တရားသူကြီးများ အမှု စစ်ဆေးရန် အတွက် နေ့စဉ် တရားခွင်၌ ကျမ်းသစ္စာ ကျိန်ဆိုရမည့် ဥပဒေ ပါဝင်သော ပြည်ထောင်စု တရား စီရင်ရေး ဥပဒေ မူကြမ်းကို ယမန်နေ့က ကျင်းပသော အမျိုးသား လွှတ်တော်တွင် အတည်ပြု လိုက်သည်။
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းအား အမျိုးသား လွှတ်တော်တွင် တပိုဒ်ချင်းစီ ဖတ်ကြားကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြည်သူနှင့် တရားရုံးကြား ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက် အမှုများကို စစ်ဆေး အမိန့်ချသည့် တရားသူကြီး ကိုယ်တိုင် ကျမ်းသစ္စာ ကျိန်ဆိုရန် အဆိုကို ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးက ယခုနှစ် ဇန်နဝါရီလအတွင်း အဆိုတရပ် တင်သွင်းခဲ့ပြီး အမျိုးသား လွှတ်တော်က ယင်းအဆိုကို အတည်ပြုခဲ့သည်။
ယင်းအဆိုကို အကောင်အထည် ဖော်သည့် အနေဖြင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်က လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေး အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော်က ယနေ့ အတည်ပြုလိုက်သော ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ)၊ အပိုဒ်ခွဲငယ်၂ တွင် ယင်းဥပဒေ၏ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ရွေးချယ်ခန့်ထားခြင်းခံရသည့် တရားသူကြီးများက နေ့စဉ် တရားခွင် တက်ရန် စတင် ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာပြုရန် အတွက် စီစဉ် ဆောင် ရွက်ရမည် ဟု ပါရှိသည်။
ခြွင်းချက် အနေဖြင့် ဥပဒေ တရပ်ရပ် အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့် ရှိသူဖြစ်ပါကလည်း ကတိသစ္စာပြုရန် စီစဉ် ဆောင်ရွက်ရမည် ဖြစ်သည်။
အဆိုပါ ဥပဒေကို တပိုဒ်ချင်းစီ ဖတ်ကြား အတည်ပြုစဉ်တွင် တရားသူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရမည့် ပုဒ်မနှင့် ပတ် သက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက သဘောမတူကြောင်း ကန့်ကွက်ခဲ့သည်။
အဆိုပါ ပုဒ်မအရ တရားသူကြီးများက တရားခွင်၌ ကျမ်းသစ္စာ ဆိုရာတွင် မည်သူ့ ရှေ့တွင် ကျိန်ဆိုမည်လဲ ဆိုသည်မှာ အဓိက ပြဿနာ ဖြစ်ပြီး လိုက်နာရန် ခက်ခဲနိုင်၍ ယင်းပုဒ်မကို ပယ်ဖျက်ရန် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း မကွေးတိုင်း ဒေကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက လွှတ်တော် အစည်းအဝေး အပြီးတွင် သတင်း ထောက်များကို ပြောသည်။
၎င်းက“နေ့စဉ် တရားသူကြီးတွေက ကျမ်းကျိန်တဲ့ အခါမှာ ဘယ်မှာ ကျိန်ရမလဲ၊ ဘယ်သူ့ရှေ့မှာ ကျိန်ရမလဲဆိုတဲ့ ဥပဒေကို လိုက်နာ ကျင့်သုံးနိုင်ဖို့ အခက်အခဲက ကြီးမားတဲ့ ပြဿနာပါ။ ဒါဖြင့် နိုင်ငံတော် တံဆိပ်ကြီးရှေ့မှာ ကျိန်ကြမလား၊ အခြား လွှတ်တော် ဥက္ကဋ္ဌတွေရှေ့မှာ၊ နာယကတွေ ရှေ့မှာတို့ ကျိန်ရမယ့် အခြားကိစ္စတွေမှာ မလိုဘူး၊ နိုင်ငံတော် တံဆိပ် ရှေ့မှာ ပဲ ကျိန်ရင် ဖြစ်တာပဲဆိုတဲ့ ပုံစံမျိုးတွေ နောင်မှာ ရောထွေးရှုပ်ထွေးလာပြီး လျော့တိလျော့ရဲဖြစ်သွားမယ်။ ဒါကြောင့် ဒီ အချက် ကို ကန့်ကွက်တာပါ”ဟု ပြောသည်။
