သတင်း

အောင်သပြေဖြစ်စဉ် ပါဝင်သူများအားလုံးကို ဖမ်းဆီးအရေးယူမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်နေသူများအားလုံးအား ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုး ရဲမှူးချုပ် စိန်လင်း က “အမှုတွေကတော့ အများကြီးပေါ့၊ ပါတဲ့သူတွေက ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတော့ နာမည်ဖော်ထုတ်လို့ မရတာတွေလည်း ရှိတယ်၊ ဒါက ဖော်လို့ရတဲ့သူတွေကို ဖော်ထားတာ၊ ကျန်တဲ့သူတွေက သူတို့ကို ဖမ်းဆီးရမိပြီး စစ်ဆေး ဖော်ထုတ်ပြီးမှ ဆက်လက်အရေးယူရမှာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါပြောကြားချက်ကို မေလ ၃၁ ရက်နေ့က  မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး၌ ပြုလုပ်ခဲ့သည့် အောင်သပြေ ကျေးရွာ Alpha ဘိလပ်မြေစက်ရုံ တည်ဆောက်မှုနှင့်ပက်သက်၍ ပဋိပက္ခဖြစ်ပွားမှု အခြေအနေ တင်ပြခြင်း အခမ်းအနားတွင် ပြောကြားခဲခြင်းဖြစ်သည်။

ယခုအခါ အဆိုပါစီမံကိန်းပက်သက်၍ ၂၀၁၈ ခုနှစ်မှ လက်ရှိအချိန်အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ကုမ္ပဏီက ဖွင့်လှစ်ထားသည့် အမှုပေါင်း ၁၂ မှုရှိရာ တရားခံပေါင်း ၅၄ ဦးရှိပြီး ၁၂ ဦး ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါတရားခံများကို လမ်းတံတားဥပဒေပုဒ်မ ၂၂ အရ ဒေါ်မြမြအပါ ၄ ဦး၊ ငြိမ်းစုစီပုဒ်မ ၁၉ အရ ဦးရွှေအုန်းအပါ ၄ ဦး၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ အရ ဦးမင်းနိုင်အပါ ၄ ဦး၊ ငြိမ်းစုစီပုဒ်မ ၁၉ အရ ဦးကျော်ဇေယျအပါ ၄ ဦး၊ ပြစ်မှုပုဒ်မ ၃၀၃ အရ ဦးရွှေအုန်း၊ ပြစ်မှုပုဒ်မ ၄၄၇၊ ၃၂၃၊ ၁၁၄ အရ နိုင်ငံခြားသားအား ဝင်ရောက်ပြီး ခဲနဲ့ထု၊ ငြိမ်းစုစီ ပုဒ်မ ၁၉ အရ ဦးရွှေအုန်းအပါ ၈ ဦး၊ ပြစ်မှုပုဒ်မ ၃၃၃၊ ၄၃၅၊ ၁၁၄ အရ ဦးရွှေအုန်းအပါ ၁၄ ဦး၊ ပြစ်မှုပုဒ်မ ၄၃၆၊ ၄၄၀၊ ၃၃၆၊ ၁၂၄ အရ ခွေးကိုအပါ ၁၃ ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှုး တရားလို ပုဒ်မ ၅၀၅ (ခ) ဦးရွှေအုန်းအပါ ၉ ဦးတို့အား အမှုဖွင့်လှစ်ထားခြင်းဟု သိရသည်။

အောင်သပြေကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခမြင်ကွင်း (ဓာတ်ပုံ -ဇော်ဇော်၊ ဧရာဝတီ)

ရဲမှူးချုပ် စိန်လင်း က “လက်ရှိမှာ ပြစ်မှုကျုးလွန်တဲ့အမှုပေါင်းက ၂၀၁၈ မှာ ၇ မှုရှိတယ်၊ ၂၀၁၉ အတွင်းမှာ ၅ မှု ဖွင့် ထားတယ်၊ ဖမ်းဆီးရမိသူ ပေါင်းက ကျား ၁၀ ဦး၊ မ ၂ ဦး၊ ဖမ်းရန်ကျန် တရားခံကတော့ ကျား ၃၄ ဦးနဲ့ မ ၉ ဦး ကျန်ရှိနေသေးတယ်၊ ပြစ်မှုကျုးလွန် သူပေါင်းက စစ်ဆေးဖော်ထုတ်ချက်တွေအရ ကျား ၄၃ ဦး၊ မ ၁၁ ဦး၊ ပေါင်း ၅၄ ဦးရှိပါတယ်၊ ကျန်တာတွေကတော့ ဖော်ထုတ်လို့ မရသေးတဲ့ စာရင်းတွေဖြစ်တယ်” ဟု ပြောသည်။

အဆိုပါစီမံကိန်းကို မြင့်ရင်းနှီးမြုပ်နှံကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ကျော် ရင်းနှီးမြုပ်နှံထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ တရားဝင်ခွင့်ပြုချက်လည်း ရရှိထားသလို ယခုအခါ စီမံကိန်း အဆောက်အဦးများ စတင်ဆောက် လုပ်နေလျက်ရှိသည်။

