ဖေဖော်ဝါရီလက အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးဖြစ်မြောက်ရေးအတွက် အလုပ်သဘောညှိနှိုင်းပေးခဲ့ရသည့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများနှင့် အမေရိကန်သို့ မြောက်ကိုရီးယား အထူးသံတမန်အဖြစ် စေလွှတ်ခံရသူ ကင်မ်ယောက်ချွဲ Kim Hyok Chol တို့အား မြောက်ကိုရီးယား အစိုးရက သုတ်သင်သတ်ဖြတ်ခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးပျက်ပြားမှုတွင် တာဝန်မကင်းမှုကြောင့် ဖြစ်ကြောင်း တောင်ကိုရီးယားသတင်းစာတစောင်က သောကြာနေ့တွင် သတင်းဖော်ပြသည်။
ဟနွိုင်မြို့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ထိပ်သီးတွေ့ဆုံနိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် ဆွေးနွေးညှိနှိုင်းပေးခဲ့ရသည့် မြောက်ကိုရီးယားအဆင့်မြင့်အရာရှိ ကင်မ်ယောင်ချွဲ Kim Yong Chol သည်လည်း အလုပ်ကြမ်းနှင့် အယူဝါဒရေးရာ ပညာပေးစခန်း ပို့ရန် စီရင်ဆုံးဖြတ်ခံရကြောင်း ချိုဆန်းအီဘိုသတင်းစာက ဆက်လက်ရေးသားဖော်ပြသည်။
ပြည်တွင်းမငြိမ်မသက်မှုများနှင့် အထွေထွေမကျေနပ်မှုများမှ အာရုံလွှဲနိုင်ရန်အတွက် မြောက်ကိုရီးယားခေါင်းဆောင်က သုတ်သင်ရှင်းလင်းခဲ့သည်ဟု ယုံကြည်ရကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။
“ကင်မ်ယောက်ချွဲဟာ မတ်လတုန်းက မီရင်လေဆိပ်ဆိပ်မှာ တခြားနိုင်ငံခြားရေးအရာရှိ ၄ ဦးနဲ့အတူ စုံစမ်းစစ်ဆေးခံရပြီး ကွ္ပပ်မျက်ခံခဲ့ရပါတယ်” အမည်မဖော်လိုသူ မြောက်ကိုရီးယားသတင်းရင်းမြစ်တခုက ပြောကြောင်း ချိုဆန်းအီဘိုသတင်းစာအဆိုအရ သိရသည်။ ၎င်းတို့သည် အမေရိကန်အတွက် သူလျှိုလုပ်ပေးခဲ့သည်ဟူသော စွဲချက်အတင်ခံခဲ့ရသည်။
ကင်မ်ယောက်ချွဲသည် ထိပ်သီးအစည်းအဝေးမတိုင်မီ မြောက်ကိုရီးယားဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ် စတီဗင်ဘီဂန်းနှင့် စေ့စပ်ညှိနှိုင်းပေးခဲ့ရသူဖြစ်သည်။

ကင်မ်ယောင်ချွဲသည်လည်း ရာထူးအထုတ်ခံရပြီးနောက် ဂျာဂန်းပြည်နယ်တွင် အလုပ်ကြမ်းစေခိုင်းခံခဲ့ရကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။ ကင်မ်ယောက်ချွဲနှင့်အတူ အလုပ်သဘောစေ့စပ်ညှိနှိုင်းရေးဆောင်ရွက်ခဲ့ရသူ ကင်မ်ဆောင်ဟီးကို နိုင်ငံရေးအကျဉ်းထောင်စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ချိုဆန်းသတင်းစာက ဖော်ပြသည်။
