ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့ရာတွင် နိုင်ငံတော် အစိုးရ၊ သမ္မတရုံးသို့ ကြိုတင် အသိပေးခဲ့ခြင်း မရှိကြောင်း သတင်း ရရှိသည်။
မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ဧရာဝတီက အထက်ပါ တပ်မတော်သားများ လွှတ်ပေးမှု ကို သမ္မတရုံးသို့ တိုင်ပင်ခြင်း၊ ကြိုတင် အသိပေးခဲ့ခြင်းများ ရှိခဲ့ပါသလားဟု မေးမြန်းရာတွင် သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်ဌေး က “အဓိကကတော့ တပ်မတော်ရဲ့ တရားစီရင်ရေးအရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲတော့ တပ်မတော်ရဲ့ အက်ဥပဒေအရ အယူခံ တက်ခွင့်ရှိတယ်။ အဲဒီတော့ သူ့ရဲ့ လုပ်ထုံး၊ လုပ်နည်း ဥပဒေအရ ဆောင်ရွက်တာ ဖြစ်ကြောင်း ဖြေကြားလိုပါတယ်”ဟု ပြော သည်။
တပ်မတော်သား ၇ ဦးသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းကို ထောက် ရှု့ ပြီး တပ်မတော် အက်ဥပဒေ ပုဒ်မ ၁၆၈(၂)၊ ပုဒ်မ ၁၈၈ (၂) (ဂ) ပါ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အစား အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်သို့ တပ်ချုပ် ကိုယ်တိုင် လျော့ပေါ့ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသတင်းကို Reuters သတင်းဌာနက ဦးစွာ ရေးသား ထုတ်ပြန်ခဲ့ပြီး မေလ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ထိုကိစ္စနှင့် ပတ်သက်ပြီး မသိရှိ ကြောင်း ပြောဆိုကြသည်။
ထို့ကြောင့် ယင်းသတင်းကို ကြည့်ရှု့ ခဲ့သည့် သမ္မတရုံး တာဝန်ရှိသူများက တပ်မတော်ထံသို့ ဆက်သွယ်မေးမြန်းခဲ့သည်ဟု သိရ သည်။
ဦးဇော်ဌေး က “အဲဒီနေ့က ဖြေကြားသွားတာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တာဝန်ရှိသူတွေကိုလည်း ကျနော်တို့ မေးပါတယ်။ ဒီဟာနဲ့ ပတ် သက်လို့ တပ်မတော်က အရာရှိ စစ်သည် ၇ ဦးက သူတို့ရဲ့ တပ်မတော် အက်ဥပဒေပေါ့နော်။ ပြန်ပြီးတော့ အယူခံ တင်ပါတယ်။ အ သနားခံစာပေါ့။ တင်တဲ့အခါမှာ ဒကစ (စစ်တွေ) ပေါ့နော်။ အဲဒီကနေ တဆင့် ထောက်ခံပြီးတော့မှ တင်တဲ့အခါမှာ တပ်ချုပ်ဆီကို တင်တာ ဖြစ်ပါတယ်”ဟု ပြောသည်။
တပ်ချုပ်က ၎င်းထံသို့ ရောက်ရှိလာသည့် အသနားခံစာကို စစ်ဥပဒေချုပ်ရုံးသို့ ပြန်လည် မေးမြန်းခဲ့ပြီး စစ်ဥပဒေချုပ်ရုံး၏ ထောက်ခံ တင်ပြချက်အရ ထောင်ဒဏ် ၁၀ နှစ်မှ တနှစ်သို့ ပြန်၍ လျော့ချပေးလိုက်ခြင်း ဖြစ်ကြောင်း၊ သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် လွတ်မြောက်ခြင်း မဟုတ်ဘဲ တပ်မတော် အက်ဥပဒေ၊ တပ်မတော်၏ တရားစီရင်ရေး လုပ်ငန်းစဉ်အရ ဆောင်ရွက်သွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အင်းဒင်ကျေးရွာ၊ ပဲရုံသုဿန်တွင် ဘင်္ဂါလီ ၁၀ ဦးကို အင်းဒင်ရွာခံတချို့ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်း သုတ်သင်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ပါဝင်သူများကို အရေးယူသွားမည်ဟု ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယင်းလူသတ်မှုတွင် ပါဝင်ခဲ့သူ အမှုတွဲ ဖြစ်သူများမှာ ရဲတပ်သား ဇွဲမောင်မောင်နှင့် အင်းဒင်ကျေးရွာမှ ကျောင်းဆရာ ဦးထွန်းအေး တို့မှာလည်း ထောင်ဒဏ်အသီးသီး အပြစ်ပေးခံခဲ့ရသည်။
ရဲတပ်သား ဇွဲမောင်မောင်ကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ ၁၆ (ခ) ဖြင့် ထောင် ၃ နှစ် ချမှတ်ခဲ့ရာ ၎င်းက အယူခံဝင်သဖြင့်
၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သဖြင့် ယင်းရဲတပ်သားသည် ထောင်ထဲတွင် ၁ နှစ်နှင့် ၇ လ နေခဲ့ရသည်။
သို့သော် ရဲတပ်သား ဇွဲမောင်မောင်သည် ယင်းလူသတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သူများနှင့် လိုက်သွားခဲ့သူတဦးသာ ဖြစ်ပြီး လူသတ် မှုတွင် ကိုယ်ထိလက်ရောက် ပါဝင်ခဲ့ခြင်း မရှိကြောင်း သမ္မတရုံး ပြောခွင့်ရသူက ဆိုသည်။