စီမံကိန်းမန်နေဂျာ ဦးဝင်းလှိုင် က “ဒါတွေက တကယ်တမ်းပြောမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဘယ်တောင်သူဆီကမှ အလကားယူထားတာမရှိဘူး၊ ကာယကံ ရှင်တွေဆီကနေ ၂၀၁၄ လောက်ကတည်းက ဝယ်ထားတာတွေပါ၊ သူတို့ကိုယ်တိုင် ကျေနပ်လို့ လက်မှတ်ထိုးတွေနဲ့ ရောင်း ထားတာ၊ ကန့်ကွက်နေကြသူတွေက မြေယာနဲ့ပက်သက်ပြီး ကန့်ကွက်နေတာမဟုတ်ဘူး၊ ဒီပြသနာတွေက ၂၀၁၆ ခုနှစ် ၆ လ ပိုင်းမှ စတင်ဖြစ်ခဲ့တာပါ” ဟု ပြောသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၂ ခုနှစ်ကတည်းက လျာထားခဲ့ရာ ဒေသခံများ ကန့်ကွက်မှုရှိခဲ့ခြင်းကြောင့် ရပ်နားထားခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဥပဒေနှင့် ညီညွှတ်မှုရှိသည်ဟုဆိုကာ ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်းဟု သိရသည်။

ရဲမှူးချုပ် စိန်လင်း က “ကျနော်တို့ရဲတပ်ဖွဲ့ရဲ့ အနေအထားကတော့ ဥပဒေနဲ့ အညီ ဆောင်ရွက်ရမှာပဲ၊ စီမံကိန်းနဲ့ ကုမ္ပဏီက တရားဝင် ထားတာဖြစ်တဲ့ အတွက်ကြောင့် မကျေနပ်ချက်ရှိတဲ့ တောင်သူတွေဟာ ဥပဒေအရသာ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်၊ ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်ဆန် လက်လွှတ်စပယ် လုပ်ရင်တော့ ဥပဒေအရ အရေးယူခံရမှာ ဖြစ်တယ်” ဟု သည်။

အောင်သပြေ ကျေးရွာအနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပက်သက်၍ အောင်သပြေ ကျေးရွာမှ ရွာသူရွာသားများက မေလ ၁၄ ရက်နေ့မှ စတင်ကာ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေးရေးအတွက် ကျေးရွာအဝင်လမ်းကို ပိတ်ဆို့၍ ဆန္ဒပြခဲ့ ကြသည်။

အောင်သပြေကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခမြင်ကွင်း (ဓာတ်ပုံ -ဇော်ဇော်၊ ဧရာဝတီ)

အောင်သပြေဒေသခံ မယဉ်ယဉ်အောင် က “ကျမတို့အနေနဲ့က အခုလိုမျိုးတွေ မဖြစ်ချင်ပါဘူး၊ ကျမတို့ ခံစားနေရတာတွေကို သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပေမယ့် ရှင်းမပေးလို့သာ လုပ်ရတာပါ၊ ရဲတွေက အင်အား အလုံးအရင်းနဲ့ လာပြီး ကျမတို့ကို သေနတ်တွေနဲ့ပစ်ပြီးတော့ကို ဖမ်းတာ ဆီးတာတွေ လုပ်ခဲ့တာပါ၊ ဒဏ်ရာရတဲ့ သူတွေလည်း ဒဏ်ရာရခဲ့ကြပါတယ်၊ ကျမပြောချင်တာက အခုလို သေနတ်အချက် ၅၀ လောက်ပစ်ပြီး ဖမ်းတာ၊ ဆီးတာမျိုးလုပ်တာကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလဲဆိုတာ သိချင်ပါတယ်” ဟု ပြောသည်။

ထိုကဲ့သို့ဆန္ဒထုတ်ဖော်ရာသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်၍ လမ်းပိတ်ဆို့မှုအား ဖယ်ရှားပေးရန် ပြောဆိုရာ ဒေသခံများနှင့် တင်းမာမှုဖြစ်ပေါ်ခဲ့သည်။ မေလ ၁၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်မှာတော့ ဆန္ဒပြနေကြသည့် ဒေသခံများကို ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်ဖြင့် အင်အားသုံး၍ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့သည်။