ဟနွိုင်အစည်းအဝေးတွင် ကင်မ်ဂျုံအန်းအတွက် စကားပြန်လုပ်ပေးခဲ့သူ ရှင်ဟွေယောင်ကိုလည်း နိုင်ငံရေးအကျဉ်းထောင်စခန်းသို့တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ ၎င်းသည် အရေးကြီးသည့် ဘာသာပြန်အမှားများ လုပ်ခဲ့၍ ကင်မ်ဂျုံအန်း၏ အခွင့်အာဏာကို ထိပါးခဲ့သည်ဟု စွဲချက်အတင်ခံရကြောင်း ချိုဆန်းသတင်းတွင် တွေ့ရသည်။
ဟနွိုင်တွင် ကင်မ်ဂျုံအန်းကို အထောက်အကူပေးခဲ့သူ ၎င်းအစ်မ ကင်မ်ယိုဂျုံသည်လည်း လိမ်လည်ပြောဆိုမှုရှိခဲ့သည်ဟု အပြစ်တင်ခံရသည်။ အမည်မဖော်လိုသူ တောင်ကိုရီးယားအစိုးရအရာရှိတဦးက “ ဟနွိုင်အစည်းအဝေးကတည်းက ကင်မ်ယိုဂျုံ ဘာပြောခဲ့တယ်ဆိုတဲ့မှတ်တမ်းတော့ ကျနော်တို့ မသိရဘူးဗျ။ ကျနော်တို့နားလည်တာကတော့ သူ လိမ်တယ်လို့ ကင်မ်ဂျုံအန်းက သတ်မှတ်တယ်လေ” ဟု ရှင်းပြသည်။
မြောက်ကိုရီးယားအစိုးရအာဘော် ရိုဒေါင်ရှင်မွန်းက ကြာသပတေးနေ့တွင် ဝေဖန်သုံးသပ်ချက်ဆောင်းပါးတပုဒ် ဖော်ပြရာတွင် “တခြားသူတွေ ရှေ့မှာ ခေါင်းဆောင်အပေါ်တမျိုး၊ နောက်ကွယ်မှာ တမျိုးပြုမူခြင်းဟာ ပါတီဆန့်ကျင်တာ၊ တော်လှန်ရေးဆန့်ကျင်တာဖြစ်ပြီးတော့ ခေါင်းဆောင်အပေါ် ကိုယ့်ကျင့်သိက္ခာ မစောင့်စည်းတဲ့သဘော ဖြစ်ပါတယ်။ အဲဒီလို လူစားမျိုးတွေဟာ တော်လှန်ရေးရဲ့ တရားသဖြင့် စီရင်ခြင်းကနေ ရှောင်လွှဲလို့ မရပါဘူး” ဟု ရေးသားထားသည်။
ကင်မ်ဂျုံအန်း၏ဦးလေးဖြစ်သူ ဂျန်ဆုန်သက် Jang Song Thaek ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလက ပထမဆုံးကွပ်မျက်ခဲ့မှုတွင်လည်း “ပါတီကို ဆန့်ကျင်သည်၊ တော်လှန်ရေးကို ဆန့်ကျင်သည်၊ တရားသဖြင့်စီရင်သည်” ဟူသော အသုံးအနှုန်းများကို အရိပ်အမြွက်ဖော်ပြခဲ့ဖူးကြောင်း ချိုဆန်းအီဘိုက ဆိုသည်။
ကိုးကား ။ ။ Reuters
You may also like these stories:
နျူကလီးယား ဆွေးနွေးပွဲ၌ အမေရိကန် လှည့်ဖြားလိုသည့် ရည်ရွယ်ချက်ရှိဟု ကင်ဂျုံအန်း ပြော
ထိပ်သီးဆွေးနွေးပွဲ ပျက်ပြီးနောက် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် လျှို့ဝှက်စမ်းသပ်ဟုဆို
ကွန်မြူနစ် ရုပ်အလောင်းများ နောက်ကွယ်
ကင်ဂျုံနမ် အသတ်ခံရမှု၌ ပါဝင်ဆိုသော အမျိုးသမီး မလေးရှားတရားရုံး လွှတ်ပေး