သတင်း

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို တပ်မတော်တွင် အကြံပေး အရာရှိ ပြန်ခန့်

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးရုံး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် စစ်မှုထမ်း အသက်ပြည့်ပြီ ဖြစ်သော်လည်း ၎င်း ၏ နည်းပညာ ကျွမ်းကျင်မှုကြောင့် တပ်မတော်တွင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အကြံပေး အရာရှိအဖြစ် ဆက်လက် ခန့် ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် တပ်မတော် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတချို့မှ လက်နက်များ ပြင်ပသို့ ရောင်းစားခံရမှုတွင် တာ ဝန်ရှိသူဟုဆိုကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ရာထူးမှ ဖယ်ရှားခံရသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေမှုအပေါ် တပ်မတော် မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရာထူးက မဖယ်ရှားပါဘူး။ ဗိုလ်ချုပ်ကြီးက အသက်ပြည့်တာ ကြာပါပြီ။ သို့သော် သူရဲ့ နည်းပညာနဲ့ ပညာကြောင့်မို့ ကျနော်တို့က ဆက်ပြီးတော့ တပ်မတော်မှာ ဆောင်ရွက်နေတာ ဖြစ်တယ်၊၊ အခုချိန်မှာ သူက ကျနော် ပြောနိုင်တာ ပြောရရင် တပ်မတော်ရဲ့ စစ် လက်နက်ပစ္စည်း ထုတ်လုပ်ရေး အကြံပေး အရာရှိအဖြစ်နဲ့ပဲ တည်ရှိပါတယ်” ဟု မေ ၂၇ ရက်နေ့က နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။

ထို့ကြောင့် ယခုအခါ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် မဟုတ်တော့ကြောင်း၊ ၎င်း၏ စစ်မှုထမ်းသက် ပင်စင်ပြည့်နေသည်မှာ ၂ နှစ်၊ ၃ နှစ်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ တပ်မတော်တွင် ပညာရှင် အဖြစ် ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူက ပညာရှင် ဖြစ်ပါတယ်။ ပါရဂူ ပညာရှင်တွေရဲ့ စစ်မှုထမ်းသက်ဟာ ကျန်တဲ့သူတွေထက် ပိုတယ်၊၊ ၃၊ ၄ နှစ်ပေါ့။ ဒါမှမဟုတ် နိုင်ငံတော်က သူ့ကို အလိုရှိတယ်ဆိုလို့ ရှိရင် တပ်မတော်က သူရဲ့ ပညာရပ်နဲ့ ပက်သက်ပြီး အလိုရှိတယ်ဆိုရင် သူက ဆက်လက်ပြီး တိုးမြှင့်သွားလို့ ရပါတယ်”ဟု ပြောသည်။

တပ်မတော် စက်လက်နက် ပစ္စည်းများ ပြင်ပသို့ ရောင်းစားမှုများနှင့် ပတ်သက်၍ တပ်မတော်မှ အရေးယူပြီး ဖြစ်သော်လည်း ထုတ်ဖော် ပြောကြားရန် မရှိကြောင်း၊ အရေးယူမှုများမှာလည်း ကြီးကြီးမားမား မဟုတ်ကြောင်း တပ်မတော် တာဝန်ရှိသူများထံမှ သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် မြောက်ကိုရီးယားနိုင်ငံမှ စက်သုံးပစ္စည်းများ မဝယ်ယူရန် ကန့်သတ်ထားသည့် ကုလသမဂ္ဂ၏ တားမြစ်ချက်များကို ချိုးဖောက်သည်ဟုဆိုကာ ၂၀၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ဘဏ္ဍာရေး ဝန်ကြီးဌာနက ၎င်းကို ပိတ်ဆို့ အရေးယူခဲ့သည်။

၎င်းသည် တပ်မတော် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးရုံးကိုယ်စား မြောက်ကိုရီးယားနိုင်ငံမှ မြန်မာ့တပ်မတော်အတွက် စက်လက်နက်များ ဝယ်ယူခဲ့သည်ဟု အမေရိကန် ပြည်ထောင်စုက ထိုစဉ်က ကြေညာခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဆင်းတဦး ဖြစ်ပြီး တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း အမှတ် ၅၈ သို့ တက်ရောက်ခဲ့ကာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နယ်စပ်ရေးရာ ဝန်ကြီး ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ပစ္စည်း အရာရှိချုပ်အဖြစ် တာဝန်ပေးခံရပြီး တပ်မတော်မှ အားကိုးရသူတဦး ဖြစ် ကြောင်းလည်း တပ်မတော် အသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် တပ်မတော်မှ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် အနောက် မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်တို့ကို နေရာချင်း လဲလှယ်လိုက်ကြောင်းလည်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ထံမှ သိရသည်။

“စစ်ဆင်ရေး လိုအပ်ချက်အရ ဟိုဖက်ဒီဖက်ကို တည့်ချိန်းလိုက်တာပဲ ဖြစ်ပါတယ်။ ကျန်တာ မရှိပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်တိုင်းမှူးများကို မကြာခဏ ပြောင်းလဲ တာဝန်ပေးမှုများ ရှိပြီး တချို့ တိုင်းမှူးများမှာလည်း စစ်ရေး လိုအပ်ချက်နှင့် အဂတိ လိုက်စားမှုများကြောင့် အရေးယူခံရမှုများ ရှိခဲ့ဖူးသည်။

ဆက်စပ်ဖတ်ရှူရန်ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း 

Did you find apk for android? You can find new Free Android Games and apps.
Loading