သတင်း

ရန်ကုန်မြို့သစ်သည် ချေးငွေနှင့် ဝန်ပိစေမည့် စီမံကိန်း မဟုတ်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

တရုတ် လက်အောက်သို့ ရောက်ရှိသွားမည့် စီမံကိန်းဟု ဝေဖန်မှုများ ရှိနေသည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် ချေးငွေ များနှင့် အများပြည်သူကို ဝန်ပိစေမည့် စီမံကိန်းမျိုး မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

အဆိုပါ စီမံကိန်းကို ပြည်ပ ချေးငွေ အများအပြားယူပြီး အကောင်အထည် ဖော်မည့် စီမံကိန်းမျိုး မဟုတ်ဘဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူက ယင်းစီမံကိန်းကို အကောင်အထည် ဖော်မည့် စီမံကိန်းမျိုး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မေလ ၂၉ ရက်က ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီ ရုံးတွင် ကျင်းပသော ရန်ကုန်တိုင်း အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုရှိနေသည့် အခြေအနေများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားခြင်း ဖြစ် သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“တချို့ထင်နေသလို ပိုက်ဆံတွေ ချေးပြီးတော့ ကျနော်တို့ ဒီစီမံကိန်းကို တည်ဆောက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်ချင်တဲ့ပုံစံက နိုင်ငံတကာကနေ ငွေထုပ်နဲ့ လာပြီးတော့ ကျနော်တို့ကို တည်ဆောက်ပေးတဲ့ အခြေအနေမျိုးပါ။ အဲဒီလို တည်ဆောက်လိုက်ရင် မြို့ပြရဲ့ မြေတန်ဖိုးက ပြောင်းလဲသွားမယ်။ အဲဒီမြေတန်ဖိုးပေါ်ကနေ သူ့ ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြန်ယူမယ့်ပုံစံပါ”ဟု ပြောဆိုသည်။

၎င်းက ဆက်လက်ပြီး“ကျနော်တို့ အတွက် အကျိုးရှိမှုက တအားကျပ်နေတဲ့ ရန်ကုန်မြို့ အခြေအနေမျိုးကို ဖြည်လျှော့နိုင် မယ်။ အဲ့ဒီက ပြန်ရမယ့် အကျိုးအမြတ်က ရန်ကုန်မြို့ဟောင်းမှာ ဖွံ့ဖြိုးဖို့ လိုအပ်နေသေးတဲ့ နေရာမှာ ပြန်သုံးနိုင်မယ်”ဟု လည်း ပြောဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မည့် တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ( NYDC) သည် မြို့သစ်စီမံကိန်းကို China Communications Construction Company (CCCC) က အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ကြေညာထားသည်။

NYDC နှင့် CCCC ကုမ္ပဏီတို့ သဘောတူညီမှု အရ NYDC က မြေပေးပြီး CCCC က တံတားများ၊ လမ်းများ၊ ဓာတ်အားပေး စက်ရုံများနှင့် ရေပြုပြင်ထိန်းသိမ်းရေး စက်ရုံ အပါအဝင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်း၏ အမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေက NYDC အနေဖြင့် ငွေတပြားမှ ထည့်ဝင်ခြင်း မပြုဘဲ ရင်းနှီးမြှုပ်နှံမှု၏၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဖြစ်ပြီး ယင်းကြောင့် NYDC အနေဖြင့် စီမံကိန်း တခုလုံး၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ၁၀ ရာခိုင်နှုန်းသာ ရှိသော မြေနေရာကို ပေးလိုက်ပြီး CCCC ကုမ္ပဏီက ၉၀ ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံမည့် သဘော ဖြစ်ကြောင်း ထုတ်ဖော် ပြောထားသည်။

ဖက်စပ် သဘောတူညီချက် အရ NYDC က ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ဝင်ငွေရမည့် အခြေခံအ ဆောက်အအုံ လုပ်ငန်း သုံးခုမှ ဝင်ငွေ ၉၅ ရာခိုင်နှုန်းကို NYDC က CCCC ကို ပေးပြီး NYDC က ၅ ရာခိုင်နှုန်းသာ ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းမှာ ရင်းနှီးမြှုပ်နှံသည့် CCCC ကုမ္ပဏီ အတွက် အရင်းကျေပြီး အမြတ်ရရှိမည့် အချိန်အထိ ခွင့်ပြုမည်ဖြစ်ကာ ထို ကာလ ပြီးမှ NYDC ကုမ္ပဏီ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်သည်ဟု ဆိုသည်။

စီးပွားရေး ပညာရှင် ဦးလှမောင်က“ဒီလို စီမံကိန်းမျိုး လုပ်ဖို့ လိုအပ်တယ် ဆိုတာ သဘောတူပါတယ်။ ဒါပေမယ့် အရင်း ကျေကာလက အရမ်းရှည်နေမယ် ဆိုရင်တော့ မကောင်းဘူးလေ။ အရင်းကျေ ကာလ ဆိုတာက သက်တမ်းတိုမှ ကောင်း မယ်။ ပြီးတော့ ဘာတွေ ဘယ်လိုလုပ်နေလဲ ဆိုတာ EIA (သဘာဝပတ်ဝန်းကျင် သက်ရောက်မှု ဆိုင်ရာ ဆန်းစစ်လေ့လာ ချက်) တို့၊ တင်ဒါ ကိစ္စတို့ ပြီးတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံး ပွင့်လင်းမြင်သာမှု ရှိရှိချပြဖို့ လိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း ပထမ အဆင့် တည်ဆောက်ရေးတွင် ကျေးရွာ ၅ ရွာ၊ တံတား ၂ စင်း၊ ၁၆ မိုင်ကျော် အရှည်ရှိ ပင်မ လမ်းကြောင်းများ၊ ၁၀ စတုရန်း ကီလိုမီတာ (ဧက ၂၅၀၀ခန့်) ရှိ စက်မှုဇုန်၊ ဓာတ်အားပေး စက်ရုံ၊ ကုန်ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း NYDC က သိရသည်။

ဦးဖြိုးမင်းသိန်းက“ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကျနော် နိုင်ငံတကာက ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။ နိုင်ငံတနိုင်ငံ ကိုပဲ မှီခိုပြီး ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နေတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာက နိုင်ငံချင်း ထိစပ်နေတာရော နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းတွေ ရှိတာကြောင့် တရုတ်နိုင်ငံက ရန်ကုန်မြို့သစ် စီမံကိန်းရဲ့အခြေခံ အဆာက်အအုံ တည်ဆောက်ရေးပိုင်းကို ပို စိတ်ဝင်စားတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

NYDC Challenge တင်ဒါ လုပ်ငန်းစဉ် အရ အခြားကုမ္ပဏီမှ ပိုမိုကောင်းသည့် ကမ်းလှမ်းချက်များနှင့် ယှဉ်ပြိုင် စိန်ခေါ် လာပါက CCCC အနေဖြင့် ဒုတိယ ကုမ္ပဏီမှ အဆိုပြုသည့် ကမ်းလှမ်းချက်များ အတိုင်း ပြန်လည် ယှဉ်ပြိုင်ခွင့် ရှိသည်။

အကယ်၍ CCCC မှ ပြန်လည် မယှဉ်ပြိုင်လိုပါက ဒုတိယ ကုမ္ပဏီသည် လုပ်ပိုင်ခွင့်ကို ရရှိမည် ဖြစ်ကြောင်း NYDC ထံမှ သိ ရသည်။

You may also like these stories:

ရန်ကုန်မြို့သစ် တရုတ်ပိုးလမ်းမ စီမံကိန်းဝင် ဟုတ် မဟုတ် လူထုသိဖို့ လိုသည်

ရန်ကုန်မြို့သစ် ဆောက်မည့် တရုတ်လုပ်ငန်း ပြည်ပတွင် အငြင်းပွားမှု များစွာရှိနေ

ရန်ကုန်မြို့သစ် စီမံကိန်း စတင်ရန် အတွက် အဆိုပြုလွှာ ခေါ်ယူ

ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တိုင်းအစိုးရ ဖိတ်ခေါ်

Did you find apk for android? You can find new Free Android Games and apps.
Loading