သတင်း

မင်းပြားတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လေးမြို့မြစ်၏ အရှေ့ဘက်ကမ်း တောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင် တပ်မတော် ( AA) တို့ ဇွန်လ ၂ ရက် မွန်းလွဲပိုင်းမှ စ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

တိုက်ပွဲ ဖြစ်ပွားသော နေရာမှာ  မြောင်းဘွေကျေးရွာ၏ အရှေ့ဘက် ရွှေတမာ ကျေးရွာနှင့် အောင်ဒိုင် ကျေးရွာကြား တောင်တန်းများတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရွှေတမာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း က ပြောသည်။

ဦးကျော်သိန်းက “မနေ့က နေ့လယ် ၂ နာရီလောက်ကနေ တိုက်ပွဲ ဖြစ်ကြတာ။ ညနေ ၇ နာရီလောက်မှာ တခေါက် ရပ် သွားတယ်။ နောက် ၉ နာရီလောက်မှာ တခါ ထပ်ပစ်ခတ်သံတွေကို ကြားရတယ်။ ဒီနေ့လည်း သေနတ်သံတွေကို ကြားရ တုန်းပဲ ရှိပါသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းတိုက်ပွဲကြောင့် အိမ်ခြေ ၁၆၀ ကျော်၊ လူဦးရေ ၈၀၀ ကျော်ရှိသော ရွှေတမာ ကျေးရွာသားများမှာ နေအိမ်တွင် မနေရဲ တော့သဖြင့် ရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေး ခိုလှုံနေရကြောင်းလည်း ဦးကျော်သိန်းက ဆိုသည်။

ထိုနှစ်ဖက်တိုက်ပွဲကြောင့် မြောင်းဘွေ ကျေးရွာနေ အသက် ၄၀ အရွယ် ဒေါ်နှင်းဝင်းရီမှာ နောက်ကျော ကျည် ထိမှန်ခဲ့ သည့် အတွက် မြောက်ဦး ဆေးရုံမှ စစ်တွေ ပြည်သူ့ဆေးရုံသို့ သယ်ဆောင် လာခဲ့ကြောင်းလည်း သိရ သည်။

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားသည့် နေရာနှင့် အနီးဝန်းကျင် မွတ်စလင်ကျေးရွာများမှ ၃ ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အတွက်  မြောင်းဘွေ တိုက်နယ်တွင် ကုသမှုခံ ယူနေရကြောင်း မြောင်းဘွယ် ဒေသခံ တဦးက ပြောသည်။

ဒေသခံ ရွာသား တဦးက “မနေ့ကတော့ မြောင်းဘွေ ရွာက အမျိုးသမီး၁ ဦး ဒဏ်ရာ ရတာ ရှိတယ်။ သူကတော့ ဒဏ်ရာ ပြင်းတော့ စစ်တွေကို ခေါ်ဆောင်သွားပြီ။ နောက်မြောင်းဘွေ ဆေးရုံမှာ ဘင်္ဂါလီ လူငယ် ၁ ဦးနဲ့ သားအမိ နှစ်ယောက် ဆေးကုသမှု ခံယူနေတာ မြင်ခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မြောင်းဘွေ ကျေးရွာ၏ အရှေ့ဘက် တောင် တန်းများတွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းမှာ မှန်ကန်ပြီး ထိခိုက် ဒဏ်ရာရခြင်း မရှိကြောင်း ပြောသည်။

မင်းပြားမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာတချို့(ဓာတ်ပုံ-AA သတင်း ပြန်ကြားရေး)

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မြောင်းဘွေ ရွာ အရှေ့ဘက်ခြမ်းမှာတော့ ကျနော်တို့နဲ့ ထိတွေ့မှု ဖြစ်ခဲ့တယ်။ နေ့လယ်ပိုင်း တခေါက် ညနေပိုင်း တခေါက် ဖြစ်ခဲ့တာ ရှိတယ်။ အဲဒီမှာတော့ ဟိုဘက်ကလည်း အကျအဆုံး မရှိဘူး။ ဒီဘက်ကလည်း အကျအဆုံး မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ပေါင်းတုတ် ရွာအနားမှာတော့ ဖြတ်တိုက်တာတော့ ရှိတယ်။ မိုင်းခွဲ တိုက်ခိုက်တာပေါ့။ ကျနော်တို့ ဘက်က ကားနဲ့လာ တာမဟုတ်ဘူး။ လမ်းလျှောက်လာကြတာ။ ဘာမှတော့ ထိခိုက်တာ မရှိဘူး။ ကျနော်တို့ဘက်က နယ် မြေ ရှင်းလင်းနေတာ ရှိတယ်” ဟု ပြောကြားသည်။

အသေးစိတ် သိရှိနိုင်ရန် အတွက် ဧရာဝတီမှ မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းစိုးကို ဆက်သွယ် မေးမြန်းခဲ့ရာ “ကျနော် တို့ ဘာမှ စိစစ်လို့ မရသေးပါဘူး” ဟု ဖြေကြားသည်။

AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ ကတော့ ယမန့်နေ့က တပ်မတော်မှ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ (၄၁၇) တပ်ရင်း နှင့် ညနေ ၂ နာရီကျော် အချိန်က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မိုးချုပ်မှ ရပ်နားခဲ့ကြောင်း ပြောသည်။

ခိုင်သုခက “မနေ့က ၂ နာရီကျော်လောက်ကတည်းက ဖြစ်ကြတာ။ မိုးချုပ်သွားတဲ့အတွက် ရပ်သွားတာပဲ ရှိတယ်။ တိုက် ပွဲ အတွင်းမှာ ဗမာ စစ်တပ်ဘက်က အလောင်း  ၁၀ လောင်းနဲ့ လက်နက် ၁၀ လက် သိမ်းဆည်းရမိတာ ရှိတယ်။ ကျနော် တို့ဘက်ကလည်း ၃ ဦး ကျဆုံးတယ်။ ၄ ဦး ဒဏ်ရာရတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ထို့အပြင် မြောက်ဦးမြို့မှ စစ်ကူ လာသော တပ်မတော် ယာဉ်တန်းကိုလည်း ပေါင်းတုတ်ကျေးရွာအနီးတွင် AA က ဖြတ် တိုက်ခဲ့ရာ စစ်ကား ၂ စီး ဟန့်တားနိုင်ခဲ့ကြောင်း ထို ရွှေတမာရွာနှင့် အောင်ဒိုင်ကျေးရွာကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော် ရှိကြောင်းလည်း ၎င်းကပြောသည်။

ယင်းသို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် မင်းပြားမြို့နယ် အတွင်းက ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြပြီး တိုက်ပွဲပြင်းထန်လာမည်ကိုလည်း စိုးရိမ်ထိတ်လန့် နေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဆက်စပ်ဖတ်ရှု့ရန်

ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ

AA တည်ရှိမှုကို လိုင်ဇာမှာဘဲ အသိအမှတ်ပြုမည်ဟု တပ်မတော်ပြော

ဖမ်းဆီးခံ မြောက်ဦး ဒေသခံ ၂၀ ကျော်ကို အကြမ်းဖက် ဥပဒေ၊ လက်နက် ဥပဒေများဖြင့် တရားစွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading