ထိုင်းနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ်နှင့် စစ်အစိုးရခေါင်းဆောင် ပရာယွဒ် ချန်အိုချာသည် အကျွမ်းတဝင်မရှိသော နိုင်ငံရေးနယ်ပယ်သို့ ခြေချလိုက်သောကြောင့် စမ်းသပ်မှုများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံရေးနယ်ပယ်တွင် သူ၏ စစ်အစိုးရ လိုလားသော ညွန့်ပေါင်းအဖွဲ့သည် မဲအနည်းငယ်မျှသာ ပိုမိုများပြားသည့် အများစုအနေအထားကို ရရန် အလားအလာရှိနေသည်။
သို့သော် ထိုအနေအထားသည် ၅ နှစ်ကြာမြင့်နေပြီဖြစ်သော စစ်အုပ်ချုပ်ရေးကာလအတွင်း ပရာယွဒ် ရရှိခဲ့သည့် အကြွင်းမဲ့အာဏာ အနေအထားထက် များစွာ ပိုမိုနိမ့်ကျ နေမည်ဖြစ်သည်။ ထိုစဉ်က သူသည် ပုဒ်မ ၄၄ ဖြင့် သူ၏အာဏာကို ကျားကန်ထားခဲ့သော်လည်း ယခု သူ၏ အစိုးရသစ်မှာ အခြေခံဥပဒေသစ်အရ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရလာသော ပါတီများ စုပေါင်း၍ ညွန့်ပေါင်းအစိုးရသာ အနိုင်နိုင် ဖွဲ့ရမည့် အနေအထားဖြစ်သည်။
ပရာယွဒ်သည် လာမည့်ရက်များအတွင်း ညွှန့်ပေါင်းအစိုးရ နိုင်ငံရေး၏ အရသာကို မြည်းစမ်း ရတော့မည်ဖြစ်သည်။ စစ်တပ်လိုလားသော ညွှန့်ပေါင်းအဖွဲ့ကို ဦးဆောင်သည့် သူ၏ ပလန် ပရာချာရက် ပါတီသည် အောက်လွှတ်တော်တွင် အနည်းငယ် အသာစီးရနေပြီး စစ်အစိုးရကရွေးချယ်ထားသည့် အထက်လွှတ်တော်ကလည်း ဝန်ကြီးချုပ်ရွေးချယ်ရာတွင် ပါဝင်မည်ဖြစ်သောကြောင့် သူသည် အစိုးရသစ်တွင် ဝန်ကြီးချုပ်ဖြစ်ရန် ထိပ်ဆုံးမှ ရေပန်းစားနေသူဖြစ်သည်။
သို့သော် သူဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့၏ သက်တမ်းကိုမူ မေးခွန်းထုတ်စရာဖြစ်နေသည်။
ပရာယွဒ် ဦးဆောင်သော ပလန်ပရာချာရက် ညွှန့်ပေါင်းသည် နိုဝင်ဘာလကုန်အထိ ခံလျှင် ကံကောင်းလှပြီဟု မဟာမိတ်များကပင် ပြောဆိုနေကြသည်။ “ဦးစားပေးတွေကတော့ ကျနော်တို့ရဲ့နိုင်ငံရေးပြက္ခဒိန်မှာ အရေးကြီးတဲ့ ရက်တွေမှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးပဲ” ဟု ပရာယွဒ်၏ ပါတီတွင်း သတင်းရင်းမြစ်တခုက Nikkei Aisan Review ကို ပြောသည်။
ထိုအရေးကြီးသော ရက်များမှာ ဇွန်လတွင် ကျင်းပမည့် ASEAN ထိပ်သီးဆွေးနွေးပွဲ၊ ဂျပန်တွင် လာမည့်လတွင် ကျင်းပမည့် G-20 အစည်းအဝေးတွင် ဝန်ကြီးချုပ်က ASEAN အကြီးအကဲအဖြစ် မိန့်ခွန်းပြောချိန်နှင့် နိုဝင်ဘာလတွင်ကျင်းပမည့် ဒုတိယအကြိမ် ASEAN ထိပ်သီးဆွေးနွေးပွဲတို့ ဖြစ်သည်။
ထိုင်းနိုင်ငံသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါသည့် ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် ASEAN တွင် ဥက္ကဌအဖြစ် လတ်တလော တာဝန် ထမ်းဆောင်နေသည်။
