သတင်း

ဖမ်းဆီးခံ မြောက်ဦး ဒေသခံ ၂၀ ကျော်ကို အကြမ်းဖက် ဥပဒေ၊ လက်နက် ဥပဒေများဖြင့် တရားစွဲ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအတွင်း ဖမ်းဆီးခံခဲ့ရသော ရွာသား ၂၄ ဦးကို အကြမ်းဖက် တိုက်ဖျက် ရေး ဥပဒေ၊ ၁၉၄၉ လက်နက်အရေးပေါ် ယာယီဥပဒေ တို့ဖြင့် မေလ ၃၁ ရက်နေ့က တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဖမ်းဆီးခံ ရွာသား ၂၄ ဦးကို စစ်တွေမြို့ အမှတ် (၁) စခန်းတွင် ချုပ်ရမန်ယူပြီးစစ်ဆေးခဲ့ရာမှ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က မြောက်ဦးမြို့သို့ ခေါ်ဆောင်ပြီး တရားရုံးတွင် ပထမအကြိမ်ရုံးထုတ် တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုသို့ တရားစွဲဆိုရာတွင်ဖမ်းဆီးခံ ရွာသား ၂၄ ဦးအနက် ၂၃ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၄၊ ၁၉၄၉ လက်နက်အရေးပေါ် ယာယီ ဥပဒေပုဒ်မ ၂၁ (က) တို့ဖြင့် မြောက်ဦးခရိုင် တရားရုံးတွင် တရားစွဲဆို ခဲ့ကြောင်း အမှုအား လိုက်ပါဆောင်ရွက်သူ သဇင်ဥပဒေ အထောက်အကူ အဖွဲ့မှ ရှေ့နေများက ပြောသည်။

ကျန်ရွာသား ၁ ဦးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်စောမြဦးကိုမူ အသက်မပြည့်သည့်အတွက် မြောက်ဦးမြို့နယ် ကလေးသူငယ် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်းလည်း သဇင်ဥပဒေ အထောက်အကူ အဖွဲ့မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက ပြောပြသည်။

ယင်းအဖမ်းဆီးခံ မြောက်ဦးသေခံ ရွာသား ၂၄ ဦးအမှုနှင့် ပတ်သက်ပြီး ဒုတိယ အကြိမ်မြောက် ရုံးချိန်းကို လာမည့် ဇွန်လ ၁၄ ရက်နေ့ကို ရုံးချိန်းပေးလိုက်ကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ ရုံးချိန်းတွင် မိသားစုဝင်များက ဆေးဝါးနှင့် စားသောက်စရာများပေးရန် နံနက်ပိုင်း ကတည်းက တရားရုံးရှေ့သို့ ရောက်ရှိနေကြသော်လည်း တွေ့ဆုံခွင့်မရရှိဘဲ ညနေပိုင်း ရုံးထုတ် အပြန် အချုပ်ကား အောက်ကသာ စကား အနည်း ငယ် ပြောဆိုခွင့် ရရှိခဲ့ကြောင်း မိသားစုဝင်များက ပြောပြသည်။

ထို့ပြင် ဖမ်းဆီးခံရသူများထဲတွင် အသက် ၄၀ အရွယ် ဖိုးသားလူ (ခ) ဦးထွန်းအောင်ကျော်၏ ဘယ်ဘက် ခြေထောက် တွင် ရရှိထားသည့် ဒဏ်ရာမှာ အနာ မကျက်သေးသည့်အတွက် အရေးပေါ် ဆေးကုသရန် လိုအပ်နေကြောင်းလည်း မိသားစုဝင်များနှင့် ရှေ့နေများက ပြောဆိုသည်။

ဦးအောင်စစ်မင်းက“ဒီနေ့ ရုံးထုတ်လာတဲ့ အထဲမှာ ကိုဖိုးသာလူ (ခ) ကိုထွန်းအောင်ကျော်မှာ ဘယ်ဘက် ခြေချင်းဝတ် မှာ ရရှိထားတဲ့ ဒဏ်ရာက တော်တော် ဆိုးတယ်။ အထဲကို လှိုက်စားနေတယ်။ သူ့ကိုတော့ ဆေးကုသဖို့ လိုအပ်နေ တယ်”ဟု ပြောသည်။

မြောက်ဦးမြို့နယ်အတွင်းက လက္ကာ ကျေးရွာသားများကို ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ ဧပြီလ ၁၀ ရက်က ကျေးရွာအတွင်းသို့ လာရောက်ကာ တပ်မတော်က ဒေသခံ ၂၇ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို ၂၇ ဦးထဲမှ ၃ ဦး သေဆုံးသွားရာ ယခု တရား စွဲဆိုခံရသည့် ၂၄ ဦး ကျန်ရှိနေခဲ့သည်။

အဆိုပါ ၂၇ ဦးအထဲတွင် ချင်းပြည်နယ် ပလက်ဝ မြို့နယ် သံထောင် ကျေးရွာအုပ်စု၊ ဘန်းဘွေးကျေးရွာနေ ချင်း တိုင်းရင်းသား တဦးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဆိုသူ တဦးလည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၉ ရက်နေ့က ၎င်းနေထိုင်ရာ ကျေးရွာမှနေ ကိုခင်မောင်နှင့် ဇနီးဖြစ်သူ အသက် ၂၉ နှစ်အရွယ် မယုယုခင် တို့သည် မြောက်ဦးမြို့ KBZ ဘဏ်တွင် အပ်နှံထားသော ငွေများကို ထုတ်ယူရန်အတွက် လေးမြို့ချောင်း အတိုင်း စက်လှေဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ မယုယုခင်က ပြောသည်။

မြောက်ဦးမြို့သို့ ရောက်သည့်အခါ KBZ ဘဏ် ပိတ်ထားသဖြင့် လက္ကာကျေးရွာတွင် တည တည်းခိုရန် ရောက်ရှိခဲ့ရာ မှ နောက်တနေ့ နံနက်ပိုင်းတွင် ကိုခင်မောင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း မယုယုခင်က ပြောပြသည်။

အဆိုပါ ဖမ်းဆီးခံ ရွာသားများကို မေလ ၁ ရက်နေ့တွင် တပ်မတော်က ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီး မေလ ၃ ရက်တွင် ရဲတပ်ဖွဲ့က ပထမအကြိမ် အဖြစ် စစ်တွေမြို့နယ် တရားရုံး၌ ရမန်ယူကာ ဒုတိယအကြိမ်အဖြစ် မေလ ၁၇ ရက်တွင် ချုပ်ရမန် နှစ်ပတ်ရယူခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံတဦး ဖြစ်သည့် ကိုခင်မောင်စိုး၏ ဇနီးဖြစ်သူ ဒေါ်သိန်းမယေက“ဒီနေ့ ၃၁ ရက်နေ့မှာ စစ်တွေမှာ ရုံးထုတ်မယ် ဆိုလို့ ကျမတို့က မနေ့ကတည်းက စစ်တွေမြို့ကို လာခဲ့ကြတာ။ ပြီးမှ ကျမတို့ကို အသိမပေးဘဲ မနက်အစောကြီး မြောက်ဦးကို ကားနဲ့ ခေါ်သွားတယ်လို့ သတင်းကြားရပါတယ်။ ကျမတို့ ရွာသားတွေမှာ ဘာအပြစ်မှ မရှိဘဲ ဒီလို လုပ်နေ တာတွေဟာ တော်တော် ရက်စက်ရာရောက်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက္ကာကျေးရွာသားများအား တပ်မတော်က ဖမ်ဆီး စစ်ဆေးခဲ့စဉ်က ညှဉ်းပန်းနှိပ်စက်မှုများကို ဆိုးဝါးစွာ ခံခဲ့ရကြောင်း လည်း ဖမ်းဆီးခံ ရွာသားများက မေလ ၁၇ ရက်နေ့က ဒုတိယအကြိမ် ရမန်ယူပြီး စစ်တွေမြိ့နယ် တရားရုံးမှ အပြန် သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်း ရဲတပ်ရင်းတခုနှင့် လေးမြို့မြစ်ကမ်းရှိ တပ်မတော်က ယာယီစခန်းတခုကို AA က ဧပြီလ ၉ ရက်နေ့ ညအချိန်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်တနေ့တွင် လက္ကာကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက် စစ်ဆေးခဲ့ရာ အရပ်အသား အယောင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင် ၂၇ ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မ တော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။

ယင်းမြောက်ဦးမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းက AA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု မရှိကြောင်း AA ၏ သတင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးခံ ရွာသား ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ ရွာသား ၃ ဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သည့် ရွာသားများမှာ ကိုဇော်မျိုးထွန်း (၂၅) နှစ်၊ ဦးသိန်းထွန်းစိန် (၃၅) နှစ် နှင့် ဦးမောင်သန်းနု (၄၁) နှစ်တို့ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ကျေးရွာသား ၃ ဦးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ရာတွင် ဆေးပြတ်၍ သေဆုံးသူ တဦး၊ ဆွဲကြိုးချသေဆုံးသူ တဦးနှင့် နှလုံးဖောက်၍ သေဆုံး တဦး စသည့် ဖြစ်စဉ်များကြောင့် သေဆုံးကြောင်း ထုတ် ပြန်ခဲ့သည်။

ရွာသား ၃ ဦး သေဆုံးမှုနှင့် ပတ်သက်၍လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်တွေမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးချက်များကို ရယူခဲ့ပြီး တဖက်တွင်လည်း သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်း နှင့် အမှု ဖွင့်ခဲ့ ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။

သို့သော်လည်း သေဆုံးသူ မိသားစုဝင်များကတော့ အလောင်းများကိုလည်း တွေ့မြင်ခွင့် မရခဲ့သလို တပ်မတော် ဘက် က အကြောင်းချက်ပေးသည့် အပေါ်လည်း အယုံအကြည် မရှိဟု ဆိုကြသည်။

မြောက်ဦးမြို့နယ် အတွင်းက အမှတ် ၃၁ ရဲတပ်ရင်းနှင့် လေးမြို့ မြစ်ကမ်းဘေး လေညှင်းတောင်အနီး တပ်မတော် ယာယီစခန်းတခုကို AA က ဧပြီလ ၉ ရက် ညအချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိ၊ စစ်သည် တချို့ ထိခိုက် ကျဆုံးမှု ရှိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အတည်ပြုသည်။

မြောက်ဦးမြို့နယ် အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းက ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို AA က ဖမ်းဆီးခဲ့ကာ ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ပြန်ပို့ပေးခဲ့သည်။

ထိုနေ့ညက စစ်ကူလာသော တပ်မတော် စစ်ကြောင်းများကို မြောက်ဦးမြို့နယ်အတွင်း လက္ကာကျေးရွာအနီးတွင် AA က ဖြတ်တိုက်ခဲ့သည့်အတွက် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ထိုတိုက်ခိုက်မှု နောက်ပိုင်း ဧပြီလ ၁၀ ရက်တွင် AA တပ်ဖွဲ့ဝင်များကို လိုက်လံ ရှင်းလင်းရာတွင် လက္ကာ ကျေးရွာ အတွင်း အရပ်ဝတ်ဖြင့် AA အဖွဲ့ဝင် ၂၇ ဦးကိုဖမ်းဆီး ရမိကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။

သို့သော်လည်း အဆိုပါ တပ်မတော်က ဖမ်းဆီးသွားသူများမှာ ဒေသခံကျေးရွာသားများ ဖြစ်ပြီး တချို့မှာ အနီးဝန်းကျင် ကျေးရွာများမှ အလုပ်လုပ်ရန် ရောက်ရှိနေသူများသာ ဖြစ်ကြောင်း ကျေးရွာသားများက ဝိုင်းဝန်း ပြောကြားသည်။

You may also like these stories:

မြောက်ဦးတိုက်ပွဲ၌ ဖမ်းဆီးခံ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို AA က ပြန်ပို့

ဆုထူးစံ ကုမ္ပဏီ ဝန်ထမ်းတချို့ ထောက်လှမ်းရေးဟောင်းများ ဖြစ်၍ ဖမ်းဟု AA ပြော

နေပြည်တော် ဆွေးနွေးပွဲအပြီး တိုက်ပွဲ ၈ ကြိမ် ထပ်ဖြစ်ဟု AA ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading