အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးအရေးယူမှုမှ ကင်းလွတ်ခွင့်ရနေသော်လည်း တပ်မတော်အဆင့်မြင့်အရာရှိများအပါအဝင် အဂတိတိုက်စားမှုများကို ဌာနာတွင်း ခုံရုးဖွဲ့စစ်ဆေးမှုများပြုလုပ်ပြီး အရေးယူလျက်ရှိသည်ဟု တပ်မတော်ကဆိုသည်။ သို့သော် ၎င်းတို့ စစ်ဆေးအရေးယူခဲ့သည်များကိုမူ အသေးစိတ်မထုတ်ပြန်ပေ။
“တပ်မတော်အနေနဲ့က မည်သည့် အဂတိလိုက်စားမှုကိုမှ ကျနော်တို့ လျစ်လျူရှုထားခြင်းမရှိဘူး။ အရေးယူလျက်ရှိတယ်” ဟု မေလ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်၏ အဂတိလိုက်စားမှုများအပေါ်ကိုင်တွယ်နေပုံကို သတင်းထောက်တဦးက မေးမြန်းရာတွင် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်က ဆောင်ရွက်ခဲ့သော အရေးယူမှုများတွင် ဗိုလ်ချုပ်ကြီးများနှင့် အဆင့်မြင့်အရာရှိများလည်း ပါဝင်ကြောင်း သူပြောသည်။
“ကျနော်တို့ တပ်မတော်မှာ ကျနော့်ထက်အဆင့်မြင်တဲ့လူတွေ အရာရှိကြီးအဆင့်ထိ အရေးယူခဲ့တာတွေ ရှိပါတယ်။ တရားဝင်ထုတ်ပြန်ခြင်း မပြုပါဘူး။ မေးလည်းမမေးနဲ့ မပြောဘူး။ အရေးယူပြီးဖြစ်တယ်” ဟု သူပြောသည်။
နိုင်ငံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ သို့သော် အဆိုပါကော်မရှင်သည် အဂတိလိုက်စားမှုကို ဟန့်တားရေးအတွက် သိသာထင်ရှားသည့် လုပ်ဆောင်ချက်များ မလုပ်နိုင်ခဲ့ပေ။
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ကော်မရှင်အသစ်က အဂတိလိုက်စားမှု ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ကော်မရှင်၏ လုပ်ပိုင်ခွင့်များကို တိုးချဲ့ပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်ပြီး စစ်ဆေးအရေးယူမှုများကို ယခင်ကော်မရှင်က လုပ်ဆောင်ခဲ့သည်ထက် များစွာ ပိုတိုး၍ဆောင်ရွက်ခဲ့သည်။
ကော်မရှင်သည် လွန်ခဲ့တနှစ်ခွဲအတွင်း ဝန်ကြီးချုပ်၊ တိုင်း ဥပဒေချုပ်၊ ဒုတိယခရိုင် တရားသူကြီးနှင့် တိုင်းဥပဒေအရာရှိများကဲ့သို့သော အဆင့်မြင့်အရာရှိများကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
သို့သော် ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် အဂတိလိုက်စားသူ မည်သူမဆိုကို ဥပဒေအရ အရေးယူစီရင်ပိုင်ခွင့်ရှိစေရမည် ဖေါ်ပြထားသော်လည်း တပ်မတော်နှင့်ပတ်သက်လျှင် စုံစမ်းအရေးယူနိုင်ခြင်းမရှိပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မှ အဂတိလိုက်စားမှုများကို တပ်တွင်းတွင် ကိုင်တွယ်ရန် အခွင့်အရေးပေးထားသောကြောင့် တပ်တွင်းအဂတိလိုက်စားမှုများသည် ကော်မရှင်၏ လုပ်ပိုင်ခွင့်ပြင်ပတွင်ရှိနေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ဦးအောင်ကြည်သည် စစ်ဘက်ဆိုင်ရာ တရားရုံးများဖွဲ့စည်းခြင်းနှင့်ပတ်သက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃ (ခ) နှင့် “စစ်ဘက်ဆိုင်ရာ တရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်”ဟုဖေါ်ပြထားသည့် ပုဒ်မ ၃၁၉ တို့ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပတ်သက်သော တိုင်စာ ၈ စောင်ကို လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ကော်မရှင်၏ အဆိုအရ သိရသော်လည်း ထိုအမှုများကို အရေးယူခြင်း ရှိမရှိနှင့် မည်ကဲ့သို့ဆောင်ရွက်ခဲ့သည်ကို မသိရပေ။ ဧရာဝတီ သတင်းဌာနက အင်္ဂါနေ့က ကော်မရှင် အဖွဲ့ဝင်တဦးကို ထိုတိုင်ကြားစာများအကြောင်းနှင့် ထိုလွှဲပြောင်းပေးပို့လိုက်သည့် တိုင်ကြားစာများအပေါ် တပ်၏ဆောင်ရွက်မှုများကို ဆက်သွယ်မေးမြန်းရာတွင် တပ်မတော်နှင့်ပတ်သက်သည့် အမှုများဖြစ်နေသဖြင့် မဖြေဆိုနိုင်ပါဟု ငြင်းဆိုခဲ့သည်။
ဧရာဝတီသတင်းဌာနက ၂၀၁၈ ခုနှစ်မေလက ရှားရှားပါးပါး သိရှိ ရေးသားဖော်ပြနိုင်ခဲ့သည့် အမှုတခုတွင်မူ လွှတ်တော်ကိုယ်စားလှယ်တဦးက သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တိုင်ကြားပြီးနောက် ကချင်ပြည်နယ် ဖါးကန့်မြို့နယ်တွင် အစိုးရက သက်တမ်းထပ်မံမတိုးတော့သည့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လာဘ်ယူကာ ဆက်လက်တူးဖော်ခွင့်ပြုခဲ့သော တပ်မတော် ထိပ်တန်းအရာရှိနှစ်ဦးကို တာဝန်မှ ရပ်ဆိုင်းကာ အရန်အင်အားသို့ပြောင်းရွှေ့ခဲ့သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူနေသူ ဗိုလ်ချုပ် ညီညီဆွေနှင့် ဖားကန့် အခြေစိုက် အမှတ် ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်ဇံတို့သည် လာဘ်ယူသောကြောင့် စုံစမ်းစစ်ဆေးခံရပြီး တာဝန်မှ ရပ်စဲခံရသည်။
“အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ တိုက်ရိုက်ကိုင်တွယ် အရေးမယူဘူးဆိုပေမယ့် ကျတော်တို့အရေးယူတာက ပိုပြင်းထန်တယ်။ စုံစမ်းကြည့်ပါ ပိုပြင်းထန်တာတွေ့လိမ့်မယ်။ ကျတော်တို့ သတိပေးရုံထက် dismiss လုပ်လိုက်ရုံနဲ့ မရဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်နယ်တိုင်း တပ်စခန်းများ၊ လွှတ်တော်၊ သမ္မတရုံးတို့ လက်ခံရရှိသော အဂတိလိုက်စားမှု တိုင်စာများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လွှဲပြောင်းပေးသော တိုင်စာများကို တပ်မတော်က စုံစမ်းစစ်ဆေးအရေးယူနေကြောင်း သူပြောသည်။
ပွင့်လင်းမြင်သာမှုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် မြန်မာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မဟာမိတ်အဖွဲ့ MATA မှ ထိပ်တန်းအဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းကပြောသည်။
“အရေးယူတယ်လို့ပြောရုံနဲ့မလုံလောက်ဘူး။ တကယ်အရေးယူရင် ဘယ်သူတွေကို ဘယ်အချိန်က အရေးယူတယ်ဆိုတာ ထုတ်ပြန်မှ ပြည်သူရဲ့ယုံကြည်မှုကိုရမယ်” ဟု သူပြောသည်။
“တကယ်က လူတိုင်းက ဥပဒေတခုတည်းအောက်မှာပဲ ရှိသင့်တယ်“ ဟုလည်း သူပြောသည်။
( San Yamin Aung ၏ Military Corruption is Being Handled Internally: Military Spokesperson ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
တပ်မတော် စစ်တိုင်းမှူး ၂ ဦးကို အပြောင်းအလဲပြုလုပ်
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို တပ်မတော်တွင် အကြံပေး အရာရှိ ပြန်ခန့်
မကွေးဝန်ကြီးချုပ်၏ မြေသိမ်းမှု ဝေဖန်ချက် ပြည်သူနှင့် ရန်တိုက်ပေးခြင်းဟု တပ်မတော် ပြော