“ဒါတွေပြီးသွားရင်တော့ အရာရာဖြစ်လာနိုင်တယ်။ ဒီအစိုးရရဲ့ အနာဂတ်ကို ခန့်မှန်းလို့မရဘူး” ဟုလည်း သူက ပြောသည်။
စစ်ဖက်ထိပ်တန်းအရာရှိများသည်လည်း စစ်တပ်လိုလားသော ညွှန့်ပေါင်းအစိုးရမှ ဖြစ်လာနိုင်ခြေရှိသော ပြသနာများနှင့်ပတ်သက်ပြီး စမ်းတဝါးဝါးဖြစ်နေကြသည်။ စစ်ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ အဆိုအရ လူထုစစ်တမ်းများက ၅ နှစ်ကြာ စစ်အုပ်ချုပ်ရေးကို စိတ်ကုန်နေကြောင်းပြသနေသည်ဟု သိရသည်။
ပရာယွဒ် ဦးဆောင်သောအစိုးရ အာဏာရှိနေခြင်းသည် ရေရှည်တွင် စစ်တပ်အတွက် အလားအလာ မကောင်းလှကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်တခုက ဆိုသည်။ “အစိုးရသစ်ရဲ့ အဖွဲ့ဝင်တွေကို ရွေးချယ်ပုံကြောင့် အခြေအနေတွေ ပိုဆိုးလာနိုင်တယ်။ အဲဒီလူတွေဟာ အဂတိလိုက်စားတယ်လို့ လူထုက ထင်ရင်ပေါ့” ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် စနေနေ့တွင် ပလန်ပရာချာရက်ပါတီသည် ညွှန့်ပေါင်းအစိုးရ နိုင်ငံရေး၏ ပထမဆုံး အတွေ့အကြုံကို ခံစားခဲ့ရသည်။ အမျိုးသားလွှတ်တော် သို့မဟုတ် အောက်လွှတ်တော်၏ ကနဦးအစည်းအဝေးတွင် ပလန်ပရာချာရက်ပါတီသည် လွှတ်တော်ဥက္ကဌရာထူးအတွက် မဲခွဲရာတွင် မဲအနည်းငယ်သာ ရသည်။
နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဒီမိုကရက်ပါတီမှ ဝန်ကြီးချုပ်ဟောင်း ချွန်လီပိုင်ကို ၂၅၈ မဲ၊၂၃၅ မဲဖြင့် ရွေးချယ်ခဲ့ကြသည်။ သူသည် စစ်တပ်လိုလားသောအုပ်စုက မူလက အဆိုတင်သွင်းသူ မဟုတ်ပါ။ နောက်ကွယ်မှ အပေးအယူပြုလုပ်ပြီး နောက်ဆုံးအချိန်ကျမှသာ ဥက္ကဌလောင်းဖြစ်လာသည်ဟု နိုင်ငံရေးပိုင်းမှ အတွင်းလူများက ဆိုကြသည်။
ထိုကိစ္စသည် ကြားနေပါတီဖြစ်သော ဒီမိုကရက်တို့၏ အောက်လွှတ်တော်နေရာ ၅၂ နေရာကို စစ်တပ်လိုလားသော အုပ်စုကို ထောက်ခံရန် အပေးအယူလုပ်သည့်သဘောဖြစ်သည်။
“ပလန်ပရာချာရက်ပါတီက အများစု အနေအထား ထိန်းသိမ်းနိုင်ဖို့ ဘယ်အပေးအယူမဆို လုပ်ဖို့ စိတ်အားထက်သန်နေကြောင်း ဒါက ပြသနေတယ်” ဟု အရှေ့မြောက်ပိုင်းရှိ အူဘုမ်ရက်ချ်ဌာနီ တက္ကသိုလ်မှ နိုင်ငံရေးကျွမ်းကျင်သူ တီတီပို ဖက်ဒီဝါနစ်ပြောသည်။ “အစိုးရသစ်ဖွဲ့တဲ့အထိ ဒီပုံအတိုင်းဆက်သွားမှာပဲ။ ထုတ်မပြောတဲ့ကိစ္စတခုက ညွှန့်ပေါင်းအဖွဲ့အတွက် ထောက်ခံမှုရဖို့ ငွေတွေအများအပြား သုံးခဲ့တယ်ဆိုတဲ့ အချက်ပဲ” ဟုလည်း သူပြောသည်။
ငွေအတွက် ညွန့်ပေါင်းတဖွဲ့မှ အခြားတဖွဲ့သို့ ပြောင်းလိုသော ပါလီမန် ကိုယ်စားလှယ်များအတွက် သုံးခဲ့သောငွေကို ခန့်မှန်းသည့်ပမာဏမှာ အမျိုးမျိုးဖြစ်နေသည်။ ဘတ် ၁၀ သန်းမှ သန်း ၄၀ အထိရှိသော ကြိုတင်ပေးငွေများအကြောင်း ပြောနေကြသည်ဟု နိုင်ငံရေးအတွင်းလူအချို့က ဆိုသည်။
