ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဘီးလင်းကျေးရွာမှ ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို သတ်ဖြတ်၍ နားကပ်လုယူခဲ့သည့် တရားခံကို မအူပင်ခရိုင်တရားရုံးက မေလ ၂၈ ရက်နေ့တွင် မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မအူပင်မြို့နယ်၊ ဘီးလင်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းမှ အသက် (၇) နှစ် အရွယ် ဒုတိယတန်း ကျောင်းသူတစ်ဦး အသတ်ခံခဲ့ရမှုအတွက် မျိုးဇော် (အသက် ၃၈) နှစ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် တရားရုံးသို့ တင်ပို့ခဲ့ရာ မအူပင်ခရိုင်တရားရုံး၌ ၂ နှစ်နီးပါးကြားနာ စစ်ဆေးပြီးချိန်တွင် ပြစ်မှုထင်ရှားသဖြင့် တရားခံအား သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “တရားခံဟာ ပြစ်မှုထင်ရှားတဲ့ အတွက် မအူပင်ခရိုင် တရားရုံးကနေ ပုဒ်မ ၃၀၂/၁(ဂ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ဧရာဝတီကိုပြောသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁(ဂ) တွင် မည်သူမဆို ခုနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သောအမှုကို ကျူးလွန်နေစဉ် လူသတ်မှုကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
လူသတ်မှုဖြစ်စဉ်မှာ ဘီးလင်းကျေးရွာမှ ဒုတိယတန်းကျောင်းသူမှာ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက အစ်ကိုဝမ်းကွဲနှင့်အတူ ကျောင်းတက် ရန်သွားခဲ့ပြီး ကျောင်းမခေါ်သေးသဖြင့် မုန့်စားထွက်ခဲ့ရာမှ ကျောင်းနှင့် နှစ်ခြံကျော်ရှိ လူမနေသည့် အိမ်ကြီးအနီးတွင် အသတ်ခံခဲ့ရကြောင်းသိရသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်အရ အခင်းမဖြစ်ပွားမီ တရားခံ မျိုးဇော်သည် မိန်းမဖြစ်သူနှင့် စကားများ ရန်ဖြစ်ပြီး အိမ်ပေါ်မှ နှင်ချခံထားရချိန်တွင် ဒုတိယတန်းကျောင်းသူအား မုန့်ဖိုး ၅၀၀ ကျပ်ပေးကာ မုန့်ထွက်ဝယ်သည့် အချိန်တွင် လည်ပင်းကိုညစ်၍ နားကပ်ချွတ်နေခိုက် လက်လွန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျွဲဒုံးနယ်မြေ ရဲစခန်းထံမှ သိရသည်။
တရားခံ မျိုးဇော်မှာ ဒုတိယတန်းကျောင်းသူအား သတ်ဖြတ်ပြီးနောက် ပစ်ထားခဲ့ကာ နားကပ်အား ၎င်း၏ နေအိမ်ရှေ့ တာစောင်းတွင် မြုပ်ထားခဲ့ပြီး အရက်ထပ်သောက်၍ တာပေါ်တွင်မူးလဲနေစဉ် ရဲတပ်ဖွဲ့မှ တွေ့ရှိပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မအူပင်မြို့ အခြေစိုက် ပျိုးခင်းသစ် လူမှုအဖွဲ့အစည်း ခေါင်းဆောင် ကိုထိုက်ထိုက် က “အခုလို လူမဆန်တဲ့ပြစ်မှုမျိုးကို ကျူးလွန်တဲ့လူတွေကို တရားရုံးက သေဒဏ်ပေးတာ ကျနော်ကတော့ ဝမ်းသာတယ်။ ချသင့်တယ်လို့ ထင်တယ်။ အဲ့လို ကြီးလေးတဲ့ပြစ်ဒဏ် ချမှလည်း နောက်လူတွေက မကျူးလွန်ရဲဘဲ မှတ်သွားမှာ။ ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့ အရက်တွေ ပေါနေသရွေ့၊ ဒါတွေကို မထိန်းချုပ်နိုင်သရွေ့ကလည်း ဒီလိုပြစ်မှုတွေက ထပ်ဖြစ်နေဦးမယ်လို့ ထင်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ဇနီးသည်ဘက်မှ ပါရှိလာသည့် မယားပါသမီးဖြစ်သူအား အသက် ၁၄ အရွယ်မှစတင်ကာ ၈ နှစ်နီးပါး အကြိမ်ကြိမ်အဓမ္မပြုကျင့် ခဲ့သည့် ပထွေးဖြစ်သူ ဇော်ဌေးကို မြောင်းမြခရိုင်တရားရုံးက ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
သက်ငယ် မုဒိမ်းမှုတွင် လာဘ်စားသည်ဟု ရဲစခန်းမှူး တဦး စွပ်စွဲခံရ
မအူပင်တံတားအနီး ဂက်(စ်) ပိုက်လိုင်း မီးလောင် လုပ်သား ၂ ဦး သေဆုံး
မြန်မာအိမ်အကူကို နှိပ်စက်သည့် စင်ကာပူ အမျိုးသမီး ထောင် ၃နှစ်ချမှတ် ခံရ