ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဂန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရုပ်တု စိုက်ထူမှုနှင့် ပက်သက်ပြီး ပြည်နယ်အစိုးရနှင့် အငြင်းပွားနေသည့် တိုးတက်သော ကရင်နီပြည်သူ အင်အားစုအဖွဲ့ဝင်ဖြစ်ပြီး ဖမ်းဝရမ်းထုတ်ထားခြင်း ခံရသည့် အသက် ၂၃ နှစ်အရွယ် ခူးကြူးဖဲကေး(ခ) ဂူးဂူးကို ယမန်နေ့ညက ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်၊ ဖမ်းဝရမ်းထုတ် ခံထားရသည့် တိုးတက်သော ကရင်နီပြည်သူအင်အားစုအဖွဲ့မှ ၆ ဦးကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများတွင် အကြောင်းကြားရန် လွိုင်ကော်မြို့မရဲစခန်းမှ ကြေညာခဲ့ပြီးနောက် မကြာမီ ရက်ပိုင်းအတွင်း ဂူးဂူးကို ဖရူးဆိုးမြို့နယ် အဝင်အထွက်ဂိတ်နားတွင် ဖမ်းဆီးလိုက်သည်ဟု ကရင်နီပြည်သူ အင်အားစုအဖွဲ့မှ ခွန်းဘားနဒ်က ပြောသည်။
ခွန်းဘားနဒ်က “မနေ့ညနေပိုင်းက သူ့ကို လွိုင်ကော်ရဲစခန်းမှာ ချုပ်ထားပြီး ဒီနေ့ လွိုင်ကော်တရားရုံးမှာ ရုံးထုတ်ရမန် ယူတယ်။ အခု သူ့ကို လွိုင်ကော်ထောင်ကို ပို့လိုက်ပြီ။ သူ့ကို ဇွန်လ ၁၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ ရုံးချိန်းပြန်ချိန်း ထားတယ်။ သူ့ကို ရဲစခန်းမှာရော၊ တရားရုံးအချုပ်မှာရော မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံခွင့် ပေးပါတယ်။ ကျန်တဲ့သူ ၅ ဦးကိုတော့ ဖမ်းဆီးမိတာတွေ မရှိသေးပါဘူး” ဟု သူက ရှင်းပြသည်။
ရဲတပ်ဖွဲ့မှ အလိုရှိနေသော ဝရမ်းထုတ်ခံထားရသည့် ကရင်နီပြည်သူအင်အားစုအဖွဲ့ဝင်များမှာ ကိုဂျွန်ပေါ(ခ) ပျားလေး၊ ကိုမျိုးလှိုင်ဝင်း(ခ) ပါစကွားလယ်၊ ခွန်သောမတ်စ်၊ ကိုဒီးဒီ(ခ) စစ်မုန်းနှင့် ခူးရီဒူးတို့ဖြစ်သည်။
တရားစွဲဆိုခံထားရသည့်သူ ၆ ဦး စလုံးကို တရားခံပြေးများအဖြစ် ထုတ်ပြန်ကြေညာခြင်းသည် မိမိတို့ လူငယ်ပိုင်းကို အလေးမထားသည့်အပြင် တရားစွဲဆိုမှုအတွက် ဆင့်ခေါ်စာများလည်း ပေးပို့ထားခြင်းမရှိကြောင်း ခွန်းဘားနဒ်ထံက သိရသည်။
ယခုဖြစ်စဉ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုနှင့် ပတ်သက်ပြီး ယခုနှစ် ဖေဖော်ဝါရီလက ပန်းခြံအတွင်း သပိတ်စခန်း ဖွင့်နေသည့် ကရင်နီပြည်သူ့အင်အားစုအဖွဲ့ကို အကြမ်းဖက်ဖြိုခွင်းလိုက်သည့်အတွက် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် တကွ ဝန်ကြီးဦးမော်၊ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီတို့ကို ယခုနှစ်မတ်လတွင် နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသား သွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများ အဖြစ် ကြေညာခဲ့သည့်အတွက် ယခု မေလအတွင်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာကွယ်ပေး ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အစိုးရအဖွဲ့မှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့်အရေးယူမှုများတွင် အနိမ့်ဆုံးပြစ်ဒဏ် ၆ လမှ အမြင့်ဆုံး ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်၍ရနိုင်ကြောင်း ပြဌာန်းထားသည်။
