ်ပေးတဲ့ကိစ္စမှာ ကျနော်တို့ အကျဉ်းထောင်မှာ တပ်မတော်သား ၇ ဦးနဲ့ ပတ်သက်ပြီးတော့ အင်းဒင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထိန်းသိမ်းထားတာ မရှိပါဘူးခင်ဗျ”ဟု ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ကာကွယ်ရေး ဝန်ကြီးဌာနမှ တပ်မတော် တာဝန်ရှိသူများကလည်း တပ်မတော်သားများ ထောင်ထဲတွင် ရှိ၊ မရှိကို ၎င်းတို့ မသိကြောင်း သတင်းထောက်များကို ပြောသည်။
ကာကွယ်ရေး ဝန်ကြီးဌာန၊ အမြဲတန်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက“အင်းဒင်ကိစ္စကတော့ ကျနေ်ာတို့လည်း မသိသေးပါဘူး။ ခုနက သတင်းထောက်ကြီးမေးမှ ကျနော်လည်း သိတာပါ။ ဒါနဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက အမြဲတန်း အတွင်းဝန် ဦးခိုင်ထွန်းဦးလည်း ဖြေပြီးတော့ အကျဉ်းဦးစီးဌာနကလည်း ဖြေကြားပြီး ဖြစ်ပါတယ်။ ကျနော်တို့လည်း မသိသေးပါ ဘူး”ဟု ပြောသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အင်းဒင်ကျေးရွာ၊ ပဲရုံသုဿန်တွင် ဘင်္ဂါလီ ၁၀ ဦးကို အင်းဒင်ရွာခံတချို့ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်း သုတ်သင်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ပါဝင်သူများကို အရေးယူသွားမည်ဟု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက် နေ့တွင် တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်မှူးကြီး အောင်ခင်သိန်းကမူ ၎င်းတို့၏ စစ်တရားရုံးမှ အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦးကို လူသတ်မှုတွင် ပူးပေါင်း ပါဝင်မှု အတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ပြီး ၎င်းတို့အားလုံးကို သက်ဆိုင်ရာ နယ်ဘက် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။
“ခုနက သတင်းထောက်ကြီး ပြောတဲ့ ပြင်ပမှာ လွတ်ပြီဆိုတာကတော့ ကျနော်တို့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ တရားရုံးရဲ့ သဘောအရ နယ်ဘက် တရားရုံးတွေ မှာဆိုရင် မြို့နယ်ကနေ တိုင်း၊ အထက်ရုံး အဆင့်ဆင့်ကို အယူခံဝင်ခွင့် ရှိသလိုပဲ ကျနော်တို့ စစ်ဘက် တရားရုံးမှာလည်း သူက စစ်ဘက် တရားရုံးတခုခုက ပြစ်ဒဏ် စီရင်ခြင်း ခံရလို့ရှိရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကို ထောင်ရောက်သွားတဲ့အခါမှာ အသနားခံစာ တင်ခွင့် ရှိပါတယ်”ဟု ဗိုလ်မှူးကြီး အောင်ခင်သိန်းက ရှင်းပြသည်။
“အဲလို တင်ပြီးတဲ့အခါမှာ ဒီမှာ လျော့ပေးခြင်း မရှိလို့ ရှိရင်လည်းပဲ နောက်ထပ် စစ်ဘက် အယူခံ တရားရုံးဆိုတာ ရှိပါသေးတယ်။ ပြစ်ဒဏ်ချခံသွားရတဲ့ အရာရှိ စစ်သည်တွေ လွတ်ခြင်း၊ မလွတ်ခြင်းကိုတော့ ခုနကပဲ အတွင်းဝန်ကြီး ပြောသလို ပြည်ထဲရေး ဝန်ကြီးဌာနက ပြောသလိုပါပဲ။ အတည်ပြုနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားလိုပါတယ်”ဟု ပြောသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၊ ခေတ္တ အမြဲတန်း အတွင်းဝန် ဦးခိုင်ထွန်းဦးက ယင်း ၇ ဦးသည် သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်တွင်လည်း ပါသွားနိုင်ပြီး ရိုက်တာသတင်းဌာန၏ ရေးသားချက်နှင့် ပတ်သက်၍ စိစစ်ရမည်မှာ အကျဉ်းဦးစီးဌာနက ဖြစ်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနက စိစစ်ချက် အားလုံးကို သမ္မတထံသို့ တင်ပြရကြောင်း ပြောသည်။
ထို့ကြောင့် ယင်းတပ်မတော်သား ၇ ဦး မည်သည့်နေရာတွင် ရောက်နေသလဲ ဆိုသည်ကို ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးက အတည်ပြုပေးနိုင်ခြင်း မရှိကြောင်း တွေ့ ရသည်။
ဧရာဝတီက ယခု ကိစ္စကို ထပ်မံ အတည်ပြုနိုင်ရန် အစိုးရဘက်မှ သမ္မတရုံး ဝန်ကြီးဌာန တာဝန်ရှိသူတဦးထံသို့ ဆက်သွယ်ခဲ့ရာ လောလောဆယ်တွင် မှတ်ချက် မပေးလိုသေးဘဲ သတင်းစာ ရှင်းလင်းပွဲများတွင် ဖြေကြားပေးမည်ဟု အကြောင်းပြန်ခဲ့သည်။
ယင်း တပ်မတော်သား ၇ ဦးနှင့်အတူ အမှုတွဲ ဖြစ်သည် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အင်းဒင်ရွာသား ၆ ဦး တို့မှာလည်း ထောင်ထဲတွင် ရှိ၊ မရှိ မရှင်းလင်းပေးပါ။
အင်းဒင်ကျေးရွာ လူသတ်မှုကို ဖော်ထုတ်ခဲ့သည့် ရိုက်တာ သတင်းထောက် ၂ ဦး သည် အစိုးရက ဖမ်းဆီးခဲ့ပြီး တရားရုံးက ထောင် ဒဏ် ၇ နှစ် အပြစ်ပေးခဲ့သော်လည်း ၎င်းတို့ ၂ ဦးလုံးသည် ထောင်ထဲတွင် ၁၆ လခန့် နေခဲ့ရပြီး ပြီးခဲ့သည့် မေလ ၇ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ARSA အကြမ်းဖက်မှု စုံစမ်းရေး ဥပဒေအကြံပေးအဖွဲ့ တပ်မတော်ဖွဲ့စည်း
ရခိုင်တွင် ထိန်းသိမ်းခံရသူ ၆ ဦး သေဆုံးမှု ဥပဒေနှင့်အညီ စစ်ဆေးမည်ဟု ကာကွယ်ရေး ဝန်ကြီး ပြော
ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ စစ်ခုံရုံး ဖွဲ့ စစ်မည်
တပ်မတော်အရာရှိကို မော်လမြိုင်တရားရုံးမှ ထောင် ၁၀ နှစ်ချမှတ်