ကရင် အမျိုးသား အစည်းအရုံး(KNU)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) ဖွဲ့စည်းရေး အဆို ပြုမှု အပေါ် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ဖွဲ့စည်းပေးထားသော အလုပ်အဖွဲ့က ဇွန်လ ၅ ရက်မှ ၇ ရက် အထိ အစည်းအဝေး ပြုလုပ်၍ သုံးသပ်ကြမည် ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် PPCM ဖွဲ့စည်းရေး တင်ပြမှု အခြေအနေအပေါ် သုံးသပ်မည် ဖြစ်သကဲ့သို့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဆိုင်းငံ့နေသော အခြေအနေကို မည်ကဲ့သို့ ကျော်လွှားနိုင်မလဲ ဆိုခြင်း အပေါ်လည်း ဆွေးနွေး အဖြေရှာ ကြမည်ဖြစ် ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
၎င်းက“နိုင်ငံရေး ယဉ်ကျေးမှု အရပေါ့။ အဖွဲ့အစည်း တခုက တင်ပြတယ် ဆိုတော့ ဘယ်လိုလဲပေါ့။ ညှိတာတို့၊ ရှင်းတာတို့၊ တင်ပြတာတို့ပေါ့။ သူတို့ အလုပ် အဖွဲ့ ၂ ဖွဲ့ပေါ့။ တစ်ဆို့နေတဲ့ဟာတွေကို ဘယ်လို ကျော်လွှားမလဲ ဆိုတဲ့ နိုင်ငံရေး အလုပ် အဖွဲ့ပေါ့ဗျာ။ နောက်တခုက PPCM ဆိုတဲ့ အဆိုကို လေ့လာမယ်ပေါ့။ အဲဒီ၂ ခုပါ”ဟု ပြောဆိုသည်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့သည် ထိပ်သီး အစည်းအဝေး တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပခဲ့ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦး ဆောင် အဖွဲ့ (PPST) ကို ဖျက်သိမ်း၍ PPCM ကို ဖွဲ့စည်းရန် KNU က အဆိုပြု တင်ပြခဲ့သည်။
ထို့နောက် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ကြား PPST ကို ဆက်လက်ထားရှိရေး အဆိုပြုသော အဖွဲ့ များနှင့် PPST ကို ဖျက်သိမ်းရန် အဆိုပြုသော အဖွဲ့ကြား သဘောထား ကွဲလွဲခဲ့ကြသလို PPCM ကို ဖွဲ့စည်းရန် KNU တင်ပြ မှု အပေါ်လည်း သဘောထား ကွဲလွဲခဲ့ကြသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက PPCM အကောင်အထည် ဖော်ရန် မလွယ်ကူကြောင်း၊ PPCM ကို အတင်း အကောင်အထည်ဖော် ပါက PNLO အဖွဲ့အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု မလုပ်နိုင်ကြောင်း၊ PPCM ဖြစ်တည်လာပါက ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဆိုင်းငံ့နေရာမှ ပျက်စီးသွားမည့် အခြေအနေထိ ဖြစ်သွားနိုင်ကြောင်း ဆိုသည်။
KNU အထွေအထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး က PPCM ဖွဲ့စည်းရခြင်းမှာ အားလုံး ပါဝင် ပေါင်းစည်းနိုင် ရေး အတွက်ဖြစ်ကြောင်း၊ PPCM ဖွဲ့ပါက ငြိမ်းချမ်းရေး ပျက်စီးသွားနိုင်သည် ဆိုခြင်းမှာ မသက်ဆိုင်ကြောင်း၊ PPST က မိမိတို့ နုတ်ထွက်ရခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
အဆိုပါ သဘောထား ကွဲလွဲမှုများ ရှိနေခြင်းကြောင့် PPCM ထားသင့်/မသင့် သုံးသပ် ဆွေးနွေးကြရန် အလုပ် အဖွဲ့တဖွဲ့ကို NCA ထိုး အဖွဲ့များက ဖွဲ့စည်းခဲ့သလို အစိုးရ-တပ်မတော်- NCA ထိုး အဖွဲ့များကြား ခွဲမထွက်ရေး ကတိပြုပေးရန် အပါ အဝင် တခုတည်းသော တပ်မတော် လက်ခံရေး ဆိုသည့် အခြေအနေကို အဖြေရှာရန် အလုပ်အဖွဲ့ တဖွဲ့ တို့ကို ဖွဲ့စည်းခဲ့ကြ သည်။
ထိုအလုပ်အဖွဲ့ ၂ ဖွဲ့ကို NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ် တဦးစီ ပါဝင် ဖွဲ့စည်းပေးထားကြောင်း လည်း သိရသည်။
ချင်းအမျိုးသား တပ်ဦး (CNF)မှ ဗဟိုကော်မတီဝင် ဆလိုင်းရမ်ကုလ်ကျူံးက“ဇွန်လ ပထမအပတ်မှာ ကျနော်တို့ အလုပ် အဖွဲ့ အစည်းအဝေး လုပ်မယ်။ အဲဒီမှာ ဆွေးနွေးကြမယ်လေ။ အလုပ်အဖွဲ့မှာ အားလုံးအတွက် အဆင်ပြေစေမယ့် အစုအဖွဲ့ ကို ရှာကြမယ်”ဟု ပြောသည်။
လက်ရှိတွင် NCA ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေး တပ် မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ် ထိုးထားကြသည်။
You May Also Like These Stories:
PPST ကို အဆင့်နိမ့် ဖွဲ့စည်းပါက အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်မည်ဟု PNLO ပြော
ငြိမ်းချမ်းရေး ထွက်ပေါက်ရှာမှု အမြင်မမှားရန် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး သတိပေး
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိမ်းစောင်းနေပြီဟု KNU ဆို
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က KNU ဘာကြောင့် နုတ်ထွက်ချင်သလဲ