နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် ဖမ်းဝရမ်း အထုတ်ခံထားရသည့် အမျိုး ဘာသာသာသနာ စောင့်ရှောက် ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူက အဖမ်းခံမည် ဧရာဝတီကို ပြောသည်။
“ကျုပ်က အခု ရန်ကုန်မှာ။ မဟနက သြဝါဒပွဲ ခေါ်ထားလို့ အဲ့ဒါတက်ဖို့ ရောက်နေတာ။ ဖမ်းဝရမ်းထုတ်ထားတယ် ကြားတာပဲ၊ ကျုပ် ဆီတော့ ဘယ်သူ့မှမလာ၊ ဘာစာမှ မရောက်ဘူး။ ဖမ်းချင်လည်း ဖမ်းပေါ့။ ဖမ်းဖို့ သူတို့တာဝန်၊ ကျုပ်ကတော့ ဖမ်းလည်း အဖမ်းခံ မှာပဲ။ ရင်ဆိုင်မှာပဲ”ဟု ဦးဝီရသူက ဖုန်းမှတဆင့် မိန့်သည်။
ဦးဝီရသူကို ဆုံးမ သြဝါဒပေးရန် နိုင်ငံတော် သံဃ မဟာနာယက (မဟန)က ညွှန်ကြားသဖြင့် ရန်ကုန်တိုင်း သံဃ မဟာနာယက အဖွဲ့ က မနက်ဖြန် မေလ ၃၀ ရက်နေ့တွင် ရွေတိဂုံ အရှေ့ဘက်မုဒ်ရှိ တိုင်းသံဃ မဟာနယက ရုံးတွင်သို့ လာရောက်ရန် မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားထားပြီး ဖြစ်သည်။
ထို့အပြင် အစိုးရကလည်း ဆရာတော် ဦးဝီရသူကို ဖမ်းဆီး အရေးယူရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်း က နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က)ဖြင့် တရားလို ပြုလုပ်တိုင်ကြားလာသဖြင့် ဖမ်းဝရမ်း အရ ဖမ်း ရမည် ဖြစ်ကြောင်း နေပြည်တော်မှ ဒုတိယ ရဲမှူးကြီးတဦးက ဧရာဝတီသို့ မနေ့က ညပိုင်းက ပြောသည်။
ဦးဝီရသူသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့် ပတ်သက်ပြီး တရား စွဲရန် အမှုတည်ဆောက်နေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဝီရသူ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ အသံဖိုင်များကို စိစစ်နေပြီး ယင်းပြော ဆိုချက်များသည် ဥပဒေနှင့် ညီညွှတ်မှု ရှိ၊ မရှိ သုံးသပ်နေကြောင်း၊ ဥပဒေနှင့်မညီပါက အရေးယူရမည် ဖြစ်ကြောင်း ယင်းဝန်ကြီး ဌာနမှ အမြဲတန်း အတွင်းဝန် ဦးမြင့်ဦးက မေလ ၈ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုထားသည်။
မနက်ဖြန် ကြာသပတေး ရန်ကုန်တိုင်း သံဃ မဟာနာယက ရုံးထံ ဦးဝီရသူ လာရောက်ချိန် ရဲတပ်ဖွဲ့ က ဖမ်းဆီး အရေးယူ မယူ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူများထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း သေချာသည့် အဖြေ မရသေးပါ။
“ကျုပ်အရင်ကတောင် ဒီထက်နှစ်အများကြီး ကျခဲ့တယ်၊ ထောင်ထဲလည်း နေခဲ့ဖူးတာပဲ၊ မကြောက်ပါဘူး။ ရင်ဆိုင်မှာပဲ။ အခုက ဒီမိုကရေစီ အစိုးရဆိုတော့ နှစ်အများကြီးနဲ့ ရက်ရက်စက်စက်တော့ လုပ်မယ် မထင်ပါဘူး”ဟု ဦးဝီရသူက ဧရာဝတီသို့ မိန့်ကြားခဲ့သည်။
ထက်နိုင်ဇော်နှင့် ဇာနည်မာန် ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှုရန် – ဦးဝီရသူကို အရေးယူနိုင်ဖို့ အစိုးရ ကြိုးစားနေ
ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဦးဝီရသူ၏ တရားပွဲ ပိတ်ပင်ခံရ
မျိုးချစ်ဆိုသူများ ဖိအားပေး၍ အစ္စလာမ် ယာယီဝတ်ပြုနေရာ ၃ ခုပိတ်ပေးရ