မိမိတို့အနေဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မည်ကဲ့သို့ ခုခံချေပရမည်ကို ဆွေးနွေးတိုင်ပင်နေ ဆဲဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် မိမိတို့၏ ကတိကဝတ်တို့ကို ချိုးဖောက်ခဲ့ကာ ဥပဒေကို မလေးစားသည့် အနေဖြင့် မိမိတို့ကို ယခုကဲ့သို့ တရားရုံးမှ ဆင့်ခေါ်စာမထုတ်ပဲ မည်သည့်နေရာတွင်မဆို ဖမ်းဆီးနိုင်သည့် ဖမ်းဝရမ်းကို ထုတ်ပြန်လိုက်ခြင်းက အနာဂတ်တွင် မိမိတို့တိုင်းပြည်အတွက် ကောင်းမွန်သော အလားအလာမျိုးမဟုတ်ဟု ဖမ်းဝရမ်း ထုတ်ခံ ထားရသည့်သူတဦးဖြစ်သည့် ကိုမျိုးလှိုင်ဝင်း(ခ) ပါစကွားလယ် က ပြောသည်။
မိမိတို့ ကရင်နီလူငယ်များ အင်အားစုဖြစ်ခဲ့သည်က မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့် လက်နက်ကိုင်အဖွဲ့ကမှ နောက်ကွယ်မှ တွန်းအားပေးခြင်းမရှိသလို ပြည်နယ်အရေးအတွက် စုဖွဲ့မိကြသည့် အဖွဲ့အစည်းသာဖြစ်သည်ဟု သူက ဆက်ပြောသည်။
တဖက်တွင် ကရင်နီပြည်နယ်အတွက် တက်ကြွလှုပ်ရှားနေသည့် လူငယ်များဖြစ်သလို တဖက်တွင် အစိုးရဖြစ်နေသည့် အတွက် ယခင်အချိန်ကတည်းက ပြေလည်အောင် ညှိနှိုင်းရသည့်အခြေအနေကို ၂ ဖက်လုံးက ဆုတ်ကိုင်ခြင်းမရှိပဲ ထင်ရာစိုင်းခဲ့သည့်အတွက် ယခုလို အခြေအနေကို ရောက်ခဲ့ခြင်းဖြစ်ကြောင်း ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြေရယ်(ခ) မြင့်သန်းထွန်းက သုံးသပ်သည်။
ဦးဖြေရယ်က “အရင်ထဲက ပြေလည်အောင် ညှိလို့ရမယ့်ပြဿနာကို မပြေလည်အောင် အလွန်အကျွံလုပ်ခဲ့လို့ ဖြစ်လာတာ။ နှစ်ဖက်လုံးက နားလည်မှုတွေ လွဲနေတာ။ ဗိုလ်ချုပ်ဆိုတာကလည်း ကျနော်တို့ရဲ့ အာဇာနည်ဖခင်ပဲ။ တဖက်မှာလည်း အတ္တစွဲနဲ့ဖြစ်နေကြတာ။ တက်ကြွလှုပ်ရှားသူတွေဘက်ကလည်း သူတို့ဖြစ်ချင်တာပဲ လုပ်နေသလို တဖက်မှာ အစိုးရဖြစ်တော့ အာဏာမက်မောသွားတဲ့ ပုံစံမှာရှိတယ်။ အစောပိုင်းထဲက ညှိလိုက်ရင် ပြေလည်မယ့်ဟာ။” ဟု သူကဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကယားပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လွှတ်တော်ကိုယ်စားလှယ် တချို့သည် တရားဝင်မှတ်ချက်ပြုရန် ငြင်းဆန်ကြသည်။ တဖက်တွင် NLD ပါတီမှ ရွေးချယ်ထားသည့် အစိုးရဖြစ်သလို တဖက်တွင် တက်ကြွလှုပ်ရှားသူများ၏ ဆောင်ရွက်ချက်များအပေါ် အစိုးရအဖွဲ့မှ ကိုင်တွယ်မှုပုံစံ မှားယွင်းနေသည့် အနေအထားမျိုးကြောင့်ဟု မှတ်ချက်ပြုမှုများ ရှိသည်။
မေလ ၁၄ ရက်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ခန်းမတွင် နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ကရင်နီပြည်သူအင်အားစုအဖွဲ့နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးချိန်တွင် အဆိုပါ ဂန္ဒာဟေဝန်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝရွှေ့ပြောင်းပေးမည်မဟုတ်ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖေါင်းရှိုက ပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲများ ပျက်ပြယ်ခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်မြို့ ဗိုလ်ချုပ် ကြေးရုပ် ပြဿနာကြောင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးနိုင်ရေး ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးက ယခုနှစ် မတ်လအတွင်းက ပြောကြားထားသည်။
ဆက်စပ်ဖတ်ရှုရန်- NLD ရုံးရှေ့က ကရင်နီလူငယ် သပိတ်စခန်းကို ရဲတပ်ဖွဲ့ ဖြိုခွင်း
တွေ့ဆုံဆွေးနွေးရေး လမ်းဆုံးသွားသည့် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်တု