အမျိုးသားရေး ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) ကို တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွမ်းဆက်ကပ် လှူဒါန်းခြင်းသည် သံဃာကို ရည်မှန်း၍ ဆွမ်း ကပ်ခြင်းသား ဖြစ်ကြောင်း တပ်မတော်က ရှင်းလင်းသည်။
နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ဇွန် ၂ ရက်နေ့က ကျင်းပသည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာနက ဦးဝီရသူကို အစိုးရ ဖမ်းဆီရန် ကြိုးစားနေသည့်အပေါ် တပ်မတော်၏ သဘောထားနှင့် တပ်ချုပ်ကိုယ်တိုင် ဆွမ်းကပ် လှူခဲ့ခြင်း ကိစ္စများအပေါ် မေးခွန်းထုတ်ခဲ့ရာတွင် ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။
တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆရာတော်ဦးဝီရသူနဲ့ ဆက်ဆံရေး ဆိုတာက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆွမ်းကပ်တယ်ဆိုတာ သံဃာကို ရည်မှန်းပြီး ကပ်တာပါ။ မည်သည့် သံဃာကိုမဆို ကပ်မှာပါ။ သံဃာကို ရည်မှန်းပြီး ဆွမ်းဆက်ကပ်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဆရာတော် ဦးဝီရသူ ဖမ်းဆီးရေးနှင့် နောက်ဆက်တွဲကိစ္စရပ်များမှာ နိုင်ငံတော်အဆင့်က ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်သည်ဟု ရှင်းလင်းပြီး ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အာဏာရရှိပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၎င်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဆွမ်းဆက်ကပ် လှူဒါန်းမှုကို မန္တလေး၊ မဟာအောင်မြေ မြို့နယ် မစိုးရိမ် တိုက်သစ်တွင် ပြုလုပ်ခဲ့ရာ တပ်ချုပ်ကိုယ်တိုင် ဦးဝီရသူအား ဆွမ်းကပ်နေသည်ကို တွေ့ ရသည်။
ဦးဝီရသူကမူ လွှတ်တော်ထဲတွင် အမုန်းခံ၍ တာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့် ကြောင်း မေလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက် ရေးပွဲတွင် မိန့်ကြားခဲ့သည်။
ပုဒ်မ ၅၉ (စ) ကို အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)က လုံးဝ ပယ်ဖျက်ရန် တောင်းဆိုထားသည့် ပုဒ်မတခု ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေရန် တမင်ရည်ရွယ်ရေးဆွဲထားသည့် ပုဒ်မတခုဟု ၎င်းတို့က ယုံကြည်နေကြ သည်။
ဧရာဝတီက အမျိုးသားရေး ရပ်ခံမှု အပေါ်တွင် ဦးဝီရသူနှင့် တပ်မတော်တို့ သဘောထား တူညီမှု ရှိနေပါသလားဟု မေးခွန်း ထုတ်ရာတွင်လည်း တပ်မတော်သည် အမျိုးသားရေးကို ဆောင်ရွက်သည်ဆိုသည်မှာ အမျိုးသားရေးထက် အမျိုးသား နိုင်ငံရေးကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင်လည်း တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အစဉ်တစ်စိုက် ပါဝင်ရန် ဦးတည်သည်ဟု ပါရှိပြီး ဖြစ်ကြောင်း ၎င်းတို့က တုန့်ပြန်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့ ဆောင်ရွက်နေတာသည် အမျိုးသား နိုင်ငံရေး ဖြစ်ပါတယ်။ အမျိုးသာရေး ဆိုတာထက် အမျိုးသား နိုင်ငံရေး ဖြစ်ပါ တယ်။ အမျိုးသား နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးနဲ့ ဘာတွေကွာလဲ။ အမျိုးသားနိုင်ငံရေးနဲ့ ဒီပြင် နိုင်ငံရေးနဲ့ ဘာတွေကွာလဲ ဆိုတာက သီအိုရီ သဘောအရရော၊ လုပ်ငန်းစဉ်သဘောအရရော ရှိပြီး ဖြစ်ပါတယ်”ဟု ပြောသည်။
ဦးဝီရသူက တပ်မတော်ကို အစဉ်တစိုက် ထောက်ခံလေ့ရှိပြီး တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း မပြောဆိုမီ ၁ လ အလို ဧပြီလ ၅ ရက်နေ့က မြိတ်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက် ခံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ပြောဆိုသော ၂ မိနစ်ခွဲခန့်ရှိ ရုပ်သံဖိုင်တခု လူမှု ကွန်ရက်တွင် ပျံ့ နှံခဲ့သည်။
ယင်းရုပ်သံဖိုင် ပျံ့ နှံပြီး မကြာမီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့် ပတ်သက်ပြီး ဦးဝီရသူကို တရားစွဲရန် အမှုတည်ဆောက်နေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုက 7 Days သတင်းစာသို့ ထုတ်ဖော် ပြောဆိုလာသည်။
မေလကုန်ပိုင်းတွင် ဦးဝီရသူကို ဖမ်းဆီး အရေးယူရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက နိုင်ငံ တော် အကြည်ညို ပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် တရားလို ပြုလုပ်တိုင်ကြားလာသဖြင့် အနောက်ပိုင်းခရိုင် တွဲဖက် တရားသူကြီးတဦးက ဖမ်းဝရမ်းထုတ်ပေးသည့်အခါ ရဲတပ်ဖွဲ့ က ဖမ်းဆီးရန် ကြိုးစားနေသည်ဟု သိရသည်။
သို့သော် ယနေ့အချိန်ထိ ဖမ်းမမိသေးဘဲ ကိုယ်တိုင် အဖမ်းခံမည်ဟု မီဒီယာတချို့ သို့ ထုတ်ဖော်ပြောဆိုခဲ့သည့် ဆရာတော် ဦးဝီရ သူသည်လည်း လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ယခုလို ဦးဝီရသူကို ဖမ်းမမိခြင်းမှာ မဖမ်းချင်၍ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၃ နှစ် ကတည်းက ဖမ်းရမည်ကို အစိုးရက တရားပွဲ ပိတ်ရုံ လောက်သာ လုပ်ရဲကြောင်း၊ ရဲတပ်ဖွဲ့ကလည်း အရေးယူချင်ပုံ မရကြောင်း၊ သို့သော် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ MDCF မှ ကိုထင် ကျော်၊ ဒေါင်းတို့ မျိုးဆက်တို့ကိုပင် ဖမ်းချင်၍ ချက်ချင်း ဖမ်းပြခဲ့ကြောင်း မန္တလေးမြို့ မှ တရားလွှတ်တော်ရှေ့ နေ ဦးသိန်းသန်းဦးက ပြောသည်။
ဦးသိန်းသန်းဦး က “ဒီလောက်ကြီး ပြောနေတာကို မမိဘူး ဆိုတော့ ပရဆေး ဥယျာဉ်များ ရောက်သွားလား မသိဘူး။ မိုက်ကယ် ကျော်မြင့်ရယ်၊ ဝီရသူ ရယ်က အောင်ဝင်းခိုင် ရှိနေတဲ့ နေပြည် တော် ပရဆေး ဥယျာဉ်ထဲကို ရောက်သွားပြီလို့ ကျနော်ထင်တယ်။ ဝီရသူကို မမိဘူးဆိုရင် ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေး ဝန်ကြီးမှာ တာဝန် ရှိတယ်။ ဒေါင်းတို့ မျိုးဆက်တို့ မင်းထင်ကိုကိုကြီးတို့ကို ဖမ်းသလိုပဲ အားလေး ထုတ်ဖမ်း ပေးပါလို့ ပြောချင်တယ်”ဟု ပြောသည်။
အောင်ဝင်းခိုင်သည် NLD ၏ ဥပဒေ အကြံပေး ဦးကိုနီကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က လုပ်ကြံသတ်ဖြတ်ရာတွင် အဓိက ပါဝင်ခဲ့သော်လည်း ယနေ့အချိန်ထိ ဖမ်းမမိသေးသည့် စစ်တက္ကသိုလ် ဗိုလ်လောင်း အ ပတ်စဉ် ၃၆ မှ ဖြစ်ပြီး အငြိမ်းစား ဒုဗိုလ်မှူးကြီးတဦး ဖြစ်သည်။
ဦးဝီရသူသည် NLD ပါတီ၏ ဥပဒေ အကြံပေး ဦးကိုနီ သတ်ဖြတ်ခံရစဉ်က ပါဝင်ခဲ့သူ ကြည်လင်း၊ အောင်ဝင်းခိုင် ဆိုသူနှင့် ၎င်း၏ အပေါင်းအပါများကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်တွင် တင်ခဲ့စဉ်က ၎င်း၏ ဟောပြောချက်များကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လမှ ၂၀၁၈ ခုနှစ် မတ်လ အထိ တရားဟောခွင့် တနှစ်တိတိ အပိတ်ခံခဲ့ရဖူးသည်။
ဦးဝီရသူသည် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် သီတင်းသုံးနေထိုင်သည့် ဗုဒ္ဓဘာသာ ရဟန်းတော် တပါးဖြစ်ပြီး မွတ်စလင် ဆန့်ကျင်ရေး ဆရာတော်တပါးအဖြစ် လူသိများသည်။ အမျိုးသားရေး လှုပ်ရှားသူများဟု မိမိကိုယ်ကိုယ် ခေါ်ဆိုနေသူများကမူ ဦးဝီရသူကို အခိုင်အမာ ထောက်ခံကြသည်။
ထို့ပြင် ဆရာတော်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင် အရေးအခင်းများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများကြောင့် နာမည် ကျော် TIME မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” အဖြစ် ဖော်ပြခြင်း ခံခဲ့ရဖူးပြီး ယခုနောက်ပိုင်းတွင် ရုရှား သတင်းဌာနတခုက ဗမာဘင်လာဒင်ဟု ခိုင်းနှုန်းရေးသားထားသည်ကိုလည်း တွေ့ရသည်။