မန္တလေး အခြေစိုက် ရုပ်သံ သတင်းဌာန တခုဖြစ်သည့် Channel Mandalay မှ သတင်းထောက်အား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တပ်မတော်က အမှုဖွင့်ထားကြောင်း ပြင်ဦးလွင် မြို့နယ် ပြင်စာ ရဲစခန်းက သိရသည်။
အဆိုပါ သတင်း ဌာနမှ သတင်းထောက် ကိုဝင်းနိုင်ဦးသည်“နွားမွေးမြူရေး စီမံကိန်း အကြောင်းပြကာ တောင်သူပိုင် မြေ များအား သိမ်းဆည်းနေမှုကို ဆန္ဒ ထုတ်ဖော်တော့မည်”ဆိုသည့် ရုပ်သံ သတင်းအား တင်ဆက်ခဲ့ခြင်း ဖြစ်ကာ အဆိုပါ သတင်း အပေါ် အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်းမှ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အမှုဖွင့်ရခြင်းမှာ သတင်း တင်ဆက်ရာတွင် အတင်းအဓမ္မ သိမ်းယူထားသည့် ၁၂၁ တပ်ဟု သုံးနှုန်းသည်မှာ ပြည်သူ လူထုမှ တပ်မတော်အား အကြည်ညို ပျက်စေပြီး ဂုဏ်သိက္ခာ ကျဆင်းစေမှုကြောင့် ဖြစ်ကြောင်း၊ အမှုဖွင့် ခံရသူများကို မေလ ၂၈ ရက်တွင် ပြင်စာ ရဲစခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြင်စာ ရဲစခန်းမှ အမှုစစ် အရာရှိ ဒုရဲအုပ် သန်းဇော်ဦးက“၁၂၁ တပ်က ဗိုလ်ကြီး ရဲကိုကိုဦးက တရားလို ပြုလုပ်ပြီး အမှု ဖွင့် လာလို့ သူ့ကို ကျနော်တို့က ခေါ်ယူစစ်ဆေးတာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ ဖွင့်တာပါ။ သတင်း တင်ဆက်ရာမှာ အတင်းအဓမ္မ သိမ်းယူထားသည့် ၁၂၁ တပ်လို့ သုံးနှုန်းထားတာဟာ ပြည်သူ လူထုက တပ်မတော်ကို အကြည် ညို ပျက်စေပြီး ဂုဏ်သိက္ခာ ကျဆင်းစေမှုကြောင့် ဆိုပြီး အမှုဖွင့်လာတာပါ”ဟု ပြောသည်။
အမှုဖွင့် ခံထားရသည့် သတင်းထောက် ကိုဝင်းနိုင်ဦးက“တောင်သူတွေက ဆန္ဒပြမယ်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ် တယ်။ အဲဒီ သတင်းကို ကျနော်ယူပြီးတော့ Channel Mandalay TV မှာ ရုပ်သံ သတင်း အဖြစ် တင်ဆက်တယ်။ အဲဒီ သတင်းက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ် ဆိုပြီးတော့ အမှုဖွင့် ခံရတာ ဖြစ်တယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍“ကျနော့်သတင်းက ၁၉ ရက်က တင်ဆက်ခဲ့တာ ဖြစ်တယ်။ အဲဒီသတင်းမှာ တပ်မတော်ကို ထိခိုက် အောင်၊ နစ်နာအောင်၊ အသရေ ပျက်အောင် လုပ်ဆောင်ထားတာ တခုမှ မရှိဘူး။ ပြောထားတာ မပါဘူး။ သတင်းစာ ရှင်း လင်းပွဲ လုပ်တဲ့ တောင်သူတွေကလည်း ပြောထားတာ မရှိဘူး”ဟု ရှင်းပြသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို မေလ ၁၉ ရက်က မန္တလေးရှိ မြန်မာနိုင်ငံလုံး ဆိုင်ရာ တံခွန် တောင်သူလယ်သမား သမဂ္ဂရုံး၌ တောင်သူ ၇ ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကိုဝင်းနိုင်ဦးက“အခု လက်ရှိမှာ ဘာတွေဖြစ်နေလဲ ဆိုတော့ တပ်မတော်ကရော၊ အစိုးရ ကရော၊ ရဲတပ်ဖွဲ့ကရော ကျနော် တို့ သတင်းထောက်တွေကို လိုသလို ပုဒ်မတွေ အမျိုးမျိုး တပ်ပြီးကို တရားစွဲနေပါတယ်။ အခုဖြစ်စဉ်က ဆန္ဒ ပြတယ်၊ အခင်းဖြစ်တယ်၊ အဓိကရုဏ်း ဖြစ်တယ်၊ တပ်က ခြံစည်းရိုးခတ်တယ်။ အဲဒီလိုနေရာတွေကို သတင်းထောက်တွေ မလာ ရဲအောင်၊ သတင်း မလုပ်ရဲအောင်လို့ စံပြ အနေနဲ့ ကျနော့်ကို တရားစွဲတာပဲလို့ မြင်တယ်”ဟု ဆက်လက် ပြောသည်။
