ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မ ရဲစခန်းတွင် သက်သေခံအဖြစ် ထိန်းသိမ်းထားသည့် ICE မူးယစ်ဆေး အထုပ်များမှ တစ်ဝက်ကျော်ခန့် ပုံစံတူပစ္စည်းနှင့် လဲလှယ်ခံထားရသည့်အတွက် စုံစမ်းနေကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေ က ဧရာဝတီသို့ အတည်ပြုသည်။
ထိန်းသိမ်းထားသည့် ICE တကီလိုထုပ် ၁၀၃ ထုပ်တွင် ၆၄ ထုပ်ကို ပုံစံတူပစ္စည်းနှင့် အစားထိုးခံထားရခြင်း ဖြစ်ပြီး မည်သည့် ပစ္စည်းဖြင့် အစားထိုးလဲလှယ်ထားသည်ကို သိရှိနိုင်ရန်အတွက် ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးနေကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ဒုရဲမှူးကြီး မြင့်ဆွေ က “မီးရှို့ဖျက်ဆီးမယ့်ဟာတွေကို ဖွင့်ဖောက်စစ်ဆေးတော့ အလဲအလှယ် လုပ်ထားတာ လို့ ယူဆရတယ်။ အဲဒါကို ဓာတ်ခွဲပြီးတော့ စစ်ဆေးမှုလုပ်နေတယ်။ ဒါနဲ့ပတ်သက်လို့ မသကာၤတဲ့ စတိုကိုင်တဲ့ ကောင်ကတော့ ပြေးနေတာပေါ့။ တပ်ကြပ်ကြီးပေါ့။ ၆၄ ထုပ်က တမျိုးဖြစ်နေတာ။ ဘာပစ္စည်းနဲ့ လဲထားတာလည်းတော့ အတိအကျ ပြောလို့မရသေးဘူး” ဟုဆိုသည်။
အစားထိုးလဲလှယ်ထားမှုကို ပြီးခဲ့သည့် မေ ၂၅ ရက်နေ့ကတည်းက သိရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းအမှုကိစ္စကို မြေပြင်တွင် စုံစမ်းသတင်းယူနေသည့် ရွှေတြိဂံ သတင်းဌာန အယ်ဒီတာချုပ် ဦးထွန်း က “လွန်ခဲ့တဲ့ တစ်ပတ် ကျော်ကျော်လောက် ကတည်းက ပျောက်သွားပြီဆိုတာ သိတယ်။ ဘယ်သူကိုမှ သတင်းမပေးဘဲနဲ့ သူတို့ဘာသာ ဖြေရှင်းဖို့အတွက် လုပ်တယ်ထင်တယ်။ အဲဒီမှာဖြစ်ချင်တော့ SB (သတင်းရဲတပ်ဖွဲ့) ဆီကနေ သတင်း ပေါက်သွားတယ်။ ပထမက လဲထားတယ်လို့တောင် ထင်တယ် မယုံကြည်နိုင်လို့ အရင်စစ်နေတာပေါ့ တကယ်လို့ ပစ္စည်းတွေ ပြန်မိရင်လည်း ပြန်ထည့်လို့ရအောင်ပေါ့။ ဖုံးထားတာ” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ရဲတပ်ဖွဲ့တွက်ချက်သည့် အခြေခံဈေးနှုန်းအရ ICE မူးယစ်ဆေး တစ်ကီလိုသည် ကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်း သိရသည်။
You may also like theses stories:
မူးယစ်ဆေး သံသရာထဲက ဘယ်လိုရုန်းထွက်ကြမလဲ
စိတ်ကြွဆေး ၅သန်းခန့် ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ
မူးယစ်ဆေးဝါး နည်းဥပဒေ ပြင်ဆင်နေ
မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်မှု ပိုလွယ်လာမည်ဟု ICG သတိပေး