ယခု ဥပဒေ ပြဋ္ဌာန်းခြင်းကြောင့် လုပ်ကိုင်ရ ခက်ခဲမည် ဖြစ်ပြီး တရားစီရင်ရေး ကဏ္ဍကို ဖြောင့်မတ် မှန်ကန်လာစေမည် မဟုတ်သဖြင့် အဆို တင်သွင်းစဉ် ကတည်းက ကန့်ကွက် ဆွေးနွေးခဲ့ကြောင်း၊ ဥပဒေအား အတည်ပြုရန်အတွက် သဘော မတူသူ ရှိပါသလားဟု လွှတ်တော် ဥက္ကဋ္ဌက မေးမြန်းရာတွင်လည်း ၎င်းက မတ်တတ်ရပ်၍ သဘောမတူဟု ပြောဆိုခဲ့ ကြောင်း၊ သို့ရာတွင် လွှတ်တော်ဥက္ကဋ္ဌက မမြင်မသိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးတင်အောင်ထွန်း အနေဖြင့် ယခုကဲ့သို့ အတည်ပြုသည့် အချိန်တွင်မှ ကန့်ကွက်ခြင်းသည် အမျိုးသား လွှတ်တော် နည်း ဥပဒေပုဒ်မ ၁၉၁ အရ လုပ်ထုံးလုပ်နည်းနှင့် မညီသောကြောင့် ကန့်ကွက်၍ မရကြောင်း အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
ပြဋ္ဌာန်းထားသော ပြစ်မှုဆိုင်ရာဥပဒေ၊ တရားရုံး လက်စွဲများ အရ တရားသူကြီးများသည် စတင် ခန့်ထားစဉ်အချိန်မှ အပ တစုံတဦး၏ ရှေ့မှောက်တွင် ကျမ်းကျိန်ရန် မလိုဘဲ တရားခွင် သို့မဟုတ် တရားရုံး၏ ရှေ့မှောက်တွင် ကျမ်းကျိန်နိုင်သည် ဟုလည်း ဦးဇော်မင်းက ဥပဒေနှင့် ပတ်သက်၍ ရှင်းပြသည်။
မြန်မာနိုင်ငံ တရားစီရင်ရေး လောကတွင် အများ ကြားသိထားသည့် အတိုင်း အားနည်းချက်များ ရှိနေ၍ ယခုကဲ့သို့ ဥပဒေ ပြင်ဆင်ရခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်သူများသည် ကျမ်းကျိန်ခြင်းကို ယုံကြည်မှုရှိ၍ တရားသူကြီးများ ကျမ်းကျိန်ခြင်းဖြင့် တရားစီရင်ရေး ကဏ္ဍကို အကျိုးသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း၊ တရားစီရင်ရေး တည့်မတ် မှန်ကန်စေရန်ကိုမူ အာမ မခံ ကြောင်း ဦးဇော်မင်းက ပြောသည်။
မြန်မာနိုင်ငံ တရားစီရင်ရေးကဏ္ဍ တည့်မတ်မှန်ကန်ရေး အတွက် အဓိက သက်ဆိုင်သည့် တရားသူကြီး၊ ဥပဒေအရာရှိများ၊ ရှေ့နေများ၊ တရားစွဲ အဖွဲ့အစည်းဖြစ်သည့် ရဲတပ်ဖွဲ့တို့က အဂတိ ကင်းစင်ပြီး ဥပဒေကို ဥပဒေအတိုင်း လိုက်နာ အသုံးပြုမှ သာ တရားစီရင်ရေး စနစ်က ပြည်သူများ ယုံကြည် ကိုးစားသည့် အခြေအနေကို ရောက်လာမည် ဖြစ်ကြောင်း၊ အစိုးရက လည်း အဂတိ ကင်းစင်စေရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကဲ့သို့ လိုအပ်သော ဥပဒေများဖြင့် ထိန်းချုပ်ခြင်း၊ အဂတိ ကင်းစင်သော စိတ်ခံယူချက်များ ဖြစ်ရန် ပြောင်းလဲစေခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ဦးတင်အောင်ထွန်း က ပြောသည်။
တရားသူကြီးများ ကျမ်းကျိန်ခြင်းဖြင့် မြန်မာနိုင်ငံတရားစီရင်ရေး တည့်မတ်လာမည် မဟုတ်သည့် အတွက် ယခု ဥပဒေ သည် မလိုအပ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက ဧရာဝတီ သို့ ပြောသည်။
ဦးသိန်းသန်းဦးက“ဒါကြီးက အလုပ်ကို မဖြစ်တာပဲ။ ကျမ်းကျိန်ပြီးတော့ မမှန်မကန် စစ်ဆေးလည်း ရတာပဲ။ ဖြစ်တာပဲ ဒါကြီးက အလုပ်ပိုတယ်”ဟု ပြောသည်။
ယင်းအစား၂၀၁၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေကို ပြင်ဆင်ရန် ကြိုးစားရမည် ဖြစ်ပြီး တရားရေး ဝန်ကြီးဌာန တည် ထောင်ကာ တရားစီရင်ရေး ကဏ္ဍကို ထိန်းကျောင်းနိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရားစီရင်ရေးကို နည်းလမ်းတကျ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေနိုင်ရန် အတွက် တရားရုံးများ လက်စွဲကို ပြဋ္ဌာန်းထားပြီး၊ အဆိုပါ တရားရုံးများ လက်စွဲပါ လမ်းညွှန်ချက်များကို တရားရုံး အသီးသီက လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တရားရုံးများ လက်စွဲ အပိုဒ် ၇၅ တွင် ကျမ်းသစ္စာ အက်ဥပဒေ ပုဒ်မ ၇ အရ ကျမ်းသစ္စာ ကျိန်ဆိုရန်နှင့် ကတိ သစ္စာဆိုရန် ပုံစံများအား ပြဋ္ဌာန်းထားကြောင်း သိရသည်။
You May Also Like These Stories:
ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်ခေါ်သက်သေ စစ်ဆေးရန် ၅ ဦးသာ ကျန်
မြန်မာနိုင်ငံမှာ ကျူးလွန် ဖောက်ဖျက်တဲ့သူတွေက အာဏာရှိတဲ့သူ
အဂတိ တိုက်ဖျက်ရေး ကော်မရှင် တနှစ်ပြည့်ပြီ