သတင်း

ရန်ကုန် ဒုမြို့တော်ဝန်အား ကန့်ကွက်ချက် ဝန်ကြီးချုပ်ထံ တိုက်ရိုက် ပို့ထားဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် ဒု မြို့တော်ဝန် ဦးစိုးလွင်နှင့် ပတ်သက်၍ ကန့်ကွက်ထားသည့် ကိစ္စရပ်များကို ဝန်ကြီးချုပ်ထံသို့ တိုက်ရိုက် စာရေးသား ပေးပို့ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

ဦးအောင်ခိုင်က“ဥပဒေ ချုပ်ရုံးကို တင်ထားတဲ့ ကိစ္စက ဥပဒေချူပ်က အကြောင်း မပြန်လို့ ဝန်ကြီးချုပ်ဆီကို တိုက်ရိုက် စာရေးထားတယ်။ ဥပဒေချုပ်နဲ့ ကော်မရှင်က တိုက်ရိုက် အဆက်အသွယ်လုပ်လို့ မရဘူးလေ။ ဒုတိယ အကြိမ် ထပ်ပြီး တော့ တင်ပြလိုက်တာပေါ့။ အခုချိန်အထိ ပြန်မလာသေးဘူး”ဟု ပြောဆိုသည်။

ဆက်လက်ပြီး ၎င်းက“ကော်မရှင်က လုပ်ပိုင်ခွင့် ဘယ်လိုလုပ် ရှိမလဲ။ ဦးစိုးလွင်ကို ရိုးရိုးလေး ကန့်ကွက်လိုက်မယ် ဆိုရင် ဒါက ကော်မရှင် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေတဲ့ အတွက် ခုံရုံးထိုင်ပြီးတော့ ဆောင်ရွက်လို့ ရတယ်လေ။ ဒါပေမယ့် တင်ပြချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါလာတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေတွေ ပါလာတယ်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေ ပါလာတယ်။ ကျနော်တို့ လက်လှမ်းမမီတော့ဘူးလေ”ဟုလည်း ဆိုသည်။

စည်ပင် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဦးခင်လှိုင် (ဇောတိက) က ရန်ကုန် ဒု မြို့တော်ဝန် ဦးစိုးလွင်ကို ကန့်ကွက်ထားမှုနှင့် ပတ်သက်၍ ဥပဒေ အကြံပြုချက်ကို ရန် ကုန်တိုင်း ဒေသကြီး အစိုးရ ဥပဒေချုပ်ရုံးသို့ ဧပြီလ အတွင်းက ပေးပို့တောင်းခံထားသော် လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိသည့် အတွက် မေ ၂၁ ရက်တွင် ဒုတိယအကြိမ် အဖြစ် ဝန်ကြီးချုပ်ထံသို့ စာပေးပို့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဒု မြို့တော်ဝန် ဦးစိုးလွင်သည် စည်ပင် ရွေးကောက်ပွဲ ဝင်ပြိုင်ရာတွင် ဥပဒေနှင့် မညီညွတ် ၍ စည်ပင် ကိုယ်စားလှယ် အရည်အချင်း မပြည့်မီကြောင်း ရွေး ကောက်ပွဲ ကော်မရှင်တွင် ကန့်ကွက်လွှာ တင်သွင်းခံထားရခြင်း ဖြစ်သည်။

ဒုမြို့တော်ဝန်သည် ပြစ်မှုပြစ်ဒဏ်ဟောင်း ရှိခဲ့သဖြင့် စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေနှင့် မညီဟု ဆိုကာ ဝေဖန်မှုများလည်း ရှိခဲ့သည်။

ဦးစိုးလွင် အနေဖြင့် ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ် ဗဟိုလမ်း ခြံအမှတ် ၄၀ တွင် ကားပါကင် နေရာအား ခြံစည်း ရိုး တိုင်းတာသည့် ကိစ္စနှင့် အချင်းများရာမှ ဆဲဆို ခြိမ်းခြောက်ခဲ့သည့် ပြစ်မှု ပေါ်လွင်သဖြင့် ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ တွင် ရာဇသတ်ကြီး ပုဒ်မ ၂၉၄(ခ)နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၆ တို့ဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ပြစ်မှု ပြစ်ဒဏ် စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

ဦးစိုးလွင်သည် ရာဇသတ်ကြီးပုဒ်မ ၂၉၄(ခ) ကိုကျူးလွန်ကြောင်း ပေါ်ပေါက် တွေ့ရှိရသဖြင့် ငွေဒဏ် ကျပ် တသောင်း၊ အဆိုပါ ငွေဒဏ်ကို ပျက်ကွက်ပါ ထောင်ဒဏ် ၁၅ ရက် နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၆ အား ကျူးလွန်ကြောင်း တွေ့ရှိရ သဖြင့် ငွေဒဏ် ကျပ် သုံးသောင်း၊ ယင်းငွေဒဏ် မဆောင်ဘဲ ပျက်ကွက်ပါက ထောင်ဒဏ် ၃ လ ကျခံစေရမည်ဟု စမ်းချောင်းမြို့နယ် တရားရုံးက အမိန့်ချခဲ့သည်ဟု ဆိုသည်။

ဒု မြို့တော်ဝန် ဦးစိုးလွင် ပြစ်မှုပြစ်ဒဏ် စီရင်ခံခဲ့ရသည့် ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (ခ) သည် ရာဇသတ်ကြီး ဥပဒေ အခန်း ၁၄ တွင် ပြဋ္ဌာန်းထားသည့် သိက္ခာ စောင့်စည်းမှုနှင့် ကိုယ်ကျင့် တရားရှိမှုကို ထိခိုက်စေသော ပြစ်မှုများတွင် ထည့်သွင်း ပြဋ္ဌာန်းထားသော ပုဒ်မ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၂၈(ဏ)တွင် ကိုယ့်ကျင့်တရား ဆိုင်ရာ ပြစ်မှု ကျူးလွန်၍ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရဖူးသူသည် ကိုယ်စားလှယ်လောင်း အဖြစ် မှတ်ပုံတင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြစ်မှု မမြောက်သဖြင့် အရေးမယူခြင်းသာ ဖြစ်ကြောင်း ဒု မြို့တော်ဝန် ဦးစိုးလွင်က တုံ့ပြန် ပြောကြားသည်။

ဦးစိုးလွင်က“ဝေဖန်ပါစေ လုပ်စရာရှိတာကို လုပ်ဆောင်မှာပဲ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်မှာ အလုပ်လုပ် နေရင် တော့ ဝေဖန်ခံရမှာပဲ။ အဲဒါတွေကို သွားကြည့်လို့ မရဘူး။ များများလုပ်လေ များများ ဝေဖန်ခံရမှာပဲ။ ကိုယ်ကျင့် တရား ဆိုင်ရာ ပြစ်မှုက ဘာမှ ပြစ်မှုမမြောက်လို့ ဘာမှ အရေးမယူတာပေါ့။ ပြစ်မှုမြောက်ရင် အရေးယူတာ ကြာလှပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးပြီ ဖြစ်သဖြင့် စည်ပင် ရွေးကောက်ပွဲ ကော်မရှင်သည် မေလ ၃၁ ရက်တွင် တရား ဝင် ဖျက်သိမ်းရမည် ဖြစ်သော်လည်း အဆိုပါ ကန့်ကွက်လွှာနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏ ညွှန်ကြား ချက် ကို စောင့်စားရဦးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading