စစ်ကိုင်းတိုင်းရှိ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)၏ ဗဟိုဌာနချုပ် တကား စခန်းတွင် တပ်စွဲ ထားသော တပ်မတော် အတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး အရာရှိ ၁ ဦး ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သတင်း ရသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ခန္တီးဗျူဟာ လက်အောက်ခံ တပ်မတော် တပ်ရင်း တပ်ဖွဲ့များသည် တကား ကျေးရွာရှိ NSCN-K ဌာနချုပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က စတင်၍ ထိန်းချုပ်လိုက်ပြီး တပ်စွဲထားစဉ် မေ ၂၉ ရက်နေ့ ညပိုင်း က တပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဟုတ်ပါတယ်ဗျ၊ ကျနော် သိရ သလောက် ဆိုရင်တော့ အဲဒီမှာ ပစ်ခတ်လိုက်တဲ့ စစ်သည်က စိတ်ကစဉ့်ကလျား ဖြစ်နေတာပေါ့၊ အဲဒီမှာ ညဘက်မှာတော့ အရာရှိက သူ့စစ်သည်အတွက် စားစရာ သွားဝယ်တာပေါ့၊ သူ့စစ်သည်က ဖျားလည်း ဖျားနေတာ စားစရာသွားဝယ်ပြီး ပြန်အလာမှာ အဲဒီမှာ ထင်ယောင်ထင်မှားဖြစ်ပြီးတော့ ပစ်လိုက်တာလို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မေ ၂၉ ရက်နေ့ ညပိုင်းအချိန်တွင် တပ်သား အောင်မျိုးထွန်းသည် စိတ်ကစဉ့်ကလျား ဖြစ်ကာ ၎င်းကိုင်ဆောင်သော လက်နက်ဖြင့် ဝေ့ရမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ဆေးမှူးဖြစ်သူ ဗိုလ်ကြီး တင်စိုးဟိန်းသည် ဒဏ်ရာများဖြင့် ထိုနေရာတွင်ပင် ကျဆုံးသွားခဲ့သလို တပ်သား သန့်ဇင်ဖြိုးနှင့် တာဝန်မှူး တာဝန်ထမ်း ဆောင်နေသော ဗိုလ်ကြီး အောင်မင်းခန့် တို့လည်း ပစ်ခတ်ခံခဲ့ရ၍ ဒဏ်ရာများ အသီးသီး ရရှိသွားကြောင်း နာဂဒေသရှိ သတင်း ရင်းမြစ်များက ပြောပြသည်။
ကျဆုံးသွားသည့် ဆေးမှူး ဗိုလ်ကြီး တင်စိုးဟိန်းကို ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သော အရပ်သား ကိုကိုအောင်(ခ) အငယ်လေး ဆိုသူလည်း သေနတ်ဒဏ်ရာများဖြင့် ထိုနေရာတွင် သေဆုံးသွားခဲ့ကြောင်း နီးစပ်သော သတင်း ရင်းမြစ် များထံမှ သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဆေးမှူးဖြစ်သူ အရာရှိ တဦး ကျဆုံးခဲ့ပြီး မည်မျှ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ကိုတော့ မသိရသေးကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဆိုသည်။
ပစ်ခတ်မှု ကျူးလွန်သော တပ်သားကို တပ်မတော် လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“စစ်သည်ကိုတော့ ကျနော်တို့က ထုံးစံအတိုင်း စုံစမ်းစစ်ဆေးရေး ခုံရုံးလုပ်တာတို့၊ ဥပဒေအရ ဆောင်ရွက်တာတို့ ဆက် လက် လုပ်သွားမှာဖြစ်တယ်၊ အခု ခန္တီးမှာ ထိန်းထားလား၊ အဲဒါတော့ မသိသေးဘူး၊ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအရ ဆိုရင် တော့ အဲဒီကနေ ပြန်ပို့ရမှာပေါ့နော်၊ သူက စုံစမ်းစစ်ဆေးရေး ခုံရုံး တင်တာတို့တွေ လုပ်မယ်၊ စစ်တရားရုံး တင်မယ် ဆိုတော့ နောက်ကို ပြန်ပို့ရမှာပေါ့”ဟုလည်း ၎င်းက ပြောပြသည်။
လက်ရှိတွင် ဒဏ်ရာ ရရှိထားသူများကို တကားစခန်းရှိ တပ်မတော် ဆေးမှူးများက ကုသမှု ပြုလုပ်ပေးခဲ့ပြီး ခန္တီးသို့ ပို့ဆောင်၍ ဆေးကုသမှု ဆက်လက်ပြုလုပ်ပေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။
You may also like these stories: