မှတ်ပုံတင်ထားသော တရားဝင် သတင်းမီဒီယာများထံမှ သတင်းများကို ခိုးယူ၊ ကူးယူဖော်ပြနေသည့် အမည်ပျက် ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက် စာမျက်နှာများစာရင်းကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ခဲ့သည်။
လူသိများသော လူမှုကွန်ရက်စာ မျက်နှာများအပါအဝင် မီဒီယာအတုအယောင် ၃၁ ခုကို သတင်းခိုးယူကူးချနေ သည့် အမည်ပျက်စာရင်းဝင်များအဖြစ် မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကျင့်ဝတ်နှင့် မညီသည့်အပြင် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေသော သတင်းများ ဖြန့်ချိနေသည့် အဆိုပါ မီဒီယာများကို သိရှိစေရန်အတွက် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သတင်းမီဒီယာ ကောင်စီဝင် ဦးဇေယျာလှိုင်က ပြောသည်။
ဦးဇေယျာလှိုင် က “သတင်းစာဆရာတွေရဲ့ လုံ့လ ဝီရိယ အချိန်တွေ ငွေကြေးတွေ စိုက်ထုတ်ထားတဲ့ ထုတ်ကုန်တွေကို အခုလိုမျိုး လူမသိသူမသိ ခိုးယူတာက ဒါက ဉာဏပစ္စည်း ခိုးယူတာနဲ့ တူတူပဲ။ တခါတရံမှာ နိုင်ငံတော်က နိုင်ငံရေး အကဲဆတ်တဲ့ အချိန်၊ ဘာသာရေး၊ လူမျိုးရေး အကဲဆတ်နေတဲ့ အချိန်မှာ အဲ့ပေ့ချ်တွေမှာ သတင်းအတိုတွေ ထုတ်လွှင့်လိုက်တဲ့အခါမှာ သူ့ရဲ့ သန်းနဲ့ချီတဲ့ ပရိတ်သတ်က ထင်ယောင်ထင်မှား ဖြစ်ပြီးတော့မှ လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်တာပေါ့။ ကျနော်တို့က ကျင့်ဝတ်နဲ့ မညီတဲ့ မီဒီယာတွေကို ထုတ်ပြန်ကြေညာတဲ့ သဘောပဲ” ဟု ဆိုသည်။
အမည်ပျက်စာရင်းတွင် ပါဝင်သော လူမှုမီဒီယာများမှာ ဖိုးသူတော်(Pho Thu Taw)၊ တကောင်း Dagaung၊ Myanmar Daily Feed၊ မြန်မာ့သတင်းဦး သတင်းထူးများ၊ မြန်မာ့သတင်းစုံ၊ ZeeKwat-ဇီးကွက်၊ Shwe Wiki၊ Shwe Mon၊ Yuyalay၊ ApannPyay၊ ACHITLWINPYIN၊ Lwin Pyin၊ လှတောသား Hlataw.com၊ တိုလီမိုလီကုမ္ပဏီ၊ Thadinhtoo၊ သမီးလေးဖတ်ဖို့ Knowledge တို့ဖြစ်သည်။
ထို့ပြင် Myanmar Breaking News၊ MyanmarLive လတ်တလောမြန်မာသတင်းများ၊ TawThu တောသူ၊ Apyo Lay (ဖြစ်ရပ်မှန်သတင်းထူးများဟု အမည်ပြောင်းထားသည်)၊ Nanmalgyi၊ Focus Myanmar – Latest Updates in Myanmar ၊ Lat Khat Than၊ Burmese.asia – Media News & Entertainment၊ သုတကြယ် Thutastar၊ Daily Feed၊ Myanmar News Plus ၊ အချစ်လွင်ပြင်AchitlwinPyin – news Daily Time၊ The Lifestyle Myanmar၊ Beautiful Myanmarနှင့် OK သတင်းစုံ စသည့် သတင်းပေ့ချ်များ ပါဝင်သည်။
အဆိုပါ လူမှုကွန်ယက် စာမျက်နှာများကို ဥပဒေပိုင်းအရ အရေးယူနိုင်ရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးဇေယျာလှိုင် က ပြောသည်။
