မကွေးတိုင်းအတွင်း စစ်ပစ်ကွင်းအဖြစ် တပ်မတော်က သိမ်းယူထားသည့် မြေယာများနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၏ ဝေဖန်ပြောဆိုချက်များသည် တပ်မတော်နှင့် ပြည်သူလူထုကို ရန်တိုက်ပေးခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောသည်။
ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က “အဲလိုပြောတဲ့ ပြောဆိုမှုက ပြန်ကြည့်လိုက်မယ်ဆိုရင် တပ်မတော်နဲ့ ပြည်သူလူထုကို ရန်တိုက်ပေးသလို ဖြစ်နေတယ် ဆိုတာကို ပထမအချက် အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာနက တပ် မတော်မှ မြေသိမ်းယူမှုများကို မည်ကဲ့သို့ ဖြေရှင်းပေးမည် ဆိုသည့်အကြောင်း မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ပြုလုပ်သည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ တနှစ်တာ လုပ်ငန်း ဆောင်ရွက်ချက် သ တင်းစာ ရှင်းလင်းပွဲတွင် မကွေးတိုင်း ဝန်ကြီးချုပ်က တပ်မတော်မှ သိမ်းယူထားသော ပုသိမ်-မုံရွာလမ်းနှင့် မင်းဘူး-အမ်း လမ်းဆုံ အနီးရှိ မြေများကို ကာကွယ်ရေးဝန်ကြီးထံမှ ပြန်တောင်းသော်လည်း မရကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က “တပ်က ဝန်ကြီးမှာ ကျနော်တို့ ခန့်သည့် ဝန်ကြီး မဟုတ်ကြောင်း၊ တပ်မတော်ဝန်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားခြင်း ဖြစ်ကြောင်း၊ ပြည်သူက ရွေးချယ်ခန့်ထားသည့် ဝန်ကြီးဆိုလျှင် မောင်မင်းကြီးသား ကြွခဲ့ပါဦး၊ ဒီမှာ ဒီလို ဖြစ်နေတယ်၊ တကယ် သုံးတာ မဟုတ်လျှင် ပြန်ပေးသင့်လျှင် ပြန်ပေးရမယ်” ဟု ပြောဆိုခဲ့သည်။
မကွေး ဝန်ကြီးချုပ် တင်ပြသည့် အစည်းအဝေးမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ ပြည်ထဲရေး ဝန်ကြီးဌာနတွင် ကျင်းပ ပြုလုပ်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ၏ စတုတ္ထ အကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ဖြစ်ပြီး ယင်း အစည်းအဝေးသို့ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းလည်း တက်ရောက်သည်။
ဒေါက်တာ အောင်မိုးညို က “သိမ်းသည့်တပ်က မင်းဘူးမှာ သိမ်းသည့်မြေက ပွင့်ဖြူမှာ တနေရာ၊ အဲလိုဖြစ်နေတဲ့အတွက် ပြန် ပေးပါလို့ ဗဟိုအဆင့် နေပြည်တော် အစည်းအဝေးတွင် ကျနော် တောင်းဆိုကြောင်း၊ ကျနော် ပြောတဲ့အတိုင်း ကျန်တဲ့ ဝန်ကြီးချုပ် တွေ အကုန်လုံးက ထောက်ခံကြောင်း”ဟု ပြောဆိုသည်။
ယင်းနေရာတွင် ကျူးများလည်း ရှိသလို တပ်မှ လည်း သိမ်းထားကြောင်း၊ တပ်မတော်ကို တောင်းရာ တပ်မတော်မှ မပေးနိုင် ကြောင်း၊ အရှေ့တောင်အာရှမှာ အကျယ်ဆုံး စစ်ပစ်ကွင်း၊ စံချိန်တင် စက်ပစ်ကွင်းဖြစ်သောကြောင့် မစွန့်လွှတ်နိုင်ကြောင်း ဒေါက် တာ အောင်မိုးညိုက ပြောဆိုခဲ့သည်။
မကွေးဝန်ကြီးချုပ်၏ ပြောဆိုချက်ကို ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က “အဲဒီလယ်က ထွက်တာလေးနဲ့ တပ်ကို ထောက်ပံ့နေရကြောင်း၊ အဲလို မထောက်ဘဲ မူလ ပိုင်ရှင်ထံ ပြန်ပေးရမယ်၊ တပ်ကိုထောက်ပံ့တာ ဝယ်ပေးရမယ်ဆိုလျှင် ငွေကြေးေ ဖာင်းပွမှု ဖြစ်ပါတယ်” ဟု ပြန်လည် ရှင်းပြခဲ့ကြောင်း သိရသည်။
တပ်မတော်သည် ကြီးမားသည့် ဝန်ထမ်း အဖွဲ့ အစည်းကြီးတခု ဖြစ်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအောက် ရဲတပ်ဖွဲ့ကို အစိုး ရက တရက် ၁၈၀၀ ကျပ် သုံးခွင့်ပေးကြောင်း၊ မိမိတို့၏ တနေ့ ရိက္ခာ ခွင့်ပြုငွေမှာ ရိက္ခာစို၊ ရိက္ခာခြောက်အပါအဝင် ၁၃၀၀ ကျပ်ပဲ ရရှိကြောင်း၊ ထိုငွေဖြင့် စစ်သည်များအတွက် လိုအပ်သော အဟာရပြည့်ဝစေရေး အတွက် သတ်မှတ် ကယ်လိုရီ အတိုင်းဖြစ်ရန် မလုံလောက်ကြောင်း ကာကွယ်ရေး ဝန်ကြီးက ပြန်လည် ရှင်းပြခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ်တဦး အကြံပြုသကဲ့သို့ စိုက်ပျိုးမွေးမြူရေး မလုပ်ဘဲ မြေများ စွန့်လွှတ်ပြီး လိုအပ်သည့် ဘက်ဂျက်ကို ထပ် တောင်းရမှာ မဖြစ်နိုင်သေးပါကြောင်း၊ ရောင်းလိုအား မရှိဘဲ ဝယ်လိုအား မြင့်တက်လာပါက ကုန်ဈေးနှုန်း ပိုမိုမြင့်တက်စေမည် ဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းသည် အကျမရှိ၊ အတက်သာ ရှိပါကြောင်း၊ ၁၈၀၀ ကျပ် အစိုးရဆီ တောင်းပါက ၇၂ ဘီလီယံ ပို ကုန်မည်ဟု တပ်မတော်က ရှင်းပြခဲ့သည်ဟု သိရသည်။
ထို့ကြောင့် တပ်ရင်း၊ တပ်ဖွဲ့ဝင် စိုက်ပျိုးရေး လုပ်ငန်းများသည် မိမိစစ်သည်များအား အဟာရ ပြည့်ဝစွာ ကျွေးမွေးနိုင်ကြောင်း၊ တပ်ဖွဲ့ ဝင် မိသားစုများအား လုံလောက်စွာ ကျွေးမွေးနိုင်ပါကြောင်း၊ အစဉ်တိုးမြင့်လျက်ရှိသည့် ကုန်ဈေးနှုန်းအား အတိုင်း အတာတခုအထိ ထိန်းသိမ်းပေးနိုင်ကြောင်း၊ ယခုလောလောဆယ်တော့ ခွင့်လွှတ်ပေးပါရန်၊ မေတ္တာရပ်ခံလိုပါကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။
ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က “ဒါကြောင့် မကွေးတိုင်း ဝန်ကြီးချုပ်၏ ပြောကြားချက်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် အစိုးရကနေပြီး ချမှတ်ထားတဲ့ အမျိုးသား ရင်ကြားစေ့ရေး မူဝါဒနဲ့ ကွဲလွဲလျက်ရှိပြီးတော့ မိမိတို့ ကာကွယ်ရေးဝန်ကြီးဌာနက အကျိုးသင့် အကြောင်းသင့် ကျနော်တို့ ရှင်းလင်း ပြတာကို မျက်ကွယ်ပြုပြီးတော့ တပ်မတော်ကို တဖက်သတ် ပြစ်ပြောနေတဲ့ပုံစံ ဖြစ်နေပါတယ်” ဟု ပြောသည်။
ဧရာဝတီ သတင်းဌာနက မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုထံသို့ အကြိမ် ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိသဖြင့် ဝန်ကြီးချုပ်၏ တုန့်ပြန်ချက်ကို ဖော်ပြနိုင်ခြင်း မရှိပါ။
တပ်မတော်က၂၀၁၃ ခုနှစ်မှ စ၍ မြေများကို ပြန်လည် စွန့်လွှတ်ခဲ့ရာ ယနေ့အချိန်အထိ မြေဧကပေါင်း၂၇၅၆၁၀ ဒသမ ၉၂ ဧက ရှိကြောင်း၊ တပ်မတော်သည် မြေသိမ်းစဉ်ကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မြေစွန့်ရာတွင်လည်း ဥပဒေနှင့်အညီ ဆောင် ရွက်လျက် ရှိကြောင်း၊ မြေစွန့်လွှတ်ပေးရန် တောင်သူများက တင်ပြတောင်းဆိုသည့်အပေါ် စနစ်တကျ စိစစ်ပြီး ပြန်လည် စွန့်လွှတ် ပေးမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့ ပြောဆိုခဲ့သည်။
You may also like these stories:
နာမည်၊ လိပ်စာမပါသည့် ပစ်စာတိုင်စာများဖြင့် အရေးယူမှုမလုပ်ရန် ဆရာများ ဆန္ဒပြ
ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ
မွန်ဝန်ကြီးချုပ်က လွှတ်တော် ဒု ဥက္ကဋ္ဌအား သတိပေးသည့် စာ ပြန်ရုပ်သွား ဟုဆို
တပ်အရာရှိဟောင်းများ ဦးဆောင်နေသည့် ထွေ/အုပ် ပြုပြင်ပြောင်းလဲရေး အချိန်ယူရဦးမည်