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် မြို့နယ် လွန်ကောင်း ကျေးရွာ အုပ်စု၊ အမှတ်၂ နယ်မြေ မင်းတည်းကွင်း အတွင်း၌ တပ်မတော် နို့စားနွားမွေးမြူရေး စီမံကိန်း ဧရိယာ အဖြစ် နယ်နိမိတ် သတ်မှတ်ကာ ခြံစည်းရိုး ကာရံမှုကို ရုပ်သံ အင်တာဗျူး လုပ်ခဲ့သည့် Channel Mandalay သတင်းထောက်နှင့် အတူ တောင်သူ ၇ ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။
Channel Mandalay TV သည် ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုပေးထားသော အွန်လိုင်း မီဒီယာ တခု ဖြစ်သည်။
Channel Mandalay TV ၏ အယ်ဒီတာချုပ် ကိုမင်းဒင်က“အခုလို တရားစွဲဆိုမှုတွေ မလုပ်ရဘူးလို့ မဆိုလိုပေမယ့် သတင်း မီဒီယာတွေကို တရားစွဲဆိုတဲ့ ပုဒ်မတွေနဲ့ ဖြစ်စဉ်တွေဟာ မဖြစ်သင့်တဲ့ အရာတွေ ဖြစ်နေတယ်၊။ ၆၆(ဃ) မှာ ပါတဲ့ ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီးတော့ ခြောက်လှန့်တယ်၊ အသေရေ ဖျက်တယ်၊ မလျော်သြဇာ သုံး တယ် ဆိုတဲ့ အချက်တွေထဲက အသရေဖျက်တယ် ဆိုတဲ့ဟာနဲ့ စွဲဆိုထားတာ ဖြစ်တယ်။ အခုဖြစ်စဉ်မှာလည်း တရားဝင် သတင်းစာ ရှင်းလင်းပွဲ လုပ်တာကို တင်ပြခြင်းသာ ဖြစ်တယ်”ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် သတင်းထောက်သည် သတင်းဌာန အတွက် မီဒီယာကျင့်ဝတ်နှင့်အညီ တာဝန် ထမ်းဆောင်ခဲ့ခြင်း သာ ဖြစ်ပြီး ယခုကဲ့သို့ တရားစွဲခြင်းသည် မီဒီယာ လွတ်လပ်ခွင့် ထိပါးကြောင်း ကိုမင်းဒင်က ဆက်လက် ပြောသည်။
ကိုမင်းဒင်က“အခုလို သတင်း ရေးသားတိုင်းသာ မဟုတ်မမှန် ပုဒ်မတွေ တပ်ပြီး တရားစွဲဆိုနေမယ် ဆိုရင် ပြည်သူများ သတင်းမှန်သိရှိရေး၊ မီဒီယာ လွတ်လပ်ခွင့်တွေဟာ ဆုံးရှုံးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို မီဒီယာအပေါ်မှာ တပ်မတော် အနေနဲ့ မတရားတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ နောက်ပြီး သတင်း မီဒီယာ ဥပဒေ အရလည်း သတင်းမီဒီယာ တခုခုကို တရားစွဲဆိုမယ် ဆိုရင် အဆင့်ဆင့် ဖြတ်ရမှာတွေ ရှိတယ်။ ဒါတွေ ကိုလည်း တပ်မတော် အနေနဲ့ ဖြတ်သန်းခြင်း မရှိဘူး”ဟု ပြောသည်။
အမှုဖွင့်ခံရသူ ကိုဝင်းနိုင်ဦးကလည်း“အခု စခန်းက အမှုစစ်က အာမခံရတဲ့ ပုဒ်မဖြစ်တဲ့အတွက် အာမခံယူဖို့ ပြောတယ်။ ကျနော် အာမခံ မယူဘူး။ ဘာလို့လဲဆိုရင် တပ်မတော်က ကျနော်တို့ သတင်းမီဒီယာတွေ အပေါ်မှာ အမှုဖွင့်ချင်တိုင်း ဖွင့်လို့ရသလား။ နောက် ရဲစခန်းတွေကရော တပ်မတော်က ဖိအားပေး အမှုဖွင့်တိုင်း ပုဒ်မ အမျိုးမျိုးနဲ့ အမှုဖွင့်လို့ ရသလား။ ကျနော်တို့ သတင်းထောက်တွေက လက်ရှိမှာ မီဒီယာ ဖိနှိပ်မှုတွေ ခံနေရတာကို နိုင်ငံတကာနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတ အကုန် သိအောင်လို့ အာမခံ မယူဘဲနဲ့ အမှန်တရား အတွက် အချုပ်နဲ့ အမှုကို ရင်ဆိုင်မယ် ပြောတာကို ရဲ တပ်ဖွဲ့က အတင်းအကျပ် ခံဝန်ထိုးခိုင်းပြီး အာမခံ ပေးလိုက်တယ်”ဟု ပြောပြသည်။
မြန်မာနိုင်ငံ မီဒီယာ ကောင်စီမှ ဦးဇေယျာလှိုင်က“သတင်းမီဒီယာ သမားတွေ သတင်းရေးလို့ ၆၆ (ဃ) နဲ့ တရားစွဲတာ မဖြစ်သင့်ဘူးလေ။ သတင်းရေးရာမှာ အချက်အလက်က မှားတယ်၊ ထိခိုက်တယ် ဆိုရင် သတင်း မီဒီယာဥပဒေမှာ ပြန် လည် ဖြေရှင်းရမယ့် နည်းလမ်း ရှိတယ်။ ဒီလို ရေးသားလို့ ဂုဏ်သိက္ခာကျ သွားတယ်လို့ ယူဆပြီး တရားစွဲတယ် ဆိုရင် သူ့ဂုဏ်သိက္ခာက ပြန်တက်လာမှာ မဟုတ်ဘူး။ ကိုယ့်ဂုဏ်သိက္ခာ ရှိပါတယ်လို့ ပြောချင်ရင် မှန်ကန်တဲ့ နည်းလမ်းနဲ့ သွား လို့ ရအောင် မီဒီယာဥပဒေမှာ ပြဋ္ဌာန်းပြီးသား ဖြစ်တယ်။ ဒီအတိုင်း မသွားဘူး ဆိုရင် ဂုဏ်သိက္ခာ ပိုကျစရာ ဖြစ်လိမ့် မယ်”ဟု ပြောဆိုသည်။
မီဒီယာကောင်စီ အနေဖြင့် တရားစီရင်ရေး ကိစ္စရပ်များအား ကြားဝင် ဆောင်ရွက်ပေး၍ မရသောကြောင့် သတင်း မီဒီ ယာ သမားများ တရားစွဲဆို ခံရမှုများကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ဆက်သွယ် ဆောင်ရွက်ခြင်းများကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ကိုမင်းဒင်က“အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော် ပြောနိုင်တာကတော့ တပ်မတော်ရဲ့တရားစွဲဆိုမှုတွေဟာ တရား မျှတမှု မရှိဘူး၊ တရားစွဲဆိုရန် မသင့်တဲ့ ပုဒ်မဖြစ်တဲ့ အတွက် ရဲတပ်ဖွဲ့နဲ့ ဥပဒေ အရာရှိတွေက ဘယ်လောက်အထိ လွတ်လပ်စွာ ဆုံးဖြတ်သွားမလဲ ဆိုတာ စောင့်ကြည့်သွားမယ်”ဟု ဆက်လက် ပြောသည်။
မေလ ၂၄ ရက်တွင် ဒေသခံတောင်သူ ၁၅၀ ခန့်က ကျွဲနဖားကျေးရွာ အဝင်လမ်းထိပ်မှ သိမ်းဆည်းခံ လယ်ယာမြေ ဖြစ် သည့် နို့စားနွားမွေးမြူရေး စီမံကိန်း ဧရိယာ အနီးအထိ ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက်ချီတက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
မင်းတည်းကွင်းရှိ လယ်ယာမြေ ၁၇၃ ဧက ကို အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းက နို့စားနွား မွေးမြူရေး စီမံကိန်း ဧရိယာအဖြစ် နယ်နိမိတ် သတ်မှတ်ကာ အင်အား၂၀၀ ကျော်ဖြင့် ဧပြီလ၂၉ရက် နံနက် ၇ နာရီခန့်က ခြံစည်းရိုး ကာရံမှု စတင်လုပ်ဆောင်ခဲ့ရာ ဒေသခံတောင်သူများနှင့်တင်းမာမှု ဖြစ်ပေါ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် မြေမှာ ကျွဲနဖားကြိုးဝိုင်း အတွင်းမှ သစ်တော စွန့်လွှတ်မြေ ဖြစ်ပြီး ဒေသခံ တောင်သူ များ လုပ်ကိုင် စားသောက်လာသည်မှာ နှစ်ပေါင်း ၇၀ ခန့် ရှိကြောင်း၊ အဆိုပါ မြေယာများ ပြန်လည် ရရှိစေရန်အတွက် သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ တောင်းဆိုထားမှုများလည်း ရှိကြောင်း သိရသည်။
