ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦးကို စစ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (တပ်ချုပ်) ထံသို့ အသနားခံစာ တင်ပြသဖြင့် လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိရသည်။
ရဟန်းရှင်လူများက စစ်သည်၊ အရာရှိများကို ပြစ်ဒဏ် လျော့ပေါ့ပေးရန် တပ်ချုပ်ထံသို့ တင်ပြလာခြင်းနှင့် ၎င်းတို့ ၇ ဦးသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းကို ထောက်ရှု့ပြီး တပ်မတော် အက် ဥပဒေ ပုဒ် မ ၁၆၈(၂)၊ ပုဒ်မ ၁၈၈ (၂) (ဂ) ပါ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်အစား အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်သို့ တပ်ချုပ်ကိုယ်တိုင် လျော့ပေါ့ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဲလို လျော့ပေါ့ အတည်ပြုလိုက်တာမို့ ၂၀၁၈ ခုနှစ်၊ ၁၁ လပိုင်းမှာ ထောင်ကနေ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အသနားခံစာ တင်လိုက်တော့ တပ်မတော် ဥပဒေအရ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အင်းဒင်ကျေးရွာ၊ ပဲရုံ သုဿန်တွင် မွတ်စလင် ၁၀ ဦးကို အင်းဒင်ရွာခံတချို့ နှင့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းသုတ်သင်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ပါဝင်သူများကို အရေးယူသွားမည်ဟု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယင်းလူသတ်မှုတွင် ပါဝင်ခဲ့သူ အခြား ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ရွာသား ၆ ယောက်မူ နယ်ဘက် ဥပဒေနှင့် အရေးယူရန် သမ္မတရုံးက ပြည် ထဲရေး ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့သဖြင့် အရေးယူခဲ့ကြောင်း သိရသော်လည်း ၎င်းတို့၏ နောက်ဆက်တွဲ အခြေအနေကို အ တိအကျ မသိရသေးပါ။
သို့သော် ယင်းလူသတ်မှုတွင် ပါဝင်ခဲ့သူ အင်းဒင်ရွာမှ ကျောင်းဆရာ ဦးအေးထွန်း ဆိုသူကို မောင်တောခရိုင် တရားရုံး က ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂) / ၃၄ တရားစွဲဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသော်လည်း ယနေ့အချိန်အထိ လွတ်မြောက်လာခြင်း မရှိကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က “စစ်တရားရုံးက ချတာကို အယူခံတော့ တပ်က လုပ်ပိုင်ခွင့် ရှိတယ်။ အဲလိုဆိုရင် အရပ်သားတွေကို သမ္မတက စဉ်းစားပေးဖို့ လိုတယ်။ တပ်မတော်က စစ်ခုံရုံးနဲ့ စစ်တာကို အယူခံ ကာလမှာ လွှတ်ပေးလိုက်တာက ဥပဒေနဲ့ ညီပါတယ်။ တဖက်မှ သူတို့ခိုင်းမှ လုပ်ရတဲ့ အရပ်သားတွေကို မလွှတ်ပေးဘူးဆိုရင်တော့ တန်းတူညီမျှမှု မရှိဘူး။ တရားမျှတမှု မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အင်းဒင်ကိစ္စနှင့် ပတ်သက်၍ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပြီး စစ်တွေထောင်သို့ အပို့ခံထားရသည် အရာရှိ၊ စစ်သည် ၇ ဦး တို့ သည် အရာရှိ စစ်သည်များ၏ စစ်ဘက် ဥပဒေဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများအရ အသနားခံစာ တင်ခွင့် ရှိရာ အယူခံကို စစ်တွေ အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဥပဒေချုပ်ရုံးက အမှုဖြစ်စဉ်နှင့် အသနားခံစာအပေါ်တွင် လေ့လာသုံးသပ်ပြီး စစ်တရားရုံး၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း၊ ပြစ်ဒဏ် ချမှတ်ထားရသည့် စစ်သည်များသည် ဥပဒေအရ ကျခံသင့်သည့် ပြစ်ဒဏ်များကို ကျခံရခြင်း ဖြစ်ကြောင်း အကြံပြုခဲ့သည်။
သို့သော် မူလက ယင်းတပ်မတော်သားများသည် အပြစ်တစုံတရာ ကျူးလွန်ခဲ့မှု မရှိခြင်း၊ ရည်ရွယ်ချက် ရှိရှိဖြင့် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်းကို စစ်ဥပဒေချုပ်ရုံးမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကို အကြံပြု တင်ပြသည့်အခါ တပ်ချုပ်က စစ်တရား ရုံးဖြင့် စစ်ဆေးထားသည့်အမှုကို တပ်မတော် အက်ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သူတို့ရဲ့ Intension ပေါ့။ ပြစ်မှု ကျူးလွန်ခဲ့တဲ့ Intension ကလည်း သူတို့ရဲ့ စိတ်ဆန္ဒအရ သတ်ဖြတ်လိုရင်း ဆောင်ရွက်ခဲ့တာ မဟုတ်ဘဲနဲ့ ပဋိပက္ခများ အပေါ်မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ လုပ်ထုံးလုပ်နည်း လွဲမှားခဲ့တယ်လို့ သုံးသပ်ခဲ့တယ်။ အဲဒါတွေကို ရေးသားဖော်ပြပြီးတော့မှ အသနားခံစာကို ကျနော်တို့ စစ်ဥပဒေချုပ်ရုံးဆီကို ဆက်ပို့ခဲ့တယ်” ဟု ရှင်းပြသည်။
