လွှတ်တော်တွင်းသို့ ရောက်ရှိနေသည့် တပ်မတော်နှင့် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)တို့ ပူးပေါင်းကာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မတချို့ ပြင်ဆင်နိုင်ရန် ဥပဒေကြမ်းတခု တင်သွင်းထားခြင်းကို ယနေ့ ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော်က ကြေညာခဲ့သည်။
ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ မောင်သင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄၀၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦးတို့ လက်မှတ် ရေးထိုး တင်ပြလာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်က မတ်လ ၁၅ ရက်နေ့က လက်ခံရရှိသဖြင့် ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လွှတ်တော် နာယက ဦးတီခွန် မြတ်က ပြောသည်။
ယခု ပြင်ဆင်မည် ဥပဒေပုဒ်မများမှာ သမ္မတ၏ လုပ်ပိုင်ခွင့်ကို လျော့ချမည့် အချက် ၂ ခုနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနှင့် သက်ဆိုင်သော အချက် ၁ ခု၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်သော အချက်တခုတို့ ပါဝင်ကြောင်း ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့သူ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ပြောသည်။
သမ္မတ၏ လုပ်ပိုင်ခွင့် ဖြစ်သည့် ပုဒ်မ ၂၄၈ (ဂ) ကို ပြင်ဆင်ရာတွင် ယခင်က သမ္မတသည် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနများကို ဖွဲ့စည်းနိုင်ကြောင်း၊ ချုံ့ နိုင်၊ ချဲ့နိုင်၊ ဝန်ကြီး အရေ အတွက် သတ်မှတ်နိုင်၊ တိုးနိုင် လျော့နိုင်ကြောင်း ပြဌာန်းထားသည်။
ယင်းအချက်ကို ပြည်နယ် သို့မဟုတ် တိုင်းဝန်ကြီးချုပ်များနှင့် ညှိနှိုင်းတိုင်ပင်ရမည်ဆိုသည့် စကားလုံး ထပ်ဖြည့်ခြင်း ဖြစ်သည်။
ပုဒ်မ ၂၆၄ တွင် ယခင်က နိုင်ငံတော် သမ္မတသည် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သူများကို တာဝန်မှ အနားယူရန် ညွှန် ကြားနိုင်သည်ဟု ပြဌာန်းထားရာ ယခုအခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန် ပျက်ကွက်ခြင်း ဆို သည့် စာသားကို ထပ်မံ ထည့်သွင်းလိုခြင်း ဖြစ်သည်ဟု သိရသည်။
တတိယ အချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ပုဒ်မ ၃၂၂ တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး၏ လုပ်ငန်း တာဝန်ဖြစ်သည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ၊ မရှိ စိစစ်ခြင်းများတွင် ဥပဒေပြု လွှတ်တော်များ၊ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်း များ၏ လုပ်ဆောင်ချက်များကိုလည်း အခြေခံ ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ၊ မရှိ အဓိပ္ပါယ် ဖွင့်ဆိုရမည်ဟု အသစ် ထပ်မံ ထည့်သွင်း လိုက်ခြင်း ဖြစ်သည်။
နောက်ဆုံးတချက် ဖြစ်သည့် ပုဒ်မ ၄၀၂ မှာ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်ပြီး ယင်းကော်မရှင်၏ ဆုံးဖြတ်ချက်သည် အ တည် ဖြစ်သည် အစား ပြည်ထောင်စု လွှတ်တော်သို့ အယူခံပိုင်ခွင့် ရှိသည်ဟု စကားလုံး ထပ်တိုးလိုက်ကြောင်း သိရသည်။
ယခု ဥပဒေကြမ်း မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ကြံ့ခိုင်ရေး ပါတီကပင် ဦးဆောင်တင်သွင်းခဲ့သော်လည်း လွှတ်တော်က ဖွဲ့စည်းပေးထားသည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအောက်သို့ ထည့် သွင်းရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ယခုလည်း ယခု ဥပဒေကြမ်းကို လွှတ်တော်က ဖွဲ့စည်းပေးထားသည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအောက်သို့ ရောက် ရှိသွားနိုင်သည့် အခြေအနေမျိုး ရှိသလို သီးခြား ဥပဒေကြမ်းတခုဖြင့် သွားရောက်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များက ပြောသည်။
ဒေါက် တာ မောင်သင်း က “လက်ရှိ အခြေအနေအရတော့ ခြေ/ဥမှာ ပြောတဲ့အတိုင်းပဲ သွားတယ်လေ။ စိစစ်ရေး ကော်မတီကနေ ၁၅ ရက် ၈ လ ၂၀၁၉ ရက် နေ့မှာ အစီရင်ခံစာ တင်မယ်။ အဲဒီ အစီရင်ခံစာတင်ပြီးရင် အရင် ၂၆၁ လိုလည်း ဖြစ်သွားနိုင်ပါတယ်။ သို့မဟုတ် ခြေ/ ဥ ကို လိုက်နာတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဆင့်တစ်ဆင့် အဖြေကို စောင့်ကြည့်ပြီးပဲ ပြောရမှာပေါ့။ အခုက ပထမ အ ဆင့်မှာ ခြေ/ဥ အတိုင်းပဲသွားတာဆိုတော့ ၂၆၁ လို ဖြစ်မယ်လို့တော့ မပြောနိုင်သေးပါဘူး”ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ အနေဖြင့် ယခုလို ပြင်ဆင်လိုသည့် အချက်များကို ဥပဒေကြမ်းတခု အနေဖြင့် သီးသန့် တင်သွင်းရန် မလိုဘဲ လွှတ် တော်တွင်း ဖွဲ့စည်းပြီး ဖြစ်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအောက်တွင် ဝင်ရောက် ဆွေးနွေး၍ ရနိုင်သည့် အချက်များ ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ ကိုယ်စားလှယ်တချို့ ထောက်ပြသည်။
NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က “အရင်ကလည်း ဖြစ်ခဲ့ပြီ။ အခုလည်း လာပြန်ပြီဆိုတော့ ဘယ်လို ဖြစ်မလဲ မသိသေးဘူး”ဟု ပြောသည်။
လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၂၀၀၈ ဖွဲ့စည်းပုံ စောလျင်စွာ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ တရပ် ဖွဲ့စည်းရန် အဆိုကို လွှတ်တော်သို့ တင်ပြပြီး လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အစည်းအဝေးများကို လွှတ်တော်တွင် အပတ်စဉ် ပြုလုပ်လျက် ရှိသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီး သီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
ဖွဲ့စည်းပုံ အခြေခံမူများ ပြင်ဆင်ရေး တပ်မတော်နှင့် ကြံ့ခိုင်ရေးတို့ မတင်သေး
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်း
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ လုပ်ရပ် အာဏာရှင် မဆန်ဖို့ တပ်မတော် တိုက်တွန်း