အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ် တို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက နေရာပြောင်းလဲ ခန့်အပ် တာဝန်ပေးထားကြောင်း သိရသည်။
ထိုသို့ တိုင်းမှူး ၂ ဦးကို ပြောင်းလဲ တာဝန် ထမ်းဆောင်ခိုင်းရခြင်းမှာ နယ်မြေ ကျွမ်းကျင်မှုနှင့် ယခင်က တာဝန် ထမ်းဆောင်ခဲ့ဖူးသော ဒေသများဖြစ်ခြင်းကြောင့်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့ လိုအပ်ချက်အရ အပြောင်းအလဲလုပ်တာ ဖြစ်ပါတယ်။ ကျနော်တို့က သူ့ရဲ့တာဝန် ထမ်းဆောင်ခဲ့မှုနဲ့ နယ်မြေ ကျွမ်းကျင်မှုအနေနဲ့ပေါ့။ သူတို့ အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးတာ ရှိမယ်၊ နေခဲ့ဖူးတာ ရှိမယ်၊ အဲဒါတွေကို ပြန် ကြည့်ပြီး လုပ်တာပါ” ဟု ပြောသည်။
အဆိုပါ အပြောင်းအလဲတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ ်စိုးတင့်နိုင်အား အနောက်မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်သို့ လည်းကောင်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ် စိုးတင့်နိုင်သည် နပခ တိုင်းမှူး အဖြစ် ၂၀၁၇ ခုနှစ်က စတင်၍ ဗိုလ်ချုပ် မောင်မောင်စိုး အစား ပြောင်းလဲ တာဝန်ယူခဲ့သူ ဖြစ်ပြီး ဗိုလ်ချုပ် ဖုန်းမြတ်မှာမူ နမခ တိုင်းမှူးအဖြစ် ၂၀၁၇ ခုနှစ်က စတင်၍ ဗိုလ်မှူးချုပ် သက်ပုံ (ယခု ဗိုလ်ချုပ် သက်ပုံ) အစား ပြောင်းလဲ တာဝန်ယူခဲ့သူ ဖြစ်သည်။
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အမည်မဖော်လိုသူတဦးက “တိုင်းမှူးက မေလ ၂၆ ရက်က ပြောင်း ရွေ့သွားပါပြီ” ဟု ပြောသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “စစ်တိုင်းမှူး ၂ ယောက် အပြောင်း အလဲကတော့ ဘာမှ ထူးထူးခြားခြား မရှိလောက်ပါဘူး၊ သူတို့ အဆိုအရ နယ်မြေကျွမ်းကျင်တဲ့လူကို ပြန်ပြီးတော့ တာဝန်ပေးတယ်ဆိုတဲ့ သဘောမျိုးပဲပေါ့။ တခြားတော့ မဖြစ်နိုင်ဘူး သူက ဖြုတ်တာမှ မဟုတ်ဘဲနဲ့ ပြောင်းတာကို” ဟု ပြောသည်။
နပခ တိုင်းမှူးနှင့် နမခ တိုင်းမှူး ၂ ဦးသာ အပြောင်းအလဲရှိပြီး ကျန်တိုင်းမှူးများမှာ အပြောင်းအလဲ မရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အတည်ပြုသည်။
လက်ရှိတွင် နပခ စစ်တိုင်း နယ်မြေဖြစ်သော ရခိုင်ပြည်နယ်၌ ရက္ခိုင်စစ်တပ် (AA) နှင့် တပ်မတော်ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ၂၀၁၉ ခုနှစ်၊ မေလအထိ ၆ လကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲရှောင် သုံးသောင်း ကျော်ရှိလာခဲ့သည်။
အလားတူ နမခ စစ်တိုင်း နယ်မြေဖြစ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာလည်း နာဂ အမျိုးသား ဆိုရှယ် လစ်ကောင်စီ-ကပ္ပလန် (NSCN-K) သည် အိန္ဒိယ သူပုန်များဖြစ်သော အာသံ-ကသည်း သူပုန်များကို ခိုအောင်း ခွင့်ပြုခဲ့ခြင်းကြောင့် တပ်မတော်က NSCN-K ဌာနချုပ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ထိန်းချုပ်လိုက်ပြီး ဆက်ဆံရေး တင်းမာလျက်ရှိနေသည်။
ထို့နောက် တပ်မတော်သည် နယ်မြေရှင်းလင်းရေးများ ဆက်လက် ပြုလုပ်နေရာ မေ ၁၆ ရက်နှင့် ၁၇ ရက် များက ၂ ရက်ဆက်တိုက် အိန္ဒိယ-မြန်မာ နယ်စပ် မှတ်တိုင် ၁၄၉ အနီးတွင် ကသည်းသူပုန်ဖြစ်သည့် ဘိုဒိုလန်း အမျိုးသား လွတ်မြောက်ရေးတပ်ဦး (NDFB) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဆိုသည်။
NSCN-K နှင့် နီးစပ်သူများနှင့် အိန္ဒိယနိုင်ငံဘက်မှ သတင်းရင်းမြစ်များကတော့ ထိုတိုက်ပွဲသည် ကသည်း သူပုန်ဖြင့် မဟုတ်ဘဲ NSCN-K နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ကြောင်း ဆိုကြသည်။
You May Also Like These Stories:
AA တည်ရှိမှုကို လိုင်ဇာမှာဘဲ အသိအမှတ်ပြုမည်ဟု တပ်မတော်ပြော
ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော
AA ကို “အကြမ်းဖက် သောင်းကျန်းသူ”ဟု သတ်မှတ်ထားဆဲ ဖြစ်ကြောင်း တပ်မတော် ပြော
နာဂဒေသ၌ အာသံနှင့် ကသည်း လက်နက်ကိုင်အဖွဲ့များကို ခိုလှုံခွင့်မပေးရန် NPSC ပြော