ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆိပ်ကမ်း မဲဆန္ဒနယ် အမှတ် (၂) နေရာနှင့် ပတ်သက်၍ အငြင်းပွားမှု ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က စစ်ဆေးခဲ့ပြီး နောက် မေ ၃၀ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို အနိုင်ပေး လိုက်ကြောင်း သိရသည်။
UEC သည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပပေးခဲ့ရာ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆိပ်ကမ်း မဲဆန္ဒနယ် အမှတ်(၂)တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ဦးနေ မျိုးအောင်က ၅၁၅ မဲရရှိခဲ့ပြီး NLD ပါတီမှ ဦးသန်းထိုက်အောင်က ၃၅၆ မဲ ရရှိခဲ့သည်။
ထို့ကြောင့် မဲရလဒ် အရ USDP မှ ဦးနေမျိုးအောင်ကို ရွေးကောက်ပွဲ အနိုင်ရရှိသူဟု ကြေညာခဲ့ပြီးနောက် ပြိုင်ဘက် ဦး သန်းထိုက်အောင်က ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သည် ဟုဆိုကာ UEC သို့ တိုင်ကြားခဲ့ရာမှ ၅ လဝန်းကျင် စစ်ဆေးခဲ့ပြီးနောက် UEC က NLD ပါတီ ကိုယ်စားလှယ်ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။
ဆိပ်ကမ်း မြို့နယ်မှ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင် က “ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ ပြုကျင့်မှုနဲ့ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကို လျှောက်ခဲ့တယ်။ ကော်မရှင်ကနေ ခုံရုံးဖွဲ့ပြီးတော့ နှစ်ဖက် တင်ပြချက်တွေကို စစ်ဆေး မေးမြန်းပြီးတော့ နှစ်ဖက် လျှောက်လဲချက် အပေါ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲ လောက်မှာ ကျနော်တို့ အမိန့်ချ လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဆိပ်ကမ်းမြို့နယ်ရှိ USDP ရုံးမှာ နိုင်ငံပိုင်မြေပေါ်တွင် တည်ဆောက်ထားခြင်း၊ ရွေးကောက်ပွဲ မတိုင်မီကာလတွင် USDP က ငွေချေးလုပ်ငန်း လုပ်ကိုင်ခဲ့ခြင်း၊ ဘာသာရေးကို အခြေခံပြီး မဲဆွယ် စည်းရုံးခြင်း၊ ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရန် ပျက်ကွက်ခြင်း စသည့် အချက်များဖြင့် ဦးနေမျိုးအောင်ကို တိုင်ကြားခဲ့ခြင်း ဖြစ် သည်။
ဆိပ်ကမ်း မဲဆန္ဒနယ်မှ USDP ပါတီ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က “အဲဒါကို ကျနော့် အနေနဲ့က တော့ အထူးတလည် ပြောစရာမရှိဘူး။ ဘာလို့လဲဆိုတော့ အမိန့်က ဘယ်သူကချလဲဆိုတော့ UEC ကနေ တာဝန်ပေးထားတဲ့ ခုံအဖွဲ့ကနေ ချတာပါ။ အဲဒီတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ ကျနော်တို့ ပါတီတွေ အကုန်လုံးက လေးစားရမယ့် အဖွဲ့အစည်း တခုပေါ့နော်။ အဲဒီတော့ ကျနော်တို့ကတော့ အပြစ်ပြော စရာတော့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်နိုင် ကို ဧရာဝတီက ဆက်သွယ်သော်လည်း အစည်းအဝေး လုပ်နေခြင်းကြောင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။
You may also like these stories:
လွှတ်တော်တွင် ဒီမိုကရေစီ “အနိုင်ကျင့်ခံရပြန်ပြီ” ဟု တပ်မတော်ပြော
ရန်ကုန် စည်ပင်ရွေးကောက်ပွဲ NLD အပြတ်အသတ်နိုင်ဟု ထုတ်ပြန်
စစ်ဘက် ထောက်လှမ်းရေးကို မီဒီယာနှင့် ခိုင်းနှိုင်းမှု NLD အမတ်များ လက်မခံကြ
ရခိုင်ပြည်နယ်တွင် မေတ္တာတရား ခေါင်းပါးမှု ဖြစ်နေဟု NLD ဒုဥက္ကဋ္ဌ ပြော