ဦးဇော်ဌေး က “ပြစ်ဒဏ်လျော့ပေါ့တဲ့ အချိန်မှာ သူက ထောင်ထဲမှာ နေရတာ ၁ နှစ်နဲ့ ၇ လ ဖြစ်နေပါပြီ။ ပြစ်ဒဏ်ချထားတာ ၃ နှစ်ဆိုတော့ မေလ ၈ ရက်နေ့မှာ လွတ်တော့ ရိုက်တာ သတင်းထောက် ၂ ယောက်ကို လွှတ်ပြီး နောက်တရက်ပေါ့။ အဲဒီမှာ ရဲတပ်သား ဇွဲမောင်မောင် လွတ်တာ ဖြစ်ပါတယ်။ မူလတန်းပြ ကျောင်းဆရာ ဦးထွန်းအေးက အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ပေါ့။ သူကတော့ ထောင်ဒဏ် ကျခံ နေရဆဲ ဖြစ်ပါတယ်”ဟု ပြောသည်။
တပ်မတော်က အင်းဒင် လူသတ်မှုတွင် ပါဝင်သူများကို လွှတ်ပေးလိုက်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည့် ကိစ္စရပ် တ ခုကို ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပြီး ဥပဒေဘောင်အတွင်းမှ ကျော်လွန် လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိကြောင်း၊ ဥပဒေ အကြောင်းအရာ များကို သေချာလေ့လာပြီးမှ ဆောင်ရွက်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဓိကက Intension ကို ကြည့်တယ်။ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ ကလည်း ဒီတိုင်းလည်း ပြောနေတာပဲ။ အခုလည်း ဖိအားပေးမှုကတော့ တစုံတရာ ရှိပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်လို့ကတော့ ဥပဒေ အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ပဲ ပြောချင်ပါတယ်”ဟု ပြောသည်။
အမှုဖြစ်စဉ် ဖြစ်ပွားခဲ့စဉ် ကာလက အကြမ်းဖက်သမား ၁၀ ဦးကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေဆဲ ကာလသည် ဘူးသီးတောင်၊ မောင်တောတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် အချိန်ဖြစ်ပြီး ရဲစခန်းမှာ မအပ်နှံနိုင်ခဲ့ကြောင်း၊ ထိုအချိန်က ရဲစခန်းများမှာလည်း အတိုက်ခံထားရကြောင်း သိရသည်။
အင်းဒင်ကျေးရွာ လူသတ်မှုကို ဖော်ထုတ်ခဲ့သည့် ရိုက်တာ သတင်းထောက် ၂ ဦးကိုလည်း တပ်မတော်က နိုင်ငံတော် လျို့ ဝှက်ချက် ပေါက်ကြားမှုဖြင့် အမှုဖွင့်သဖြင့် အမှုစစ်ဆေးကာ တရားရုံးက ထောင်ဒဏ် ၇ နှစ် အပြစ် ပေးခဲ့သော်လည်း ပြီးခဲ့သည့် မေလ ၇ ရက် နေ့က သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ဆိုင်ရာ တရားစီရင်ရေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု ပါပြီးသား ဖြစ်ကြောင်း၊ သို့သော် ယခုလို ကိစ္စမျိုးကို ဆောင်ရွက်ရာတွင် သမ္မတကို အစီရင်ခံ တင်ပြရန် လိုအပ်မည် ထင်ကြောင်း နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။
ဦးမောင်မောင်စိုး က “အချိန်တိုအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတာတော့ ရပါတယ်။ ဒါပေမယ့် အချိန်ကတော့ နိုင်ငံတကာက လက်ခံလောက်တဲ့ အချိန်မျိုး မဟုတ်ဘူးလို့ ထင်ပါတယ်”ဟု ပြောသည်။
၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင်များကို အကြီးအကျယ် ထွက်ပြေးစေခဲ့သော စစ်ဆင်ရေး ကာလအတွင်း ဖြစ် စဉ်များကို စုံစမ်းစစ်ဆေးရန် စစ်ခုံရုံး တရုံးကို တပ်မတော်က ၂၀၁၉ ခုနှစ်၊ မတ်လက ဖွဲ့ စည်းခဲ့သည်။
ဗိုလ်ချုပ်တဦးနှင့် ဗိုလ်မှူးကြီးနှစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသော အဆိုပါ တရားရုံးသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပြီး ယင်းအရေး အခင်းများကြောင့် ပေါ်ပေါက် လာနေသည့် နိုင်ငံတကာ ဖိအားများကို တန်ပြန်ရန် ရည်ရွယ်ပုံရကြောင်း ရခိုင်အရေး လေ့လာ စောင့်ကြည်သူများက ပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီး မြန်မာ လုံခြုံရေးစခန်းများကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက် ခိုက်ခြင်းအား မြန်မာလုံခြုံရေး တပ်ဖွဲ့ ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
သို့သော် ယင်းစွပ်စွဲချက်များကို မြန်မာအစိုးရက ဆက်တိုက် ပယ်ချခဲ့ပြီး ခိုင်မာသည့် အချက်အလက် အထောက် အထားပေးရန် ပြန်လည် တောင်းဆိုခဲ့သည်။
You may also like these stories: