သတင်း

တင်ဒါမခေါ်သည့် လမ်းစီမံကိန်းကိစ္စ မွန်ဝန်ကြီးချုပ် စကားပြောမှားခြင်းဟု သမ္မတရုံး ပြန်ရှင်း

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်ရှိ ကျေးရွာချင်းဆက် လမ်းတခုကို ပြည်နယ် ဝန်ကြီးချုပ်က တင်ဒါ မခေါ်ဘဲ လုပ်ပိုင်ခွင့် ပြုခဲ့ခြင်းမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၏ နုတ်မိန့်ဖြင့် ညွှန်ကြား၍ မဟုတ်ဘဲ မွန်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၏ စကားပြော မှားခြင်းသာ ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျပ်သန်း ၁၀၀၀ တန်သည့် အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်း စီမံကိန်းကို တင်ဒါ မခေါ် ဘဲ Southern Myanmar Development (SMD) ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်မှု မရှိကြောင်း သမ္မတရုံး၏ ပြောခွင့်ရသူ ဦးဇော်ဌေးက နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။

ဦးဇော်ဌေး က “အဲဒါကတော့ ကျနော်တို့ သူ့ကို ဖြေရှင်းချက် တောင်းတာပေါ့နော်။ ဖြေရှင်းချက်ကို ပြန်လည် တင်ပြထားပါတယ်။
အတိုင်ပင်ခံက မပြောခဲ့ပါဘူး။ နုတ်မိန့်ဆိုတာလည်း မဟုတ်ပါဘူး။ သူက လွှတ်တော်မှာ မေးခွန်းဖြေတဲ့ဟာ ဖြစ်ပါတယ်။ နောက် ဆက်တွဲ မေးခွန်းတွေ ဖြေရင်းဖြေရင်းနဲ့ စကားပြောတာ မှားသွားတယ်လို့ တင်ပြထားပါတယ်” ဟု ပြောသည်။

ယခုလို စကားပြော မှားသည့်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုက မည်သို့ ဖြစ်မလဲဟု ဧရာဝတီက မေးခွန်းထုတ်ရာ “အဲဒီကိစ္စ သူ့ (မွန်ဝန်ကြီးချုပ်)ကို ပြန်ရှင်းခိုင်းထားပါတယ်” ဟု သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။

သို့သော် တင်ဒါကိစ္စ နောက်ဆက်တွဲ ကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့ ဆက်ဖြစ်မည်ကို မပြောနိုင်သေးကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ ဘဏ္ဍာရေးနှစ်၏ မီနီဘတ်ဂျက်မှ တင်ဒါကင်းလွတ်ခွင့် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ညွှန်ကြားချက်ကြောင့် ကျပ်သန်း ၁ ထောင်နှင့် ကျေးရွာချင်းဆက် လမ်းခင်းသည့်ကိစ္စအား SMD ကုမ္ပဏီ အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း မေ ၃ ရက်နေ့က ကျင်းပသည့် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်း ၄ မိုင် ၃ ဖာလုံရှိ မြေသားတာဘောင်ချဲ့ ခြင်းနှင့် ၁ မိုင် ၄ ဖာလုံရှိ ကွန်ကရစ် လမ်းခင်းခြင်းကို ၂ဝ၁၈ ခုနှစ်၊ မီနီဘတ်ဂျက်မှ ကျပ်သန်း ၁၀၀၀ ဖြင့် ယင်းဒေသတွင် လျှင်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး လုပ် ငန်း ဆောင်ရွက်နေသည့် SMD ကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
တင်ဒါမခေါ်ဘဲ SMD ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၁၃ ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက တင်ပြခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ အောင်နိုင်ဦး က “လောလောဆယ်တော့ ကျနော်တို့ လွှတ်တော်ဘက်ကို ဘာမှ ဖြေရှင်းချက် တစုံတရာ ပေးပို့ထားတာ မျိုးတော့ မရှိသေးဘူး။ ဒါကတော့ လွဲချော်တဲ့ လုပ်ဆောင်မှုတခု ဖြစ်ခဲ့တယ်လို့ပဲ မှတ်ယူတယ်။ လွဲချော်တယ်ဆိုတဲ့ အပိုင်းမှာ ဥပဒေနဲ့လည်း အရမ်းကို မှားယွင်းတဲ့ ပုံစံမျိုးလို့ သုံးသပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဘယ့်ကြောင့်ဆိုသော သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါ စည်းမျဉ်း၊ စည်းကမ်းများ ၁/၂၀၁၇ တင်ဒါ လုပ်ထုံး၊ လုပ်နည်း များနှင့်လည်း မကိုက်ညီဘဲ မှားယွင်းနေကြောင်း၊ ထို့ပြင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နောက်ဆုံး ပြင်ဆင်လိုက်သည့် ဥပဒေအရလည်း ငြိစွန်းနေသည့် ကိစ္စတခု ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်သူ ဒေါက်တာ အောင်နိုင်ဦး က “သူသုံးသွားတဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးရဲ့ ညွှန်ကြား ချက်ဆိုတဲ့ဟာက အရမ်းကို နမော်နမဲ့ဆန်လွန်းတယ်လို့ ကျနော်တို့က ယူဆပါတယ်။ အဲဒီအတွက်ကိုတော့ ပြည်ထောင်စု အစိုးရ အဖွဲ့ အနေနဲ့ ထိုက်သင့်တဲ့ စစ်ဆေးမှုနဲ့ ဖြေရှင်းမှုတခုတော့ လုပ်သင့်တယ်လို့ပဲ ကျနော်တို့က ယူဆတယ်”ဟု ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီးဟောင်း ဖြစ်ခဲ့သည့် မော်လမြိုင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးမင်းထင်အောင်ဟန်က တင်ဒါ မခေါ်ခြင်း ကိစ္စမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် လုံးဝ မသက် ဆိုင်ကြောင်းနှင့် ဝန်ကြီးချုပ်၏ ပြောဆိုစကားကို ဝန်ကြီးချုပ်ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ် တော်ထံ တုန့်ပြန်ပြောဆိုထားသည်။

လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း အောင်သပြေ-နှစ်ကရင်လမ်းကို ပြည်နယ် ရန်ပုံငွေဖြင့် ကျေးလက် လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများထဲ၌ ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်း တို့အား ဘဏ္ဍာငွေ ကျပ်သန်း ၇၅၇ သန်း အသုံးပြုရန် မွန်ပြည်နယ် လွှတ်တော်ထံ ထပ်မံ တင်ပြထားကြောင်း စုံစမ်း သိရှိရသည်။

မွန်ညီညွတ်ရေး ပါတီ၏ မေ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် မေ ၃ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ် တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ မေးမြန်းခဲ့သော အောင်သပြေ- နှစ်ကရင် ကျေးရွာချင်း ဆက်လမ်းခင်း ကိစ္စကို ပြည် ထောင်စု အစိုးရက ပွင့်လင်းမြင်သာစွာ စုံစမ်း စိစစ်ဆောင်ရွက်သင့်ကြောင်း လေးနက်စွာ တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှူရန်

တင်ဒါ မခေါ်ဘဲ လမ်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ ကိစ္စ အစိုးရ စိစစ်ပေးရန် တိုက်တွန်း

မွန်ဝန်ကြီးချုပ်က လွှတ်တော် ဒု ဥက္ကဋ္ဌအား သတိပေးသည့် စာ ပြန်ရုပ်သွား ဟုဆို

တင်ဒါ မခေါ်ဘဲ လမ်းစီမံကိန်း လုပ်ကိုင်ခွင့်ပြုခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မသက်ဆိုင် ဟုဆို

နိုင်ငံတော် အတိုင်ပင်ခံ၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ်ဘဲ လမ်းဖောက်ခွင့်ပြုခဲ့ဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading