ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းက ဖမ်းဆီးခံရသော ရွာသား ၁ ဦး ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ပုဂ္ဂိုလ်မှာ အသက် ၄၀ ကျော်အရွယ် မင်းသားတောင် ကျေးရွာနေ ဦးကျော်လှိုင် ဖြစ်ပြီး မေ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကွယ်လွန်သွားခြင်း ဖြစ်ကြောင်းသိရသည်။
၎င်းမသေဆုံးမီ မေလ ၂၁ ရက်နေ့က ရွာအနီး တောင်တန်းသို့ ဝါးခုတ်ရန် သွားရောက်စဉ် တပ်မတော်သားများထံ ဖမ်းဆီး ခြင်း ခံခဲ့ရကြောင်း မင်းသားတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်က ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော် က “သူ အဖမ်းခံရတာက ၂၁ ရက်နေ့က တောင်ကို ဝါးခုတ်ဖို့ သွားတယ်။ အဲဒီနေ့ အတည်းက ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားတာ။ ၂၅ ရက်နေ့မှာ ကျောက်တော် ဆေးရုံမှာ ရောက်နေတယ်လို့ ကျနော်တို့ သတင်းရလို့ မိသားစုကို အကြောင်းကြားပြီး ဆေးရုံကို လိုက် သွားတဲ့ခါ ဒဏ်ရာတွေနဲ့ သတိလစ်နေတယ်။ ရထားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေက များတော့ မနေ့က ဆုံးသွာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသူ ဦးကျော်လှိုင်၏ သမီး မသန်းသန်းဦး ကတော့ မေ ၂၄ ရက်နေ့တွင် ပတ်ဝန်းကျင် ကျေးရွာများထံမှ တပ်မတော် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း သိရှိရပြီး နောက်တနေ့တွင် ကျောက်တော် ဆေးရုံတွင် ရောက်ရှိနေ သည်ဟု သတင်းကြားခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
မသန်းသန်းဦး က “ကျမတို့ ဆေးရုံကို လိုက်သွားတဲ့အခါ အဖေက ဒဏ်ရာတွေနဲ့ သတိလစ် နေတယ်။ စကား မပြောနိုင်ဘူး။ အဲဒီဒဏ်ရာတွေနဲ့ ဆုံးသွားတယ်။ အဖေသေတဲ့ အချိန် ရောက်လာတဲ့ ရဲတွေကို ကျမ မေးကြည့်တော့ သူတို့နဲ့ မဆိုင်ဘူး။ သူတို့ကတော့ တပ်က လွှဲပေးချင်းပဲ တခါတည်း ဆေးရုံကို ပို့ပေးတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆေဆုံးသွားသူ မင်းသားတောင် ရွာသား ဦးကျော်လှိုင်မှာ ဦးခေါင်း၊ ခြေထောက် ၊ လက်၊ မျက်နှာတို့တွင် ဒဏ်ရာ များ ရရှိခဲ့ပြီး မိသားစုဝင်များကတော့ တပ်မတော်က ဖမ်းဆီး စစ်ဆေးစဉ် ညှဉ်းပန်း နှိပ်စက်၍ ရရှိခဲ့သည့် ဒဏ်ရာများကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သေဆုံးသွားသည့် ဦးကျော်လှိုင်၏ ရုပ်အလောင်းအား ကျောက်တော်မြို့ ပြည်သူ့ဆေးရုံတွင် ရင်ခွဲ စစ်ဆေးချက် ယူပြီး ယင်းနေ့မှာပင် မင်းသားတောင်ကျေးရွာ သုဿန်သို့ ယူဆောင်၍ သဂြိုဟ်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ဦးကျော်လှိုင်ကို ဖမ်းဆီးခဲ့သည့် နောက်တနေ့ မေလ ၂၂ ရက်နေ့တွင် မင်းသားတောင် ရွာသား ၂ ဦး တပ်မတော်စစ်ကြောင်းထံ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်တွင် ကျောက်တော်မြို့ ရဲစခန်းတွင် ရောက်ရှိ နေသည်ကို သိရှိရကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်က ပြောသည်။
ကျောက်တော်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် က “ကျနော်တို့ သိရသလောက်က တပ်က သံသယ ရှိတယ်ဆိုပြီး ဖမ်းယူသွားတယ်။ စစ်ဆေး မေးမြန်းမှုတွေ လုပ်တဲ့အခါ ရိုက်နှက် မှုတွေကြောင့် ဒဏ်ရာ ရပြီးတော့ ရဲကို လွှဲပေးတယ်။ ရဲက ဆေးရုံကို ပို့ပေးတဲ့အခါ ဒဏ်ရာတွေက များတော့ သေသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်၌ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲအတွင်း အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပတ်သက်ပြီး သက်သေ အထောက်အ ထားများနှင့် အတူ အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သော ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေး ကော်မတီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထံ တင်ပြသွာမည် ဖြစ်ကြောင်းလည်း ကျောက်တော်မဲဆန္ဒနယ်မှ ဦးမောင်မောင်က ဆက်လက် ပြောကြားသည်။
အဆိုပါ မင်းသားတောင် ကျေးရွာသား ၃ ဦးဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်း ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။
ထို့အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် အား ဆက်သွယ် မေးမြန်းခဲ့ရာတွင်လည်း ၎င်းက ရဲတပ်ဖွဲ့ကိုသာ မေးမြန်းရန် လမ်းညွန်ခဲ့သည်။
ကျောက်တော်မြို့မ စခန်းမှူး ဒုရဲမှူး စိုးလွင်အား ဆက်သွယ်ခဲ့ရာတွင် မေလ ၂၅ ရက်နေ့တွင် တပ်မတော်က ရွာသား ၃ ဦးကို လွှဲပေးလာသည့်အတွက် အကြမ်းဖက် ဥပဒေ ဖြင့် အမှုဖွင့်ထားကြာင်း၊ ရွာသား ၃ ဦး အနက် တဦးမှာ ဒဏ်ရာ ရရှိထားသည့်အတွက် ယင်းနေ့မှာပင် ကျောက်တော်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ် ကြောင်းလည်း ပြောသည်။
ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာသို့ တပ်မတော်က ဝင်ရောက်ပြီး ရွာသား ၂၇ ဦးကို ဖမ်းဆီးခဲ့ရာ စစ်ကြောနေစဉ်ကာလ အတွင်း ရွာသား ၃ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်တွင် ကျန်ရွာသား ၂၄ ဦးကို အကြမ်းဖက်မှု တိုက်ပျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေလျှက် ရှိကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ၂၀၁၈ ခုနှစ် နိုင်ဝင် ဘာလ အတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရာ လက်ရှိအချိန်တွင် ဒေသခံ လူပေါင်း လေးသောင်း ကျော် အထိ စစ်ဘေးဒုက္ခသည်များ အဖြစ် ရောက်ရှိနေရသည်။
You May Also Like These Stories:
အင်းဒင်ရွာ လူသတ်မှုဖြင့် အရေးယူခံရတဲ့ တပ်မတော်သားတွေ ဘယ်ရောက်သွားသလဲ
ကျောက်တော်တွင် မြေမြှုပ်မိုင်းကွဲ၍ အရပ်သား ၁ ဦးထိမှန်
မြောက်ဦး ဝေသာလီရွာအနီး တိုက်ပွဲ အတွင်း ရွာသား ၂ ဦး ဖမ်းဆီးခံရ
ကျောက်တော် လက်နက်ကြီးကျည် ပေါက်ကွဲမှု ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