လက်ရှိအချိန်အထိ စစ်တပ်လိုလားသော ညွန့်ပေါင်းအတွင်း အလတ်စားနှင့် အသေးစားပါတီ ၂၀ နီးပါးရှိနေပြီး ထိုင်းညွန့်ပေါင်းအစိုးရ သမိုင်းတွင် စံချိန်ချိုးနေသည်။ ထိုညွှန့်ပေါင်းသည် အကွဲကွဲအပြဲပြဲနှင့် ထိန်းချုပ်မရဘဲ အဆုံးသတ်သွားနိုင်ကြောင်း သုတေသီများက ပြောသည်။
ထိုအခြေအနေသည် ၂၀၁၄ ခုနှစ် မေလ အာဏာသိမ်းပွဲအပြီး ပရာယွဒ် ပထမအကြိမ် ဝန်ကြီးချုပ် အဖြစ်ဆောင်ရွက်စဉ်က အခြေအနေနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ ထိုစဉ်က စစ်တပ်က ရွေးချယ်ထားသည့် မျက်နှာချိုသွေးလိုသော ကိုယ်စားလှယ်များသည် ဥပဒေကြမ်းများကို ကန့်ကွက်သူမရှိသလောက်ပင် ထောက်ခံခဲ့ကြသည်။ အဖွဲ့ဝင် ၂၅၀ ပါဝင်သည့် ဥပဒေပြု လွှတ်တော်တွင် စစ်အရာရှိဟောင်းနှင့် လက်ရှိစစ်အရာရှိ ၁၄၀ ခန့် ပါဝင်ခဲ့သည်။
ထိုင်းနိုင်ငံမှ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်သော Internet Law Reform Dialogue (iLaw) ၏ အဆိုအရ စစ်အစိုးရ၏ ဥပဒေပြု လွှတ်တော်သည် ဥပဒေပေါင်း ၄၁၂ ခုကို အတည်ပြုခဲ့သည်။ ထိုင်းစစ်အစိုးရအနေဖြင့် ပြည်သူများကို စောင့်ကြည့်ထောက်လှမ်းနိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေ ပထမမူကြမ်းမှာ နမူနာတခုပင်ဖြစ်သည်။ ထိုဥပဒေကို ဒီဇင်ဘာလက ထောက်ခံမဲ ၁၇၃ မဲဖြင့် အတည်ပြုခဲ့ပြီး ပျက်ကွက်မဲမရှိခဲ့ပါ။
ဘဏ္ဍာရေးသုတေသီများကလည်း ပရာယွဒ်၏ ရာထူးသက်တမ်းသစ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြသည်။ ဘန်ကောက်အခြေစိုက် နိုင်ငံတကာ ဘဏ္ဍာရေး အတိုင်ပင်ခံလုပ်ငန်းတခုမှ သုတေသီများက နောင်တွင် နိုင်ငံရေး အကျပ်အတည်းဖြစ်လာမည်ဟု မြင်ကြသည်။
“ပရာယွဒ်အစိုးရဟာ ဥပဒေတခု အတည်ပြုဖို့လိုတိုင်း မဲရမယ့် ပုံမပေါ်ဘူး။ အစိုးရ မရှိသလိုဖြစ်နေမယ်” ဟု ထိုသုတေသီကပြောသည်။ အရေးပါသောမူဝါဒများနှင့် ပြုပြင်ပြောင်းလဲရေးများတွင် တိုးတက်မှုရှိမည် မဟုတ်ကြောင်း သူပြောခြင်းဖြစ်သည်။
မတ်လ ၂၄ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲတွင် ပလန် ပရာချာရက်ပါတီသည် မဲဒုတိယအများဆုံးရရှိခဲ့ပြီး ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုလားသော ဖွေ့ထိုင်းပါတီက နေရာ ၅၀၀ ရှိသော အောက်လွှတ်တော်တွင် နေရာအများစု ရရှိခဲ့သည်။ သို့သော် ၎င်းဦးဆောင်သော ဒီမိုကရက်တစ် တပ်ဦး ညွန့်ပေါင်းသည် ကြားပါတီများကို မစည်းရုံးနိုင်သဖြင့် အများစုအနေအထားမရရှိခဲ့ပေ။
ကိုးကား ။ ။ Nikkei Asian Review, Reuters
ဆက်စပ်ဖတ်ရှုရန်
ထိုင်းရွေးကောက်ပွဲ ဘယ်သူနိုင်သလဲ
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဆုတံဆိပ်များ ရုပ်သိမ်းခံရ
စက်မချုပ်ချင်ဘူး၊ ပြည့်တန်ဆာပဲ လုပ်ချင်တယ်