သတင်း

ပုဂ္ဂလိကကျောင်း တခုတွင် ကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရဟုဆိုကာ အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ ပုဂ္ဂလိက ကျောင်းတခုတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း ခံခဲ့ရသည်ဟုဆိုကာ မိဘများက ရဲစခန်းတွင်း အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် ၁ မြို့မ ရဲစခန်းသို့ မေလ ၁၇ ရက်နေ့က မိခင်ဖြစ်သူ ကိုယ်တိုင် လာရောက် အမှုဖွင့်ကြောင်း၊ မင်္သကာဖွယ်ဟု ယူဆရသည့် အမျိုးသားတဦးအား မေလ ၃၀ ရက်နေ့ကစပြီး စစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အမှုစစ် များက အမှုမှန်ပေါ်ပေါက်ရန် အတွက် အားလုံးပူးပေါင်း၍ စစ်ဆေးနေသည့် အချိန် ဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။

ဇဗ္ဗူသီရိ မြို့မရဲစခန်းမှ အမည်မဖော်လိုသော ရဲအရာရှိတဦးက “ကလေးက ၂ နှစ်နဲ့ ၁၁ လပါ။ သူ့အမေကိုယ်တိုင်က တရားလို ပြု လုပ်ပြီး တိုင်ထားပါ တယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။

ယင်အမှုနှင့် ပတ်သက်၍ (ပ) ၇၉/ ၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဇဗ္ဗူသီရိ မြို့မရဲစခန်းမှ သိရသည်။

ပိုးဖြူအမည်ဖြင့် Facebook အကောင့်တခုက မေလ ၃၁ ရက်၊ ည ၈ နာရီခန့်တွင် တင်ခဲ့သည့်ပို့စ်၌ နေပြည်တော် သပြေကုန်းရှိ Wisdom Hill ကျောင်းတွင် မိန်းကလေးတဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပွားခံခဲ့ရကြောင်း တင်ခဲ့ရာမှ ယင်းကျောင်းတွင် ကျောင်းအပ်ထားသည့် ကလေး မိဘများ စိတ်ပူခဲ့ကြသည်။

သပြေကုန်း Wisdom Hill ကျောင်းတွင် ထားသည့် ဇမ္ဗူသီရိ မြို့နယ်အတွင်းမှ ကျောင်းသားမိဘ တဦးဖြစ်သူ ဒေါ်သီရိချိုကလည်း “ဒီလို ကိစ္စတွေပေါ်လာတော့ ဘယ်လို ယုံကြည်မှုနဲ့အမက သမီးလေးကို ကျောင်းပို့ရမှာလဲ။ ဒါစဉ်းစားရမယ်တော့မယ်လေ။ သူတို့ကို စောင့် ကြည့်ဖို့လည်း အချိန်က မရှိတော့ဘူး။ တနင်္လာနေ့ဆို ကျောင်းဖွင့်ပြီလေ” ဟု ပြောသည်။

ထိုသို့ လူမှုကွန်ရက်ပေါ်၌ သတင်းများ ပြန့်နှံ့မှုအပေါ်ကို ပြန်လည် ဖြေရှင်းရန် အတွက် Wisdom Hill ကျောင်းမှ သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ရန် နေပြည်တော်ရှိ MANDALAY PARADISE စားသောက်ဆိုင်၌ မနေ့က ညနေ ၆ နာရီတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေး မည်ဟု ချိန်းဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့ က အချိန်မကျသေးဟု တားသဖြင့် အချက်အလက် အစုံ မတင်ပြနိုင်သေးကြောင်း ယင်းကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိန်က မီဒီယာများသို့ ပြောသည်။

ဦးသန်းစိန် က “Facebook မှာ တင်ထားတဲ့ အကြောင်းအရာတွေ မမှန်ကန်ဘူး။ ပြီးတော့ မမှန်ကန်တဲ့ ကိစ္စတွေ အများကြီး ရှိပါ တယ်။ ဒီအဖွဲ့ကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ရဲအရှိများကသာ ဒီအမှုကို အသိဆုံး ဖြစ်မှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းကြားသဖြင့် ကျောင်းသားမိဘ အယောက် ၃၀ ခန့် ရောက်ရှိလာပြီး ကျောင်း ဘက်မှ ရှင်းလင်းမှုများကို လာရောက် နားထောင်ရာမှ Wisdom Hill ဘက်မှ ရှင်းလင်းချက်များကို မကျေနပ်သဖြင့် ကျောင်းသား မိဘများကိုယ်တိုင် မေးခွန်းဝင်ရောက်မေးမြန်းခဲ့ကြသည်။

ကျောင်းဘက်မှ ကျောင်းသားမိဘများ လိုချင်သည့် အဖြေကို မပေးနိုင်သဖြင့် မကြေလည်မှုများ ဖြစ်ခဲ့ကြပြီး ထိုသို့ ရှင်းလင်း ပြော ဆိုရာတွင် မိနစ် ၆၀ နီးပါးကြာမြင့်ခဲ့သလို ကျောင်းသားမိဘများနှင့် ကျောင်းဘက်မှ တာဝန်ရှိသူများကြား အငြင်းအခုန် ဖြစ်ခဲ့ကြ သည်ကို တွေ့ရသည်။

