ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီ တခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဥက္ကဋ္ဌ နေရာအား မကြာမီ ရက်ပိုင်းအတွင်း ကျင်းပတော့မည့် ဒုတိယအကြိမ်မြောက် ပါတီ ညီလာခံတွင် ရွေးချယ် တင်မြောက် သွားမည် ဖြစ်သည်။
ANP ပါတီ၏ ဒုတိယ အကြိမ် ပါတီညီလာခံကို စစ်တွေမြို့ အာရိယန် စားသောက်ဆိုင်တွင် မေလ ၃၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၂ ရက်တာ ကျင်းမည် ဖြစ်ပြီး ထိုညီလာခံတွင် ANP ဥက္ကဋ္ဌ ကို ရွေးချယ်မည် ဖြစ်ကြောင်း လက်ရှိပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။
ဦးခိုင်ပြည်စိုး က “ကျနော်တို့ ပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုတာ့ အခု ကျင်းပမယ့် ညီလာခံမှာ ရွေးမယ်။ အရည်အချင်း သတ်မှတ်ထားတာတော့ မရှိဘူး။ ညီလာခံမှာ ဗဟိုကော်မတီဝင် ၆၃ ဦး ရွေးချယ်မယ်။ အဲဒီအထဲက ဗဟို အလုပ် အမှုဆောင် ၂၅ ဦးကို ထပ်ရွေးမယ်။ အဲဒီအထဲကပဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့တွေကို ရွေးချယ် တင်မြောက် သွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
နုတ်ထွက်စာ တင်ထားသည့် ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ အေးမောင်ကိစ္စနှင့် ပတ်သက်ပြီး ANP ပါတီအနေဖြင့် ရွေး ကောက် ပွဲဆိုင်ရာ ဥပဒေ အတိုင်း ဆုံးဖြတ်ထားကြောင်းလည်း ပါတီခေါင်း ဆောင်များက ပြောသည်။
ဦးခိုင်ပြည်စိုးက “ဒေါက်တာအေးမောင်ကိစ္စနဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ဖော်ပြထားတဲ့ အတိုင်းပဲ အကျဉ်း ကျခံနေရသူ တဦးအနေနဲ့ နိုင်ငံရေး ပါတီမှာ ပါဝင်ခွင့် မရဆိုတဲ့အတွက် ပါတီဥပဒေက ရွေးကော်ပွဲဆိုင်ရာ ဥပဒေ အောက်မှာပဲ သွားရတဲ့အတွက် အဲဒီ အတိုင်းပဲ ကျနော်တို့ ဆုံးဖြတ်ချက် ချထားပါတယ်” ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီမှ လက်ရှိခေါင်းဆောင်တဦးဖြစ်သူ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကတော့ လစ်လပ်နေသည့် ပါတီ ဥက္ကဋ္ဌ နေရာတွင် လူလတ်ပိုင်း ပါတီဝင် များထဲမှ ရွေးချယ် တင်မြောက် သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးဖေသန်းက “လူငယ်၊ လူလတ်ပိုင်းတွေကို ဦးစားပေး ရွေးချယ်သွားဖို့ ရှိတယ်။ လူလတ်ပိုင်း အသက် ၅ဝ ကျော် အရွယ်တွေကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာတွေမှာ ရွေးချယ်ဖို့ရှိတယ်။ နောက်လူငယ်တွေကို ဗဟိုကော်မတီဝင် နေရာတွေမှာ ရွေးချယ် တင်မြောက်ဖို့ အဲဒီလို မူဝါဒ အသစ်တွေချမှတ်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
ယင်းအပြင် ဒုတိယအကြိမ်ကျင်းမည့် ပါတီညီလခံတွင် ပါတီမူဝါဒ ဦဆောင် ကော်မတီဆိုသည့် အဖွဲ့ဝင် (၇) ဦး ပါဝင်သည့် အချက်တခုလည်း ပါတီဖွဲ့စည်းပုံတွင် ထည့်သွင်း ပြဌာန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ဦးခိုင်ပြည်စိုးက “ပါတီမူဝါဒ ဦးဆောင်ကော်မတီဆိုတဲ့ အဖွဲ့ဝင် ၇ ဦးကို တင်မြောက်မယ် ။ ညီလာခံကကို တိုက်ရိုက်ရွေးချယ်မှာ။ အဲဒီကော်မတီက ဗဟိုကော် မတီထက်လည်း အဆင့်မြှင့်မယ်။ ညီလာခံပြီးဆုံးတာနဲ့ ၇ ဦးဟာ ပါတီတခု လုံးရဲ့ အဆင်အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်မယ်။ အဲဒီလို ရွေးချယ်မယ်။ အဲဒါကတော့ ထူးခြားချက် တချက်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ညီလာခံတွင် ပါတီမှ နုတ်ထွက်စာ တင်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ ကိစ္စနှင့် ပတ်သက်ပြီး နုတ်ထွင်ခွင့် ပေးသွားမည် မဟုတ်ကြောင်း သိရသည်။
ဦးခိုင်ပြည်စိုးက “သူတို့ဟာ ဒီပါတီကနေ ရွေးကောက်ပွဲ ဝင်ခဲ့တာ ဖြစ်တယ်။ ANP ပါတီ နာမည်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့ ဘယ်လောက်ပဲ ထွက်ခွင့် တောင်း ရွေးကောက်ပွဲ ကာလတခု ပြီးဆုံးပြီးမှပဲ ကျနော်တို့ သူ့ဟာသူ ရပ်ဆိုင်းသွားပါမယ်” ဟု ပြောသည်။
လက်ရှိအချိန်အထိ ANP ပါတီမှ တရားဝင် နုတ်ထွက်စာ တင်ထားသော လွှတ်တော် ကိုယ်စားလှယ်များမှာ စစ်တွေ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွေ၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တေ်ာ ကိုယ်စားလှယ် ဦးကျော်ဇောဦး၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်တို့ ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ကမူ “သူတို့ဟာ သူတို့ နုတ်ထွက်ခွင့်ပြုပြု၊ မပြုပြု ကျနော်ကတော့ နုတ်ထွက်ထားပြီးသား။ သဘောထား မတိုက်ဆိုင်လို့ နုတ်ထွက်ထားတာ တသက်လုံး ပါတီမှာ နေရမယ်လို့ ပါတီမူဝါဒမှာ မရှိဘူး။ နုတ်ထွက်ထားပြီ ဖြစ်တဲ့အတွက် သူတို့ ထွက်ခွင့်ပေးပေး၊ မပေးပေး စိတ်လည်း မဝင်စားတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ANP ပါတီ၏ ဥက္ကဋ္ဌ နေရာနှင့် ဗဟို ကော်မတီဝင် ရွေးချယ်မည့် ဒုတိယအကြိမ် ပါတီညီလာခံသို့ အပြစ်ပေး အရေးယူခြင်း မခံရသည့် လက်ရှိ ဗဟိုကော်မတီဝင် အားလုံးနှင့် လွှတ်တော် ကိုယ်စားလှယ် အားလုံး၊ မြို့နယ် တမြို့နယ်မှ ညီလာခံ ကိုယ်စားလှယ် ၅ ဦး၊ လူငယ်အဖွဲ့အစည်းမှ လူငယ် ကိုယ်စား လှယ် ၁၀ ဦး၊ အထူး ဖိတ်ကြားထားသူ ၁၀ ဦး၊ တတ်သိပညာရှင် ၁၀ ဦး၊ အမျိုးသား/သမီး ကိုယ်စား လှယ် ၁၀ ဦး တက်ရောက်ရန် ဖိတ်ကြား ထားကြောင်းလည်း သိရသည်။
ယင်း အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ ညီလာခံ ကိုယ်းစားလှယ်များ တက်ရောက်ခွင့် ရရှိမည် ဖြစ်ပြီး တက်ရောက်ပိုင်ခွင့် ရှိသူများအနေဖြင့်လည်း မဲပေး ပိုင်ခွင့် ရှိသလို ပါတီ ဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်ခံပိုင်ခွင့် ရှိကြောင်းလည်း လက်ရှိ ပါတီ ဒုက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဆိုသည်။
ရခိုင်အမျိုးသား ပါတီ၏ ဖွဲ့စည်းပုံတွင် ပါတီ ညီလာခံအား ၅ နှစ် တကြိမ် ကျင်းပရန် ပါရှိပြီး ပါတီ၏ ပထမ အကြိမ် ပါတီညီလာခံကို ပြီးခဲ့သော ၂၀၁၄ ခုနှစ်က ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်တွင် ကျင်းပခဲ့သည်။
ယင်း ပထမ အကြိမ် ညီလာခံကျင်းပစဉ်က ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုး တက်ရေး ပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီတို့ နှစ်ပါတီ ပေါင်းစည်းပြီး ANP ပါတီအဖြစ် အသစ်ထူထောင်ကာ ကျင်း ပခြင်းဖြစ်သည့်အတွက် ပါတီ၏ ဗဟို ကော်မတီဝင် အရေအတွက်ကို ၁၁၁ ဦး ဖြင့် ရွေးချယ်တင်မြောက် ကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိ ကျင်းပတော့မည့် ပါတီ၏ ဒုတိယ ညီလာခံတွင်မူ ပါတီ၏ ဗဟိုကော်မတီဝင် အရေအတွက်ကို ၆၃ ဦးဖြင့် အသစ်ပြန်လည် ရွေးချယ် တင်မြောက်သွားမည် ဖြစ်ကြောင်းလည်း ပါတီခေါင်း ဆောင်များက ဆိုကြ သည်။
ယင်း ရခိုင်ပါတီနှစ်ခု ပူးပေါင်းပြီး ANP ပါတီ၏ ပထမအကြိမ်မြောက် အဖြစ် ညီလာခံ ကျင်းပခဲ့စဉ်က ခေါင်းဆောင် ရွေးချယ်မှု အငြင်းပွားမှုများ၊ မပြေလည်မှုများ၊ မသမာမှုများ ရှိခဲ့သော်လည်း လက်ရှိ ကျင်းပမယ့် ဒုတိယအကြိမ် ညီလာခံတွင် ထိုသို့ သော ပြဿနာ မဖြစ်နိုင်ဟု ANP ခေါင်း ဆောင်များက မှတ်ချက်ပြုသည်။
ဦးဖေသန်းက “ပထမအကြိမ် သံတွဲညီလာခံတုန်းကတော့ ကျနော်တို့ နှစ်ပါတီ ပူးပေါင်းပြီး ကျင်းပခဲ့တာ ဖြစ်တဲ့အတွက် သူ့ဘက် ကိုယ့်ဘက် ဆိုပြီး အပြိုင်အဆိုင်တွေ၊ အငြင်း ပွားမှုတွေ၊ မသမာမှုတွေ တချို့ဖြစ်ခဲ့တာ ရှိတယ်။ အခုတော့ ပါတီ တခုတည်းရဲ့ အောက်မှာ ရှိကြတဲ့အတွက် လူမှန်နေရာ ဖြစ်ဖို့ အားလုံး ဆွေး နွေးတိုင်ပင်ပြီးတော့ လုပ်ဆောင်တာ ဖြစ်လို့ ပထမ အကြိမ်တုန်းကလို ဖြစ်မှာ တော့ မဟုတ်ဘူး” ဟု ပြောသည်။
You may also like these stories:
အဆုံးအရှုံးတွေ များလာတဲ့ ANP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး
ရခိုင်နိုင်ငံရေးမှာ စိတ်ဝင်စားစရာ ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲ
ရခိုင် တိုက်ပွဲ အတွင်း အရပ်သား နစ်နာမှုများကို ANP စုံစမ်း ဖော်ထုတ်မည်