မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများ နှစ်ဦးနှစ်ဖက် ချုပ်ဆိုထားသည့် မြစ်ဆုံစီမံကိန်းစာချုပ် မူရင်း အား ယနေ့ (မေ ၂၈ ရက်) မှ ဇွန်လ ၂၈ ရက်ထိ တလအတွင်း နိုင်ငံသားတို့အား ပွင့်လင်းမြင်သာစွာ ချပြန်ရန်နှင့် တရားဝင် မိတ္တူ ကူးယူခွင့်ပြုရန်ကို မြစ်ဆုံ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်မှ တောင်းဆို လိုက်သည်။
မြစ်ဆုံ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်၏ ရည်ရွယ်ချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ တောင်းဆိုချက်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ House of Orchid ဟိုတယ်တွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အထက်ပါ အတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
မြစ်ဆုံ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကို ၂၀၁၉ မေ ၂ ရက်တွင် မြေယာ အဖွဲ့အစည်းများ၊ တရား လွှတ်တော်ရှေ့နေများ၊ လယ်သမား၊ အလုပ်သမား၊ သဘာဝ ပတ်ဝန်းကျင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်သူများ၊ တတ်သိ ပညာရှင်များ၊ ကချင် ဒေသခံများဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်း စာချုပ်အား နိုင်ငံသားအားလုံး သိရှိပိုင်ခွင့်သည် နိုင်ငံသားများ၏ မွေးရာပါ အခွင့်အရေး ဖြစ်ကြောင်း၊ စာချုပ်နှင့် ပတ်သက်၍ နိုင်ငံသူ နိုင်ငံသားများအား ပွင့်လင်းမြင်သာစွာ အသိပေးချပြရန် တာဝန်သည် နိုင်ငံတော် အာဏာ ကို ရယူထားသူတို့၏ တာဝန်ဖြစ်ကြောင်း ကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကွန်ရက် အကြံပေး အဖွဲ့ဝင် တရား လွှတ်တော်ရှေ့ ဦးကြီးမြင့်က “တရားရုံးမှာ ဆိုရင် တရားရုံးတွေရဲ့ စီရင်ချက်တွေကို မိတ္တူ ကူးယူခွင့် ရှိပါတယ်။ အခု ဒီစာချုပ်ကလည်း အများပြည်သူနဲ့ ဆိုင်တဲ့ဟာမို့ ကူးယူခွင့် ရှိပါတယ်။ ကျနော်တို့ သိရ သလောက် ဒီစာချုပ်က စာမျက်နှာပေါင်း တထောင်ကျော် ရှိတယ်။ ခဏလေးနဲ့ ဖတ်လို့မရပါဘူး။
တရားဝင် ဥပဒေနဲ့ အညီ မိတ္တူကူးယူခွင့်ပြုမှ ကျနော်တို့က အသေးစိတ်ဖတ်ပြီး ပြောလို့ ရမယ်။ အကြံပေးလို့ ရမယ်။ ဒါကြောင့် မိတ္တူကူးယူခွင့်ကို တောင်းဆိုရခြင်း ဖြစ်တယ်” ဟု ရှင်းပြသည်။
မြစ်ဆုံစီမံကိန်းသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အချုပ် အခြာ အာဏာ ထိခိုက်ဆုံးရှုံးမည့် အရေးထိ အကျိုးသက်ရောက်ရာ စာချုပ်ပါ အချက်အလက်များအား နိုင်ငံသားများကို ချပြမှု မရှိခြင်းသည် နိုင်ငံသူ/သားတို့နှင့် စာချုပ်ချုပ်သူများ ကြားတွင်လည်းကောင်း၊ တရုတ်နိုင်ငံနှင့် လည်းကောင်း၊ တည် ဆဲ အစိုးရ၊ လွှတ်တော်၊ ဝန်ကြီးဌာနများနှင့် လည်းကောင်း မယုံကြည်မှုများ၊ ရန်လိုမှုများ၊ စိတ်ဝမ်းကွဲမှုများကို ဖြစ်ပေါ်စေ လျက် ရှိသည် ဟုလည်း ကွန်ရက် အဖွဲ့ဝင်များက ပြောဆိုထားသည်။
ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်း က “ဒီမိုကရေစီ နိုင်ငံ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ စကား၊ ဆန္ဒနဲ့ ပါဝင်ခွင့်ကို အသိအမှတ်ပြုပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတကြီးနဲ့ လွှတ်တော်ကို ပြောချင်ပါတယ်။ စာချုပ်တွေနဲ့ ပတ် သက်ပြီး ဖျက်လို့မရဘူး၊ ပြုလို့မရဘူး သံမှိုနဲ့ ရိုက်ထား တယ်ဆိုတာ ကျနော်တို့ လုံးဝ လက်မခံဘူး။ ဒါ ရှင်းရှင်းလင်းလင်း နိုင်ငံတော်ကို မက်ဆေ့ပေးတာ ဖြစ်တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ကွန်ရက်၏ ရည်ရွယ်ချက် အတိုင်း မြစ်ဆုံ အပြီးတိုင် ဖျက်သိမ်းရေးကို တစိုက်မတ်မတ် တောင်းဆို သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ယခုလို ခန်းမများထဲတွင်ပြုလုပ်ရုံနှင့် ပြီးသွားမည် မဟုတ်ဘဲ ကွန်ရက် အဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုထဲ ဆင်းကာ ငြိမ်းချမ်းသည့် နည်း၊ ဒီမိုကရေစီနည်း၊ လူထုနှင့် တ သားတည်း ဖြစ်သည့် နည်းဖြင့် တောင်းဆိုသွားမည် ဖြစ်ကာ လမ်းပေါ် ချီတက်သင့်ပါက ချီတက်သွားမည်ဟုလည်း ဆို သည်။
မတ် ၃၀ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက မြစ်ဆုံစီမံကိန်းစာချုပ်သည် ယခင်အစိုးရများ ချုပ်ဆိုသွားသော်လည်း ယခုအစိုးရမှ စာချုပ်အပေါ် တာဝန် ယူမှု တာဝန်ခံမှု ပြုပြီး အကောင်းဆုံး အနေအထား ဖြစ်စေရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ အချိန်တန်ပါက လူထုကို ချပြမည် ဖြစ်သော်လည်း အချိန်အတိအကျကို မပြောနိုင်သေးကြောင်း ပြောဆိုထားသည်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ် သမ္မတ ဟူကျင်းတောင်တို့က သဘောတူကာ နှစ်နိုင်ငံကြား စာချုပ် ချုပ်ဆိုခဲ့သည့် အကြီးစား ရေကာတာ စီမံကိန်း တခုဖြစ်ပြီး ယင်းစီမံကိန်းထဲ၌ မေခ၊ မလိခမြစ်များပေါ်တွင် ဆည် ၇ ခုခန့် ဆောက်လုပ်မည် ဖြစ်သည်။
စီမံကိန်း တည်ဆောက်ပြီးပါက ခန့်မှန်းခြေ ထွက်ရှိမည့် လျှပ်စစ်မီဂါဝပ် ၆၀၀၀ ထဲမှ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိ မည်ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံက ရရှိမည်ဟု သဘောတူညီထားကြောင်း သိရသည်။
အနယ်နယ် အရပ်ရပ်မှ ပြည်သူလူထုနှင့် နယ်ပယ်စုံမှ ဝိုင်းဝန်း ကန့်ကွက် သဖြင့် သမ္မတ ဦးသိန်းစိန် လက်ထက်က ၎င်း သမ္မတ သက်တမ်း အတွင်း စီမံကိန်းကို ရပ်ဆိုင်းခဲ့သော်လည်း ယခု အစိုးရ လက်ထက်တွင် တရုတ်နိုင်ငံက စီမံကိန်း ပြန် စရန် ပြောဆို ဆောင်ရွက်နေသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ ရက်တွင် ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ ခရီးစဉ်၌ “ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြီးကျယ်တဲ့ စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကျမတို့ ပြည်သူလူထုဟာ အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်ကနေ စဉ်းစားစေချင်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက်၊ ကျမတို့နိုင်ငံကို ကမ္ဘာက ယုံကြည်မှုရဖို့ အတွက် ကျမတို့က စကားတည်ဖို့ လိုတယ်နော်” ဟု ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံကလည်း ကချင်ပြည်နယ်မှ ဘာသာရေး ခေါင်းဆောင်များ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ကို စီမံကိန်းကို ထောက်ခံပေးရန် ဖိအားပေး ပြောဆိုမှုများ ရှိသလို ဒေသခံများ၊ နိုင်ငံရေး ပါတီများကိုလည်း စီမံကိန်းကို လက် ခံပေးရန် စည်းရုံးမှုများ ရှိနေသည်။
ဆက်စပ်ဖတ်ရှူရန်
မြစ်ဆုံဆည် စီမံကိန်း အပြီးတိုင်ရပ်တန့်ရေး အလျော်ပေးရန် ကမ်းလှမ်း
မြစ်ဆုံစီမံကိန်းကို သတင်းမှားလွှင့်နေဟု တရုတ်သံအမတ်ပြော
မြစ်ဆုံစီမံကိန်း ကန့်ကွက်သည့် လက်မှတ်များကို တရုတ်သမ္မတထံ ပေးပို့မည်
တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်