ကျွဲ၊ နွား သယ်ဆောင်ရောင်းဝယ်မှု လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး အတွက် တိုင်းနှင့်ပြည်နယ် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ စီမံခွင့်အာဏာကို ပယ်ဖျက်လိုက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က စီမံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က မေ ၂၂ ရက်တွင် ကြေညာခဲ့သည်။
ယင်းအမိန့်စာအရ တောင်သူများနှင့် မွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် ကျွဲ၊ နွားများ သယ်ဆောင် ရောင်းဝယ် ရာတွင် ရဲနှင့် အုပ်ချုပ်ရေးမှူးများထံမှ ခွင့်ပြုချက်ယူရန် မလိုတော့ဘဲ ကျန်မာရေး ထောက်ခံချက် ရှိပါက တင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးလှထွန်းကပြောသည်။
ဦးလှထွန်း က “မွေးမြူရေးလုပ်ငန်း တိုးတက်စေချင်လို့ ဒါကိုဖြေလျော့လိုက်တာ၊ သယ်ယူတင်ပို့ဖို့အတွက် ကျန်းမာရေး ထောက်ခံချက်ရှိရင် လွတ်လပ်စွာ ဆောင်ရွက်လို့ရပြီ၊ အမိန့်အရ သားသတ်လိုင်စင်ဆိုတာတွေလဲ ပယ် ဖျက်လိုက်တဲ့ သဘောပဲ၊ အမိန့်ကိုလိုက်နာ ဆောင်ရွက်ကြဖို့ လိုသလို နစ်နာသူက တိုင်ကြားလာရင်လဲ ဥပဒေ အတိုင်းဆောင်ရွက်သွားရမှာပါ” ဟု ပြောသည်။
အမိန့်စာအရ တိရစ္ဆာန် တမျိုးမျိုးအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းနှင့် ပတ်သက်သည့် တားမြစ်၊ ကြီးကြပ် ဆောင်ရွက်ပိုင်ခွင့်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပြန်လည် ကိုင်တွယ်သွားမည်ဖြစ်ပြီး ၁၉၆၆ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ထားသည့် တိုင်းနှင့် ပြည်နယ် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌများထံ ကွဲျ၊ နွားများနှင့် စပ်လျဉ်း၍ စီမံဆောင်ရွက်ခွင့် ပေးအပ်ထားသည့်အမိန့်ကိုလည်း ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။
လုပ်ငန်းရှင်များ အနေဖြင့် ယခင်က သယ်ဆောင် ရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် ခွင့်ပြုချက် ရရှိရန်အတွက် အဆင့်ဆင့် တင်ပြရခြင်း၊ ခွင့်ပြုစောင့်နေစဉ် မှောင်ခိုဟုဆိုကာ ဖမ်းဆီးခံရခြင်း၊ စွပ်စွဲခံရခြင်းများ ကြုံတွေ့ခဲ့ရပြီး ယခုကဲ့သို့ ဖြေလျော့ပေးလိုက်သည့်အတွက် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွဲ၊ နွားမွေးမြူ တင်ပို့သူများ အသင်းဥက္ကဋ္ဌ ဦးသောင်းခိုင်က ပြောသည်။
ဦးသောင်းခိုင် က “ဒီလိုပယ်ဖျက်လိုက်တဲ့ အတွက် ပိုပြီးလွတ်လပ်စွာ ရောင်း/ဝယ်လို့ရပြီပေါ့၊ တောင်သူတွေ အ တွက်လည်း တော်တော် အကျိုးရှိပါတယ်၊ အရင်လို သတင်းပေးလဲကြောက်ရ၊ ဟိုလူလဲ ကြောက်ရတာတွေ မရှိ တော့ဘူး၊ လာဘ်ပေးလာဘ်ယူတွေလဲ ပျောက်သွားမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ကျွဲ၊ နွားတင်ပို့မှုကို အဓိကအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့လျှက်ရှိပြီး ထိုင်း၊ မလေးရှားနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံတို့ကိုလည်း တင်ပို့လျှက်ရှိကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှ စတင်၍ ကျွဲ၊ နွား အရှင်များအား တရားဝင်တင်ပို့ခွင့်ပြုခဲ့ရာတွင် သက်ဆိုင်ရာမှ တင်ပို့ရန် စစ်ဆေးခွင့်ပြုပြီး ကျွဲကောင်ရေ ၅၉၅၄၉ ကောင်နှင့် နွားကောင်ရေ ၄၈၃၁၉၆ ကောင်ရှိပြီဖြစ်ပြီး တနှစ်ကျော်ကာလအတွင်း ကောင်ရေတသိန်းကျော် တင်ပို့ခဲ့ရာတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆၂.၈၅၉ သန်းရရှိထားကြောင်း မွေးရေ/ကျေးလက်ဦးစီး ဌာနက သိရသည်။
မွေး/မြူ/လယ်ယာ ဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် တိရိစ္ဆာန်ကောင်ရေ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံတွင် ကျွဲကောင်ရေ ၁.၉ သန်းနှင့် နွားကောင်ရေ ၉.၇၅ သန်းရှိကြောင်းရှိသိရပြီး ပြည်ပသို့ တ နှစ်လျှင် ကောင်ရေတသိန်းကျော်တင်ပို့နိုင်သည့်အနေအထားရှိကြောင်းလည်း ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်းက ပြောသည်။
ယခုကဲ့သို့ ဖြေလျော့ပေးလိုက်သည့်အတွက် ကျွဲ၊ နွားမွေးမြူရေး ကဏ္ဍအပေါ် များစွာ အကျိုး ရှိမည် ဖြစ်သကဲ့သို့ တရားမဝင် မှောင်ခိုတင်ပို့ ရောင်းဝယ်မှုများကိုလည်း လျော့ကျစေနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ် ပြောကြားသည်။
၂၀၁၂ ခုနှစ် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ၁၉၄၇ ခုနှစ် အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှု များဆိုင်ရာ ဥပဒေအား ပယ်ဖျက်ခဲ့ပြီဖြစ်သော်လည်း တိုင်းနှင့်ပြည်နယ် လုံခြုံရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ များထံ အာဏာအပ်နှင်း ထားခြင်းအား ပယ်ဖျက်ရခြင်း မရှိသေးသည့်အတွက် လုပ်ငန်းရှင်များမှ အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ထပ်မံပယ် ဖျက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကလေးမြို့ ကျောက်မီးသွေးတွင်း ဂက်စ်အိုး ပေါက်ကွဲမှု ၄ ဦး သေဆုံး
မိုက်ကယ်ကျော်မြင့် လက်နက်ကိုင်အဖွဲ့ တခုထံ တိမ်းရှောင်နေဟု ဒုရဲချုပ်ပြော
အင်းဒင်ရွာ လူသတ်မှုဖြင့် အရေးယူခံရတဲ့ တပ်မတော်သားတွေ ဘယ်ရောက်သွားသလဲ
ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ သွားမည်