အဆိုပါ မြေကို ၁၉၉၃ ခုနှစ်က တပ်ပြင် လယ်ယာ ဖော်ထုတ်ရေး အတွက် တပ်မ ၃၃ မှ သိမ်းဆည်းခဲ့ပြီး မူလ တောင်သူ များကို တဧက ထွက်ရှိသီးနှံမှ သုံးပုံတပုံ ပေးသွင်းစေကာ သီးစား အငှားချထားခဲ့ရာက ၂၀၀၀ ခုနှစ် ဇူလိုင်လတွင် အမှတ် ၉၅၁ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် အတွက် တန် ၂၅၀၀ ဘိလပ်မြေ စက်ရုံ စီမံကိန်း လုပ်ဆောင်ရန် ခေါင်းစဉ်ဖြင့် ထပ်မံ သိမ်းဆည်းခဲ့ကြောင်းလည်း ဆိုသည်။
ထိုသို့ သိမ်းဆည်းခဲ့ပြီးနောက် ဇီးပင်ကြီး ထုံးဘိုကြိုးဝိုင်းမှ သိမ်းဆည်းမြေများကို တပ်မတော်မှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နေရသော သစ်တော ကြိုးဝိုင်းမြေ အဖြစ် ၂၀၀၂ ခုနှစ်က ကြေညာခဲ့သည်။
အဆိုပါ မြေများပေါ်တွင် တောင်သူများ ခတ်ထားသည့် ခြံစည်းရိုးများကို မြေကြီးတူးသည့်ယာဉ်များနှင့် အကြိမ်ကြိမ် လာရောက် ဖျက်ဆီးသဖြင့် ၂၀၁၂ခုနှစ်က တိုင်းအစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့ရမှုများရှိခဲ့ကာ လက်ရှိ အချိန်တွင် ဒေသခံ တောင်သူများနှင့် မြေယာ အငြင်းပွားမှု ဖြစ်နေခြင်း ဖြစ်သည်။
ခြံစည်းရိုးကာရံမှုအား တားဆီးသည့် ဒေသခံများမှ ၁၉ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ၂၉၅၊ ၁၈၆၊ ၄၂၇တို့ဖြင့် တပ် မတော်မှ တရားလိုပြုလုပ်၍ ပြင်စာရဲစခန်းတွင် အမှုဖွင့်ခံထားရသည့်အပြင် ယခုအခါ သတင်းထောက်နှင့် အတူ တောင်သူ ၇ ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Channal Mandalay မှ သတင်းထောက် တဦးဖြစ်သူ ကိုနန္ဒ (တကိုယ်တော်)ကိုလည်း မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီး မြို့နယ် အောင်သပြေ ကျေးရွာအနီးရှိ မြင့်ကုမ္ပဏီပိုင် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်း ပေးရေးနှင့် ဖမ်းဆီးထားသည့် တောင်သူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး ဒေသခံများက ကျေးရွာအဝင်လမ်းကို ပိတ် ဆို့ ၍ ဆန္ဒထုတ်ဖော်မှုကို မေလ ၁၅ ရက်နေ့က ရဲတပ်ဖွဲ့မှ အင်းအားသုံး ဖြိုခွဲသည်ကို Live လွှင့်ခဲ့မှုဖြင့် ဖမ်းဆီး ခေါ် ဆောင်သွားခဲ့ပြီး ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၃၃ အပါအဝင် ပုဒ်မ ၄၃၅၊ ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ခံထားရသည်။
ကိုနန္ဒ အား မေလ ၂၉ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံး၌ စတင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဆက်စပ် ဖတ်ရှုရန်
တပ်မတော် နွားမွေးမြူရေး စီမံကိန်း ခြံစည်းရိုးခတ်မှု ဒေသခံများ ကန့်ကွက်