အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုပြည်နယ်အတွင်းမှာ ၂၇ ရက်နေ့ ညပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေကတော့ ပျက်စီးနေတဲ့ အိမ်တွေနဲ့ လမ်းတွေကြားမှာ ရှိနေပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်မှုမှာ လူတယောက် သေဆုံးပြီး လူပျောက်ဆုံးမှုတွေလည်း ရှိနေပါတယ်။
Dayton မြို့မှာ လူ ၈သောင်းကျော်ဟာ လျှပ်စစ်မီး မရဘဲ ရှိနေတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ လက်ထောက်ဦးစီးမှူးဖြစ်သူ Nicholas Hosford က ABC သတင်းဌာနကို ပြောပါတယ်။
“အိမ်တွေ အားလုံး ပြားပြားဝပ်သွားခဲ့ပြီ။ အဆောက်အဦရဲ့ နံရံတွေလည်း ပြိုပျက်သွားတယ်။ ကျနော့်အထင်တော့ ဒီလောက်ကြီးမားတဲ့ လေဒဏ်ကို ခံနိုင်ရည်ရှိအောင် ဆောက်ထားတဲ့ အိမ်ရယ်လို့ မရှိဘူး”လို့ Nicholas Hosford က ထပ်မံ ဖြည့်စွက် ပြောကြားပါတယ်။
တနင်္လာနေ့က တိုက်ခတ်ခဲ့တဲ့ ဒီလေဆင်နှာမောင်းဟာ အမေရိကန်နိုင်ငံအတွင်းက ပြည်နယ် ၈ ခုကို တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ အမျိုးသား သမုဒ္ဒရာနဲ့လေထုစီမံရေးရာ ဝန်ကြီးဌာနက ဆိုပါတယ်။
သေဆုံးသူဟာ အသက် ၈၁ နှစ်အရွယ် အဘိုးအိုဖြစ်ပြီး လေနဲ့အတူ လွင့်လာတဲ့ ကားက အိမ်ထဲကို ဝင်ရောက်ကာ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အခြားသေဆုံးသူတွေနဲ့ ဒဏ်ရာ ရသူတွေလည်း ရှိနေနိုင်တယ်လို့ Nicholas Hosford က ပြောပါတယ်။
Ref;AFP
You may also like these stories:
ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်ဖြေရှင်းနေတဲ့ ထိပ်တန်း ၃ နိုင်ငံ
၂၀၁၉ ခုနှစ်မှာ နေထိုင်ဖို့ သင့်တော်တဲ့ မြို့ကြီးများ
သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံများ
အသားစားသုံးမှု နည်းသော နိုင်ငံများ