အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ မှုခင်းတပ်ဖွဲ့ ၊ ရဲသတင်း တပ်ဖွဲ့ နှင့် ဝန်းရံ တပ်ဖွဲ့များက ရန်ကုန်မြို့တွင် လိုက်လံ ရှာဖွေနေကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က တရားရုံးက ထုတ်ပေးသည့် ဖမ်းဝရမ်းကို အတည်ပြုနိုင်ရန် ဦးဝီရသူနောက်သို့ မဖြစ်မနေ လိုက်ရမည် ဖြစ် သဖြင့် လုပ်ထုံး လုပ်နည်းအတိုင်း လိုက်လုပ်နေကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ဖမ်းဆီးရမိရေး လိုက်လံဆောင်ရွက်လျက် ရှိ ကြောင်း ရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ဧရာဝတီ ပြောသည်။
သို့သော် ရဲမှူးကြီး မျိုးသူစိုးက “ဒီနေ့ နောက်ဆုံး အခြေအနေတော့ မသိရသေးဘူး။ မနေ့ကတော့ ဖမ်းလို့ မရသေးဘူး။ ကျနေ်ာတို့ လက်ထဲ ကို မရောက်သေးဘူး။ ဒီနေ့က သူနဲ့ချိန်းထားတဲ့ ပွဲလည်း ပျက်သွားတယ်ဆိုတော့ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့် ပတ်သက်ပြီး ဦးဝီရသူကို တရား စွဲရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက အမှုတည်ဆောက်ခဲ့ပြီးနောက် မေလကုန်ပိုင်းတွင် စတင် အရေးယူရန် ကြိုး ပမ်းလာခြင်း ဖြစ်သည်။
ဦးဝီရသူကို ဖမ်းဆီး အရေးယူရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က)ဖြင့် တရားလို ပြုလုပ်တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့ က ဖမ်းဆီးရန် မနေ့က ညပိုင်းက မန္တလေးမြို့ ရှိ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်အတွင်းရှိ ဓမ္မသဟာယ ကျောင်းတိုက်သို့ ဝင်ရောက်ရှာဖွေခဲ့သော်လည်း မတွေ့ ခဲ့ကြောင်း သိရသည်။
ဦးဝီရသူ သီတင်းသုံးသည့် ကျောင်းအတွင်းသို့ ဝင်ရောက် ရှာဖွေရာတွင် ဦးဝီရသူအား မတွေ့ရှိခဲ့ဘဲ တခြား ဆရာ တော်အချို့နှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အချို့သာတွေ့ရှိခဲ့ရသည်။
ဦးဝီရသူကမူ မနေ့က နံနက်ပိုင်းက ဧရာဝတီသို့ ပြောကြားရာတွင် ၎င်းသည် ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း၊ အဖမ်းခံမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဦးဝီရသူကို ဆုံးမ သြဝါဒပေးရန် နိုင်ငံတော် သံဃ မဟာနာယက (မဟန)က ညွှန်ကြားသဖြင့် ရန်ကုန်တိုင်း သံဃ မ ဟာနာယကအဖွဲ့ က ယနေ့ မေလ ၃၀ ရက်နေ့တွင် ရွေတိဂုံ အရှေ့ဘက်မုဒ်ရှိ တိုင်းသံဃ မဟာနယက ရုံးတွင်သို့ လာရောက်ရန် မေလ ၂၂ ရက်နေ့က အကြောင်းကြားသဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။
သို့သော် မနေ့က ညပိုင်းက ဦးဝီရသူအား ရန်ကုန်တိုင်း သံဃနာယက အဖွဲ့က ဆုံးမသြဝါဒပေးရန် ခေါ်ယူထားခြင်းအား အခြေ အနေအရ ဆိုင်းငံ့ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယင်းထုတ်ပြန်စာမှာ ၎င်းတို့၏ ဌာနက ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အတည်ပြုပေး သော်လည်း ဆိုင်းငံ့လိုက်ရသည့် အကြောင်းအရင်းကိုတော့ ဖြေကြားခြင်း မရှိပေ။
ထို့ကြောင့် ဧရာဝတီက ဦးဝီရသူ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး အဖမ်းခံမည်ဟု ပြောဆိုထားသည့်အပေါ် သဘောထားမှတ်ချက် တောင်းခံရာ ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက “အဲဒါတော့ ကျနော် မသိသေးဘူး။ လူကြီးတွေ ဘယ်လို ဆုံးဖြတ်မလဲ မသိဘူး”ဟု ပြောသည်။
ယခုအခါ ဆရာတော် ဦးဝီရသူမှာ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရဘဲ ယခင် ကိုင်ဆောင်သည့် ဖုန်းမှာလည်း စက် ပိတ်ထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဆရာတော် ဦးဝီရသူလို ထင်ရှားသည့် ပုဂ္ဂိုလ်မျိုးကိုပင် မဖမ်းနိုင်သည့်အပေါ် တရား ဥပဒေ စိုးမိုးရေးကို မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း၊ ထွက်ပြေးနေ၍ မဖမ်းမိဆိုသည်မှာ အကြောင်းပြချက် ကောင်းကြောင်း၊ ဦးကိုနီ လူသတ်မှုမှာ အောင်ဝင်းခိုင်ကိုလည်း ယနေ့အထိ မမိသေးကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“သတ္တိရှိစွာနဲ့ပဲ ဆရာတော်က ပြေးပြီးလို့ ထင်တယ်။ အဖမ်းခံလိုက်ရင် နိုင်ငံရေး နိဂုံးက သွားပြီ။ ပုန်းနေမယ်ဆိုရင်တော့ ကျန်သေး တာပေါ့။ သိက္ခာကျတာလည်း ကျတာပေါ့။ အဖမ်းခံပြီး တရားရုံးကနေ ထောင်ကျတာထက်စာရင် ထွက်ပြေးနေတာက သူ့အတွက် သက်သာတာပေါ့”ဟု ၎င်းက ပြောသည်။
ဦးဝီရသူသည် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် သီတင်းသုံးနေထိုင်သည့် ဗုဒ္ဓဘာသာ ရဟန်းတော် တပါးဖြစ်ပြီး မွတ် စလင် ဆန့်ကျင်ရေး ဆရာတော်တပါးအဖြစ် လူသိများသည်။ အမျိုးသားရေး လှုပ်ရှားသူများဟု မိမိကိုယ်ကိုယ် ခေါ်ဆိုနေသူများကမူ ဦးဝီရသူကို အခိုင်အမာ ထောက်ခံကြသည်။
ဦးဝီရသူသည် ၎င်း၏ ဟောပြောချက်များကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လမှ ၂၀၁၈ ခုနှစ် မတ်လ အထိ တရားဟောခွင့် တနှစ်တိတိ အပိတ်ခံခဲ့ရဖူးပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သည့် ကြည်လင်းဆိုသူနှင့် ၎င်း၏ အပေါင်းအပါများကို ကျေးဇူး တင်ကြောင်း လူမှုကွန်ရက်တွင် တင်ခဲ့သောကြောင့် ဖြစ်သည်ဟု ထိုစဉ်က အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထိုသို့ လူမှုကွန်ရက်တွင် အမုန်းစကားများ ရေးသားနေမှုများကြောင့် ဦးဝီရသူအမည်ဖြင့် အကောင့်ဖွင့်လှစ်ထားမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Facebook က အပြီးအပိုင် ပိတ်သိမ်းခဲ့သည်။ ထို့ပြင် ဆရာတော်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင် အရေး အခင်းများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများကြောင့် နာမည်ကျော် TIME မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” အဖြစ် ဖော်ပြခြင်း ခံခဲ့ရဖူးသည်။
ဆက်စပ်ဖတ်ရှုရန်