ကျောင်းဘက်မှ ရိုးသားသည် ဆိုပါက Wisdom Hill ကျောင်း၏ Facebook Page မည်သည့်အတွက်ကြောင့် ဝင်ကြည့်၍ မရသည် ကို မေးခွန်းထုတ်ခဲ့ကြပြီး ယခုကိစ္စနှင့် ပတ်သက်၍ ကျောင်းသား မိဘများကို အသိမပေးခဲ့သည့်အပေါ်တွင် မကျေနပ်ကြဘဲ ဖြစ်စဉ် ဖြစ်ပွား ကတည်းက အဖြစ်မှန်ကို ချပြသင့်သည်ဟု မိဘများက တောင်းဆိုခဲ့ကြသည်။

ကျောင်းဘက်မှ တာဝန်ရှိသူများကမူ ပြဿနာ ပိုမို ကြီးထွားလာမည် စိုးသဖြင့် Facebook page ကို Hide လုပ်လိုက်ရကြောင်းနှင့် မိဘများသို့ အသိမပေးခြင်းမှာလည်း အသိပေးရလောက်အောင် အမှုမှာ မခိုင်မာသည့်အတွက် ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ခဲ့သည်။

ယင်းကိစ္စကို လူမှုကွန်ရက်တွင် တင်ပြခဲ့သူ မပိုးဖြူ က “အမဖြစ်စေချင်တာက သူတို့ ဘယ်နေ့မှာ ဘယ်လို ဖြစ်သွားတယ်ဆိုတာ ချပြ စေချင်တာပါ။ အမလည်း သမီးလေး မွေးထားတာ ဖြစ်တဲ့ အတွက် နောက်နောင်မှာ ဒီလိုမျိုး ထပ်မဖြစ်ဖို့ အတွက်ကို အခုလို တင် တာပါ။ မချပြပဲ ဒီအမှုကို ဖုန်းလို့ အမက ဖွင့်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကလေးကိစ္စ ကျောင်းတွင်ဖြစ်ပွားခဲ့ခြင်း လုံးဝ မရှိကြောင်း၊ အာမခံကြောင်း Wisdom Hill မှ ဒုတိယ ကျောင်းအုပ် ဒေါ်ခိုင် သဇင်က မနေ့က သတင်းထောက်များကို ပြောသည်။

ဒေါ်ခိုင်သဇင် က “ကျမတို့ လုံးဝ အာမခံတယ်။ ဒီကလေးသည် ကျမတို့ ကျောင်းမှာ  မဖြစ်ဖူးဆိုတာ အာမခံတယ်။ လုံးဝအာမခံတယ်။ လုံးဝမဖြစ်ခဲ့ပါ ဘူး။ ကျမတို့ ဆရာမတွေလည်း လုံးဝ အာမခံနိုင်တယ်။ လုံးဝ ဒီကိစ္စကျောင်းမှာ မဖြစ်ခဲ့ဘူး” ဟု ဆိုသည်။

ယခု အမှုနှင့် ပတ်သက်၍ ငြိမ်ခံနေခြင်း မဟုတ်ဘဲ အကြောင်းတစုံတရာ ရှိကြောင်း၊ ပြောခွင့် မရှိသေးသဖြင့် ငြိမ်နေရကြောင်း၊ လက်ရှိမှာ ယင်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေကြောင်း ကျောင်းအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိန်က ဆိုသည်။

အဆိုပါကိစ္စအား လူမှုကွန်ရက် စာမျက်နှာတွင် စတင်ဖော်ပြခဲ့သူ ပိုးဖြူ အမည်ရှိအကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ( ဃ) ဖြင့်တရားစွဲ ဆိုနိုင်ရန် စီစဉ်နေကြောင်း ဒုတိယ ကျောင်းအုပ် ဒေါ်ခိုင်သဇင်က မီဒီယာများသို့ အသိပေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အေးမြမြမျိုးက  “ဒီလို အမှုတွေ ဆိုရင် ဟိုးလေး တကျော်ဖြစ်ဖို့ ထက် ကာယကံရှင်ရဲ့ ဂုဏ်သိက္ခာ အပိုင်းက အရေးကြီးဆုံး ဖြစ်တယ်။ ဘာပဲ လုပ်လုပ် ဒါကို ထည့်သွင်းပြီးတော့ လုပ်စေချင်တာပါ” ဟု ဧရာဝတီ သို့ ပြောသည်။

You may also like these stories:

အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုကိုရိုက်ကူးထားသည့်မှတ်တမ်းရုပ်ရှင် အကောင်းဆုံးဆုရ

နေပြည်တော်ရှိ ကျား၊မ အခြေပြုစင်တာသို့ တလအတွင်း အကြမ်းဖက်ခံရသူ ၁၂ ဦး ရောက်ရှိ

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဘယ်လိုဖြေရှင်းမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading