တောင်ဒဂုံဆူပူမှုဖြစ်စဉ်တွင် ဦးဆောင်ခဲ့သူ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးမှာ ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင်အဖွဲ့အစည်းတခုထံ တိမ်းရှောင်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောသည်။
နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ မေလ ၂၇ ရက်က ပြုလုပ်သော အစိုးရ၏ တတိယ တနှစ်တာ ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်း က “မိုက်ကယ်ကျော်မြင့်က အရင်တုန်းကတော့ လက်ရှိ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့အစည်းရဲ့ စီးပွားရေး တာဝန်ခံ ဖြစ်တဲ့အတွက်ကြောင့် မိုက်ကယ်ကျော်မြင့်ရော သီဟမျိုးနိုင်ရော နှစ်ယောက်က အဲဒီအဖွဲ့ထဲမှာ တိမ်းရှောင်နေကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ပြောသည်။
မေလ ၁၅ ရက်ညပိုင်းက မိုက်ကယ်ကျော်မြင့်၊ သီဟမျိုးနိုင်တို့ ဦးဆောင်ကာ အင်အား ၂၀၀ ခန့်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ နေအိမ်တခုတွင် ဘာသာရေး အဆောက်အဦ ပြုလုပ်နေသည်ဟု ဆိုကာ ချိတ်ပိတ်ပေးရန် ဖိအားပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ ဆိုသည်။
ထို့အတွက် ၎င်းတို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူပေးရန် မေလ ၁၆ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက တိုင်ကြားခဲ့ပြီး ယင်းနေ့တွင်ပင် ဖမ်းဝရမ်း ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဒုရဲချုပ်က “ဝရမ်းမရခင် ကတည်းကပဲ ရဲတပ်ဖွဲ့က သူနေထိုင်တဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ညှိပြီး ချိတ်ဆက် စောင့်ဆိုင်းပြီး ဝရမ်းရတာနဲ့ တပြိုက်နက် သွားဖမ်းပါတယ်။ ဝရမ်းပေးထားတဲ့ အိမ်က ဒဂုံမြောက် ၄၂ ရပ်ကွက် ပီမိုးနင်းလမ်းက သူ့အိမ်ဖြစ်ပါတယ်။ သွားဖမ်းတဲ့အခါ တိမ်းရှောင်နေပါတယ်” ဟု ဆိုသည်။
ထို့နောက် မိုက်ကယ်ကျော်မြင့်စီးသည့် ကားနံပါတ်ဖြင့် လိုက်လံစုံစမ်းရာ ၁၇ ရက်ညက ရန်ကုန်မန္တလေး လမ်းဟောင်း တိုးဂိတ်တွင် ဖြတ်သွားသည်ဆို၍ ဆက်လက် စုံစမ်းသည့်အခါ ယင်းကားကို ၁၉ ရက်နေ့ မနက်၌ ကျောက်စိမ်းစေတီ၏ ကားပါကင်တွင် တွေ့ရှိသော်လည်း မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင် တို့ကို မတွေ့ဘဲ ၎င်းတို့နှင့် ပတ်သက်သည့် အမျိုးသမီးတဦးကိုသာ တွေ့ခဲ့ရကြောင်း ရဲချုပ်က လိုက်လံရှာဖွေပုံကို ဆက်လက် ရှင်းပြသည်။
ဒုရဲချုပ် က “သူနဲ့ပတ်သက်တဲ့ အမျိုးသမီးတယောက်ရဲ့ ညီမကိုဘဲ တွေ့လို့ မိုက်ကယ်ကျော်မြင့်နဲ့ အဖွဲ့ကို မတွေ့လိုက်ပါဘူး။ မတွေ့တဲ့အခါ မိုက်ကယ်ကျော်မြင့်ကို ဖမ်းမိရေး ချိတ်ဆက်တဲ့အခါ သုံးသပ်ချက် အရ မိုက်ကယ်ကျော်မြင့်က ပဲခူးမှာ ကားပြောင်းပြီးတော့ ခရီးသည်တင်ကားနဲ့ လိုက်သွား တယ်လို့ သုံးသပ်ရပါတယ်”ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်ထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း စက်ပိတ်ထားသည်။
အဆိုပါ ဆူပူမှုဖြစ်စဉ်ကို အချိန်မီမတားဆီးနိုင်ပါက တဖြည်းဖြည်း ပိုမိုရှုပ်ထွေးကာ လူမျိုးရေး ဘာသာရေး ဆူပူမှုများ၊ ပဋိပက္ခများ ဖြစ်လာနိုင်၍ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ရန်မှာ အရေးကြီးကြောင်း တောင်ဒဂုံ မြို့နယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောသည်။
ဦးသိန်းနိုင်က “ဖမ်းဆီး အရေးယူနိုင်တယ်ဆိုရင် ဒါမျိုးတွေ နောက်လုပ်ဖို့ ခက်ခဲသွားမှာပေါ့။ ဖမ်းမိဖို့က တော်တော် အရေးကြီးပါတယ်” ဟု ဆိုသည်။
မေလ ၁၅ ရက်နေ့ ညနေက သံဃာငါးပါးနှင့် အတူ မိုက်ကယ်ကျော်မြင့်၊ သီဟမျိုးနိုင်တို့ ဦးဆောင်သည့် လူ ၅၀ ခန့်က လောက်ကနေ ဘာသာရေး ဝတ်ပြုရန်ခွင့်ပြုထားတဲ့ နေအိမ်များကို ကြည့်ရှုလိုသည်ဟု ဆို၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ည ၁၁ နာရီခန့်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ ဦးဆောင်သည့် လူ ၂၀၀ ခန့် ရောက်လာကာ ဝတ်ပြုထားသည့်အိမ်မှာ ဗလီပုံစံဖြစ်နေ၍ု ချိပ်ပိတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အခင်းဖြစ်စဉ်ကို ရှင်းလင်းခဲ့သည်။
ဆက်စပ်ဖတ်ရှူရန် – မျိုးချစ်ဆိုသူများ ဖိအားပေး၍ အစ္စလာမ် ယာယီဝတ်ပြုနေရာ ၃ ခုပိတ်ပေးရ
အစ္စလာမ် ယာယီဝတ်ပြုနေရာ ၃ ခုအား ပိတ်ရန် ဖိအားပေးသည့် အဖွဲ့မှ ဦးဆောင်သူ ၂ ဦးကို အမှုဖွင့်