“နိုင်ငံတော် အစိုးရမှာက မီဒီယာပေါ်လစီ ထားထားပြီးတော့ သတင်းတွေ ခိုးနေတာတွေ နောက်မတည်မငြိမ် ဖြစ်အောင် လုပ်နေတာတွေကို ဒီ Facebook platform ကနေ ပယ်ဖျက်သွားဖို့အထိ Facebook team နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လိုလာတယ်။ သတင်းခိုးခံရပြီဆိုရင်လည်း ခိုးခံရတဲ့ တိုက်က တရားတဘောင်ဖြစ်ဖြစ် တက်ပြီးတော့ တုံ့ပြန်တာမျိုး လုပ်မှသာလျှင် အဲဒီလိုမျိုး သတင်းခိုးယူတာတွေ ပျောက်ဆုံးမှာ ဖြစ်တယ်” ဟု ဦးဇေယျာလှိုင် က ပြောသည်။
သတင်းများကို ခိုးကူး ဖော်ပြနေခြင်းကြောင့် သတင်းမီဒီယာ ဖွံ့ဖြိုးမှုအပေါ် ကြီးမားသော အဟန့်အတားဖြစ်လျက် ရှိသဖြင့် ခွင့်ပြုချက်တောင်းခံခြင်း၊ သက်ဆိုင်ရာ အဖိုးအခပေးချေခြင်းမရှိဘဲ ကူးယူဖော်ပြခြင်း များဆက်လက်လုပ်ဆောင်ပါက အမည်ပျက် သတင်းဝက်ဆိုဒ်၊ အမည်ပျက် ဆိုရှယ်မီဒီယာပေ့ချ်အဖြစ် သတ်မှတ်ထုတ်ပြန်ကြေငြာခြင်း၊ ဥပဒေအရ အရေးယူခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီက ဧပြီလ ၁၂ ရက်ကတည်းက ကြေညာချက် ထုတ်ပြန်ပြီးဖြစ်သည်။
Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်း က “အဲဒီသတင်းဌာနတွေကို ပြည်သူလူထုက သတင်းအစစ် ဌာနတွေဆိုပြီး ယုံကြည်နေတာက အင်မတန် အန္တရာယ် ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက သတင်းတွေ ခိုးကူးနေရုံတင်မကဘဲနဲ့ တချို့ အချိန်တွေမှာ သူတို့ရဲ့ မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်လို့ရှိရင် အများကြီးကို ပြည်သူလူထု အတွက် ဒုက္ခရောက်နိုင်တယ်” ဟု ပြောသည်။
ထို့ပြင် အဆိုပါသတင်းခိုးယူသည့် မီဒီယာများသည် စီးပွားရေး ကြော်ငြာများကိုပါ လက်ခံလျက်ရှိခြင်းက တရားဝင် လည်ပတ်လျက်ရှိသော မီဒီယာများ၏ ရပ်တည်ရေးကိုလည်း ထိခိုက်လျက်ရှိကြောင်း ကိုဆွေဝင်းက ပြောသည်။
Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းကလည်း “တရားဝင်မီဒီယာဟာတွေကို ခိုးယူပြီးတော့ အသုံးပြုနေတယ်။ တချို့ဆို စီးပွားရေးအရပါ လုပ်နေတယ်။ ဒါကတကယ်တော့ အများကြီးနစ်နာတယ်။ ဒီလိုကြေညာတာ ကောင်းတယ် ကျနော်တို့ ဖိဖိစီးစီး လုပ်ရမယ်။ ဒီ ၃၀ ကျော်ထက်လည်း မကဘူး ရှိသေးတယ်။ ကိုယ်တိုင်ဖန်တီးပြီးတော့ ကိုယ်တိုင် တည်ဆောက်ထားတာကို အလွယ်တကူလေးပဲ ယူလိုက်တယ်။ သူတို့ပိုက်ဆံရှာတယ်။ သတင်းအတု အယောင်၊ အမှားတွေကအစ အများကြီးထိခိုက်တယ်” ဟုဆိုသည်။
You May Also Like These Stories:
အမုန်းစကား မပြန့်ပွားရေး ဆင်းကတ် သုံးစွဲမှု ကန့်သတ်ဟု ပို့/ဆက် ဝန်ကြီး ပြော
ကမ္ဘာ့ဈေးကွက်အများစုကနေ Sony Mobile ထွက်ခွာ
Industry 4.0 ဆီ မြန်မာ ခုန်ပျံကျော်လွှားရေး ဂျာမန် မိတ်ဆက်