ရဲမှူးချုပ် စိန်လင်း က “ဥပဒေနဲ့မညီတဲ့ လူစုလူဝေးဖြစ်ပါတယ်၊ လူစုလူဝေးကို ဥပဒေအရ အကြိမ်ကြိမ် လူစုခွဲဖို့ ပြောလို့ မရတဲ့ အခါမှာ လူစုခွဲဖို့ ဆောင်ရွက်ခြင်းသာ ဖြစ်တယ်၊ အဲဒီလူစုလူဝေးထဲမှာပဲ ဖမ်းဆီးရမယ့် တရားခံတွေ ရှိနေတယ်၊ ဖမ်းဆီးဖို့ သွားတဲ့အခါမှ ဖမ်းဆီးလို့မရနိုင်အောင် မီးတွေနဲ့တားတယ်၊ လမ်းပိတ်ဆို့မှုတွေလုပ်တယ်၊ ပြီးတော့ လေးခွနဲ့ပစ်တယ်၊ ထိန်းလို့မရတာကြောင့် ရာဘာကျည်နဲ့ မိုးပေါ်ကို ခြောက်ပစ်ပစ်ခဲ့ရပါတယ်၊ ရာဘာကျည်ဆိုတာက နီးတဲ့အကွာအဝေးတခုပဲ ထိရောက်မှုရှိတယ်၊ အဝေးကို မပြေးဘူး၊ ဒါကြောင့်မို့ ဆန္ဒပြတဲ့သူတွေ ဘာထိခိုက်မှုမှ မရှိပါဘူး၊ ရှိခဲ့လည်းပဲ သာမန်ပဲဖြစ်တယ်၊ လူစုခွဲအောင် ခြောက်လှန့်ပစ်ခတ်ခြင်းသာဖြစ်တယ်” ဟု ပြောသည်။

အောင်သပြေကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခမြင်ကွင်း (ဓာတ်ပုံ -ဇော်ဇော်၊ ဧရာဝတီ)

၎င်းကဆက်၍ “အဲဒီမှာ သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့မှုးကိုယ်တိုင်ပါသွားတယ်၊ ပစ်မိန့်ပေးလို့ရပါတယ်၊ ခရိုင်မှုးကိုယ်တိုင် အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်၊ သာမန်ပုံစံ အေးအေး ဆေးဆေး ဆန္ဒထုတ်ဖော်တာမျိုး မဟုတ်တော့ဘဲ တပ်ဖွဲ့ကို ပြန်လည် ရန်ပြုတိုက်ခိုက်လာ လို့ ပစ်မိန့်ပေးခဲ့တာ၊ လိုအပ်လာရင် ကျည်အစစ်နဲ့ အောက်ပိုင်းကိုပါ ပစ်လို့ရပါတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပစ်ခတ်ဖြိုခွင်းမှုအား Live လွှင့်နေသည့် မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနက သတင်းထောက် တဦးနှင့် ဒေသခံ ၃ ဦး ထိန်းသိမ်းခံခဲ့ရသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ဒေသခံ ၁၈ ဦး ဒဏ်ရာရရှိခဲ့သလို ရဲတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရ ရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသခံများက စီမံကိန်းဝင်းအတွင်းရှိ ကားများနှင့် အဆောက်အဦများအား မေ ၁၅ နံနက် ၈ နာရီကျော် အချိန်က ဝင်ရောက်မီးရှို့ခဲရာ ကား ၂ စီး ဆိုင်ကယ် ၃ စီးမီးလောင်ခဲ့သလို အခြား ပျက်ဆီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။

ရဲမှူးချုပ် စိန်လင်း က “လက်ရှိမှာ ဖြစ်စဉ်တခုလုံးမှာ အဓိကကျတဲ့သူတွေ၊ နောက်ကွယ်ကနေ အဓိက ပက်သက်နေတဲ့သူတွေကိုပဲ ဖမ်းဆီးနေတယ်၊ ကျန်တဲ့ အပေါင်းအဖော် ဖြစ်တဲ့သူတွေကို ဖမ်းမယ်ဆိုရင် တော်တော်များများ မိနိုင်ပေမယ့် အဓိကကျတဲ့ခေါင်းဆောင် တွေကိုပဲ ဖမ်းနေပါတယ်” ဟု ပြောသည်။

ယခုအခါ အဆိုပါစီမံကိန်းနှင့် ပက်သက်၍ ပဋိပက္ခဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှု မရှိစေရေး အတွက် စီမံကိန်း ဧရိယာ အတွင်း၌ မန္တလေးတိုင်း ဒေသကြီးရဲ တပ်ဖွဲ့မှ အရာရှိအဆင့် ၆ ဦး၊ အခြားအဆင့် ၅၀ ဦးဖြင့် လုံခြုံရေး ဆောင်ရွက်ပေးထားပြီး ထပ်မံ ဖြစ်ပွားလာပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

ယခုအချိန်တွင် အောင်သပြေကျေးရွာကို ရဲတပ်ဖွဲ့က ဝိုင်းထားသဖြင့် ဒေသခံများ ရွာပြင်မထွက်ရဲဘဲ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြပြီး အောင်သေပြေ ဒေသခံများအနေဖြင့် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံနှင့် ပက်သက်၍ ကန့်ကွက် နေရခြင်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လေထုညစ်ညမ်းမှုတို့ကြောင့်ဖြစ်ပြီး စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေ ကျေးရွာဒေသခံမျာအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်းရပ်ဆိုင်းရေး စသည့် အချက် ၃ ချက်အား သက်ဆိုင်ရာသို့ တောင်းဆိုထားသည်။

ဆက်စပ်ဖတ်ရှူရန်

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ယာယီ ပြေလည်

Did you find apk for android? You can find new Free Android Games and apps.
Loading