ဦးဝီရသူကို ဖမ်းဆီးထိန်းသိမ်းမှု ဖြစ်စဉ်များနှင့် ဆက်စပ်၍ နိုင်ငံတည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုများ ရှိလာပါက တည်ငြိမ်ရေးက ပိုအရေးကြီးသဖြင့် အလျော့ပေးမည် မဟုတ်ဘဲ ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရ ၃ နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲအပြီး ပြန်ကြား ရေး ဝန်ကြီးဌာနကအထွက်တွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်
ဦးဇော်ဌေး က “ဒီအပေါ်မှာတော့ ကျွန်တေ်ာတို့ လျှော့လို့ မရဘူး။ ကြီးသည် ဖြစ်ဖြစ်၊ ငယ်သည်ဖြစ်ဖြစ်၊ နိုင်ငံ တည်ငြိမ် အေးချမ်းရေးကို ထိခိုက် လာနိုင်တဲ့ အနေအထားတွေ ရှိတယ်ဆိုရင် ကျနော်တို့က ဥပဒေနဲ့အညီ တိတိကျကျ ပြတ်ပြတ်သားသား လုပ်ရမှာ” ဟု သတင်းထောက်များကို ပြောသည်။
ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် မေ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ဦးဝီရသူ ဘေးကင်းရေး ဆုတောင်းပွဲများကို ဆိုလိုခြင်း ဖြစ်ပြီး ယင်းကိစ္စကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေး တာဝန်ရှိသူများက ကိုင်တွယ် ထိန်းသိမ်းမှုများ ဆောင်ရွက်နေကြောင်း၊ ဦးဝီရသူကို အရေးယူရန်လည်း ယနေ့တွင် ရဲချုပ်နှင့် သာသနာရေး ညွှန်ချုပ်တို့ကြား လုပ်ထုံးလုပ်နည်းများ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဦးဇော်ဌေး က “အုပ်ချုပ်ရေးကနေပြီးတော့ တရားစွဲတာ။ အပေါ်ကနေပြီးတော့ ညွှန်ကြားတယ်။ ညွှန်ကြားတဲ့အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ က စွဲတာ ဖြစ်တယ်။ လုပ်ထုံး၊ လုပ်နည်းမှာတော့ ကျနော်တို့ ရဲချုပ်နဲ့ သာသနာရေး ညွှန်ချုပ်နဲ့ လုပ်ထုံးလုပ်နည်းမှာ ဟိုဘက်ဒီဘက် မရှင်းမလင်းလေးတွေ ဖြစ်နေတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ဦးဝီရသူမှာ အဖမ်းခံမည်ဟု မီဒီယာသို့ တရားဝင် ထုတ်ဖော်ပြောဆိုထားသော်လည်း ယနေ့အချိန် အထိ လူမြင်ကွင်းသို့ ထွက်ရှိလာ ခြင်း မရှိသေးသလို ပြည်ထဲရေး ဝန်ကြီးဌာနက မဖမ်းချင်၍ ဖြစ်ကြောင်း ဝေဖန်ပြောဆိုနေမှုများလည်း ရှိသည်။
သို့သော် သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးကမူ ပြည်ထဲရေး ဝန်ကြီးဌာနသည် အစိုးရ၏ အစိတ်အပိုင်း ဖြစ်ပြီး ဝန်ကြီးသည် နိုင်ငံ တော် သမ္မတကို တာဝန်ခံရသဖြင့် သမ္မတ၏ ကွပ်ကဲမှုအောင်တွင် ရှိကြောင်း ရှင်းပြသည်။
ဦးဇော် ဌေးက “အခုလည်း ဒီဟာကို ဖမ်းဆီးရမိရေး မေးမြန်းတဲ့အတွက် တင်ပြတာမျိုးတွေ ရှိတယ်။ ဆောင်ရွက်နေတာတွေ ရှိတယ်။ အမျိုးသား ရေးမိုလို့ တချို့ဟာတွေက Anti-Military မိုလို့ အဲဒီလို မရှိပါဘူး။ မရှိတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဦးဝီရသူ၏ မိန့်ဆိုမှုများသည် သာသနာရေး ဆိုင်ရာ ဝိနည်းများနှင့် မလျောညီသည့်အတွက် သံဃာ မဟာနာယက ဆရာတော်ကြီး များက သြဝါဒ လမ်းညွှန်မှုပေးရန် စီစဉ်ထားပြီး ဆက်လက်၍ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက ပြောသည်။
ယင်းဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးမြင့်ဦးက ၎င်းတို့ ဝန်ကြီးဌာနက ဦးဝီရသူကို ခေါ်ယူဆုံးမရန် ချိန်းဆိုပြီးမှ ရွေးဆိုင်းလိုက် ရခြင်းမှာ ထောင်ဖမ်းသည်ဖြစ်မည် စိုး၍ ဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။
ဦးမြင့်ဦး က “ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမှာ ထောင်ဖမ်းတဲ့ဟာမျိုးကို ဆရာတော်ကြီးတွေက မလိုလားပါဘူး။ အဲဒါကြောင့် ဒီဟာကို ရွေ့ဆိုင်းခြင်း ဖြစ်ပါတယ်။ အဲဒီ ဆုံးမ သြဝါဒပေးတာကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဦးဝီရသူကို သံဃာ အဖွဲ့ အစည်းဆိုင်ရာ ဥပဒေများအရ အရင်ဆုံး ခေါ်ယူဆုံးမမည် ဖြစ်ပြီး သံဃာ အဖွဲ့ အစည်း အဆင့်ဆင့်က သြ ဝါဒပေးသည်ကို မနာခံပါက တရားရုံးသို့ ဦးတိုက်လျှောက်ပြီး အရေးယူသည့်အပိုင်းလည်း ရှိကြောင်း သာသနာရေးမှ တာဝန်ရှိ သူများက ပြောသည်။
ဦးဝီရသူကို ဖမ်းဆီး အရေးယူရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် တရားလို ပြုလုပ်တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့ က ဖမ်းဆီးရန် မန္တလေးမြို့ ရှိ ၎င်း သီတင်းသုံးရာ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်အတွင်းရှိ ဓမ္မသဟာယ ကျောင်းတိုက်သို့ ဝင်ရောက်ရှာဖွေခဲ့ပြီး ဖြစ်သည်။
သို့သော် အစိုးရ တာဝန်ရှိသူများက ဦးဝီရသူကို အရေးယူရခြင်းမှာ မည်သည့်အကြောင်းကြောင့် ဖြစ်သည် ဆိုသည်ကို ရှင်းရှင်း လင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါ။
လက်ရှိတွင် ဦးဝီရသူသည် အဖမ်းမခံဘဲ တိမ်းရှောင်လျက်ရှိသည်။
သို့သော် VK လူမှုကွန်ရက်သို့ တင်ခဲ့သည့် ၎င်း၏ အသံဖိုင်တွင် ” ကျုပ်ဝေဖန်တဲ့အထဲမှာ အမှား ဘယ်နှစ်ခုပါလဲ။ ခင်ဗျားတို့က ကျုပ်ရဲ့ စကားလုံးကို ဘယ်လို ဘယ်ညာ ဒါပဲ ဝေဖန်နိုင်တာမလား။ ကျုပ်ဟောကြားတဲ့ အချက် အလက်ထဲမှာ ဘယ်ဟာမှားပါတယ်။ ဘယ်ဟာမဟုတ်ပါဘူးလို့ ခင်ဗျားတို့ ဘယ် နှစ်ယောက်ငြင်းနိုင်သလဲ” ဟု မေးခွန်းထုတ် ထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့် ပတ်သက်ပြီး ဦးဝီရသူကို တရား စွဲရန် အမှုတည်ဆောက်နေသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြောင်း မေလ ၇ ရက်နေ့တွင် 7 Day နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။
ဧပြီလ ၅ ရက်နေ့က မြိတ်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲတွင် ဦး ဝီရသူ၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ပြောဆိုသော ၂ မိနစ်ခွဲခန့်ရှိ ဗီဒီယိုဖိုင်တခု လူမှု ကွန်ရက်တွင် ပျံ့နှံခဲ့သည်။
မေလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့်“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား ကာကွယ် စောင့်ရှောက် ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲ”တွင် ဆရာတော် ဦးဝီရသူက လွှတ်တော်ထဲတွင် အမုန်းခံ၍ တာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း မိန့်ကြားခဲ့သေးသည်။
ဦးဝီရသူသည် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် သီတင်းသုံးနေထိုင်သည့် ဗုဒ္ဓဘာသာ ရဟန်းတော် တပါးဖြစ်ပြီး မွတ် စလင် ဆန့်ကျင်ရေး ဆရာတော်တပါးအဖြစ် လူသိများသည်။ အမျိုးသားရေး လှုပ်ရှားသူများဟု မိမိကိုယ်ကိုယ် ခေါ်ဆိုနေသူများကမူ ဦးဝီရသူကို အခိုင်အမာ ထောက်ခံကြသည်။
ဦးဝီရသူသည် ၎င်း၏ ဟောပြောချက်များကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လမှ ၂၀၁၈ ခုနှစ် မတ်လ အထိ တရားဟောခွင့် တနှစ်တိတိ အပိတ်ခံခဲ့ရဖူးပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သည့် ကြည်လင်းဆိုသူနှင့် ၎င်း၏ အပေါင်းအပါများကို ကျေးဇူး တင်ကြောင်း လူမှုကွန်ရက်တွင် တင်ခဲ့သောကြောင့် ဖြစ်သည်ဟု ထိုစဉ်က အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထိုသို့ လူမှုကွန်ရက်တွင် အမုန်းစကားများ ရေးသားနေမှုများကြောင့် ဦးဝီရသူအမည်ဖြင့် အကောင့်ဖွင့်လှစ်ထားမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Facebook က အပြီးအပိုင် ပိတ်သိမ်းခဲ့သည်။ ထို့ပြင် ဆရာတော်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင် အရေးအခင်းများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများကြောင့် နာမည်ကျော် TIME မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” အဖြစ် ဖော်ပြခြင်း ခံခဲ့ရဖူးသည်။
You may also like these stories:
ဦးဝီရသူကို ရန်ကုန်တိုင်း သံဃ မဟာနာယကမှ ခေါ်ယူ သြဝါဒပေးမည်
ဦးဝီရသူအား ဝရမ်းထုတ်ခြင်း မတရားဟု ဝန်းရံသူများတုံ့ပြန်