အမှုဖြစ်စဉ် ဖြစ်ပွားခဲ့စဉ် ကာလက အကြမ်းဖက်သမား ၁၀ ဦးကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေဆဲ ကာလသည် ဘူးသီးတောင်၊ မောင်တောတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် အချိန်ဖြစ်ပြီး ရဲစခန်းမှာ မအပ်နှံနိုင်ခဲ့ကြောင်း၊ ထိုအချိန်က ရဲစခန်းများမှာလည်း အတိုက်ခံထားရကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မအပ်နိုင်ဘဲနဲ့ စစ်ကြောင်းမှာ ထိန်းသိမ်းထားတယ်။ အကြမ်းဖက်မှုတွေကြောင့် အင်းဒင် စာသင်ကျောင်းမှာ လာရောက်ခိုလှုံနေရတဲ့ ဒေသခံ တိုင်းရင်းသားတွေက ဂလဲ့စားချေဖို့ တပ်ကို လာပြောတယ်။ ဒီရွာသား ၁၀ ဦးကလည်း မှန်တယ်။ အဲဒီအထဲမှာ အင်းဒင်မှာ ရှိတဲ့ တိုင်းရင်းသားဒေသခံ ရွာသားတချို့ကို သတ်ဖြတ်ခဲ့သူတွေပါ” ဟု ပြောသည်။
၎င်းက ဆက်၍ “အသတ်ခံရသူရဲ့ မိသားစုဝင်တွေက ဂလဲ့စားချေဖို့ လာရောက်တောင်းဆိုတယ်။ ပတ်ဝန်းကျင်ရဲ့ စေ့ဆော်မှုအရ ဒီလိုရှုပ်ထွေးနေတဲ့ အချိန်မှာ ဒီလိုကာလမှာ မူလ Intension မရှိပေမယ့် ပါဝင်ပြီးတော့ လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ အားပေး မှုကို ဆောင်ရွက်ခဲ့တယ်။ ကိုယ်တိုင် ကျူးလွန်မှုကိုလည်း ဆောင်ရွက်ခဲ့ကြောင်း တွေ့ရတယ်” ဟု ပြောသည်။
ယခု ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်သည် အခွင့်ထူးခံ လူတန်းစားတရပ် ဖြစ်သည်ကို တွေ့ ရကြောင်း ရန်ကုန်မြို့မှ နိုင်ငံ ရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
အစ္စလာမ် ဘာသာဝင်လည်း ဖြစ်သူ ဦးထွန်းကြည် က “ဒီဖြစ်စဉ် ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သည် နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတခုလို့ မည်သို့ပင် ဆိုစေကာမူ အခွင့်ထူး ခံနေတာကို တွေ့ရတယ်။ ဖြစ်ရပ်ကို ထောက်ရှု့ ကြည့်ခြင်းအားဖြင့် တရားမျှတမှု လုံးဝ မရှိဘူးလို့ ပြောချင်တယ်” ဟု ပြောသည်။
အင်းဒင်ကျေးရွာ လူသတ်မှုကို ဖော်ထုတ်ခဲ့သည့် ရိုက်တာ သတင်းထောက် ၂ ဦးကိုလည်း တပ်မတော်က နိုင်ငံတော် လျို့ ဝှက်ချက် ပေါက်ကြားမှုဖြင့် အမှုဖွင့်သဖြင့် အမှုစစ်ဆေးကာ တရားရုံးက ထောင်ဒဏ် ၇ နှစ် အပြစ် ပေးခဲ့သော်လည်း ပြီးခဲ့သည့် မေလ ၇ ရက် နေ့က သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက် လာပြီ ဖြစ်သည်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင်များကို အကြီးအကျယ် ထွက်ပြေးစေခဲ့သော စစ်ဆင်ရေး ကာလအတွင်း ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် စစ်ခုံရုံး တရုံးကို တပ်မတော်က ၂၀၁၉ ခုနှစ်၊ မတ်လက ဖွဲ့ စည်းခဲ့သည်။
ဗိုလ်ချုပ်တဦးနှင့် ဗိုလ်မှူးကြီးနှစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသော အဆိုပါ တရားရုံးသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပြီး ယင်းအရေး အခင်းများကြောင့် ပေါ်ပေါက် လာနေသည့် နိုင်ငံတကာ ဖိအားများကို တန်ပြန်ရန် ရည်ရွယ်ပုံရကြောင်း ရခိုင်အရေး လေ့လာ စောင့်ကြည်သူများက ပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီး မြန်မာ လုံခြုံရေးစခန်းများကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက် ခိုက်ခြင်းအား မြန်မာလုံခြုံရေး တပ်ဖွဲ့ ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ၂၀၁၈ ခုနှစ်က ထုတ်ပြန်ရာ၌ “စစ်တပ်၏ လုပ်ဆောင်ချက်များသည် လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်၍ အကွက်ချ လုပ်ဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား ဗိုလ်ချုပ်ကြီး ၅ ဦးတို့အပေါ် နိုင်ငံ တကာဥပဒေအရ အကြီးလေးဆုံး ပြစ်ဒဏ်ချမှတ်ရန် ထောက်ခံကြောင်း” ဖော်ပြထားခဲ့သည်။
သို့သော် ယင်းစွပ်စွဲချက်များကို မြန်မာအစိုးရက ဆက်တိုက် ပယ်ချခဲ့ပြီး ခိုင်မာသည့် အချက်အလက် အထောက် အထားပေးရန် ပြန်လည် တောင်းဆိုခဲ့သည်။
ဆက်စပ်ဖတ်ရှူရန် – အင်းဒင်ရွာ လူသတ်မှုဖြင့် အရေးယူခံရတဲ့ တပ်မတော်သားတွေ ဘယ်ရောက်သွားသလဲ