ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅ ဒသမ ၂ ဘီလီယံကို တိုင်းအစိုးရထံသို့ မေလ ၃၁ ရက်တွင် ပြန်လည် ပေးသွင်းခဲ့ကြောင်း သတင်း ရရှိသည်။
ဖောင်ဒေးရှင်းမှ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံသို့ လွှဲပြောင်းပေးရမည့် ငွေကျပ် ၅ ဒသမ ၂၃၆ ဘီလီယံ (ကျပ် သိန်းပေါင်း ၅၂၃၆၀ ကျပ်) အနက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း ၂၈ ခုကို ထုတ်ချေးထားသည့် ငွေများနှင့် ကုမ္ပဏီ ၃ ခုကို ထုတ်ချေးထားသည့် ငွေကျပ် ၁ ဒသမ ၀၂၀ ဘီလီယံ (ကျပ်သိန်းပေါင်း ၁၀၂၀၀ ကျပ်) ကို ပြန်လည် ပေးသွင်းရန် ကျန် ရှိနေသည့် အတွက် တိုင်းအစိုးရက တရားစွဲဆိုရန် ပြင်ဆင်နေချိန်တွင် ဖောင်ဒေးရှင်းက ကျန်ငွေများ ပြန်လည် ပေးသွင်းခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်းက“ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ငွေတွေ အကုန်ပြန်ရပါပြီ။ မေလ ၃၁ ရက်က ပြန်လာပေးသွားတာပါ”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း အစိုးရ အဖွဲ့ အနေဖြင့် ဒေသဖွံဖြိုးရေး ရန်ပုံငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော် ပြန်လည် ရရှိသည့် ကိစ္စကို သတင်း မီဒီယာများအား ဖိတ်ခေါ်၍ ရှင်းလင်းသွားမည်ဟု ဝန်ကြီး ဦးဌေးဝင်းက ဆက်လက် ပြောဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကြည်အောင်က “တိုင်းအစိုးရ အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ပေးသွင်းရမယ့် ငွေကျပ် သိန်း ၁ သောင်းကျော်ကို ပြန်ပေးခဲ့တာပါ။ ဧရာဝတီတိုင်း အစိုးရဘက်ကလည်း ငွေတွေ အကျေပြန်လည် ပေးသွင်းပြီးပါကြောင်း ဝန်ကြီးချုပ်က တရားဝင်စာ ထုတ်ပေးပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ငွေစာရင်းထဲသို့ ပြန်လည် ပေးသွင်းခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ များကို အသုံးပြု၍ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် အတွင်း ဧရာဝတီတိုင်း အတွင်းရှိ တံတားများကို အဆင့်မြှင့်တင်ကာ ဆောက် လုပ် ပေးသွားရန် ပြင်ဆင်ထားကြောင်း တိုင်းအစိုးရ အဖွဲ့ထံမှ သိရသည်။
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ ကိစ္စမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ကျင်းပသည့် ဧရာဝတီ တိုင်းလွှတ်တော် အစည်းအဝေးတွင် ဖျာပုံမြို့နယ် အမှတ်- ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကိုဇေယျာမင်းသိန်းက “ဧရာဝတီ တိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ငွေကြေးရန်ပုံငွေများနှင့် ပတ်သက်၍ သိရှိလိုကြောင်း” မေးမြန်းရာမှ စတင် ပေါ်ပေါက်ခဲ့ ခြင်း ဖြစ်သည်။
လွှတ်တော် အတွင်း မေးမြန်းမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့က၂၀၁၆ ခုနှစ် အတွင်း တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကို တာဝန်ပေးအပ်၍ ဧရာဝတီ ကျန်းမာ၊ ပညာ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အပေါ် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်း အစိုးရ အဖွဲ့၏ တင်ပြချက် အရ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စအား နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်၏ နိုင်ငံတော် သမ္မတရုံးက တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအား တာဝန် ပေးအပ်၍ ဧရာဝတီ ကျန်းမာ ပညာဖောင်ဒေးရှင်းအား စစ်ဆေးစေခဲ့ရာ အဆိုပါ ငွေကြေးများမှာ နိုင်ငံတော် ငွေများ ဖြစ်နေ သည့် အတွက် ပြန်လည် တောင်းခံသင့်ကြောင်း သမ္မတ ရုံးထံ အစီရင်ခံ တင်ပြခဲ့သည်။
ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကို ငွေသား သီးသန့် ပြန်လည် ပေးသွင်းရန် တိုင်းအစိုးရက တောင်းခံခဲ့ရာ ဖောင်ဒေးရှင်း အနေဖြင့် ဘဏ်အပ်ငွေများနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ချေးထားသော ငွေများ၊ ကုမ္ပဏီများနှင့် အကျိုးတူ လုပ်ကိုင်ထားသော ရရန် အကြွေးစာရင်းများကိုပါ တိုင်း အစိုးရထံ လွဲှပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း အစိုးရက ငွေသားချည်းသာ ရလိုပြီး ဖောင်ဒေးရှင်းမှ ဘဏ်လက်ကျန်ငွေနှင့် အကြွေးစာရင်းများပါ လွဲှပေး လိုသည့် အတွက် ဖောင်ဒေးရှင်းနှင့် တိုင်းအစိုးရကြား ညှိနှိုင်းမရ ဖြစ်နေပြီး ငွေလက်ခံရေး အတွက် လအနည်းငယ် ကြန့် ကြာခဲ့သည်။
ထို့ကြောင့် ဧရာဝတီတိုင်း အစိုးရက ဘဏ်အပ်ငွေများကို ဆောလျင်စွာ ပေးရန်၊ ကုမ္ပဏီများသို့ ချေးငွေ ကို ရက်ပေါင်း ၃၀ အတွင်း၊ ဒေသဖွံဖြိုးရေး လုပ်ငန်းအား ချေးထားသည့်ငွေများကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည် ပေးသွင်းရန်နှင့် ပျက် ကွက်ပါက ဥပဒေ အတိုင်း အရေးယူမည်ဟု ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ဖောင်းဒေးရှင်း တာဝန်ရှိသူများထံ အကြောင်း ကြားခဲ့သည်။
ထိုသို့ပျက်ကွက်နေသည့် အတွက် ကျန်ရှိငွေများ အားလုံး မေလ ၃၁ ရက်တွင် အကုန်အစင် ပြန်ပေးရန်နှင့် မပေးသွင်း ပါက တရားစွဲဆိုသွားမည်ဟု တိုင်းအစိုးရက ဖောင်ဒေးရှင်းထံအကြောင်းကြားခဲ့သည့်နောက် သတ်မှတ်ရက် မေလ ၃၁ ရက်တွင် ဖောင်ဒေးရှင်းက ကျန်ငွေအားလုံးကို ဧရာဝတီတိုင်း အစိုးရထံ ပြန်လည် ပေးသွင်းခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ အစိုးရဟောင်း လက် ထက်တွင် ဧရာဝတီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး တိုင်းအတွင်းရှိ အစိုးရ နှင့် သက်ဆိုင်သော တင်ဒါလုပ်ငန်းများ၊ လမ်းတံတားကြေး ကောက်ခံမှု လုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းရှင်များအား ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာ ဂီတ ဖျော်ဖြေပွဲများ ပြုလုပ်၍ ရန်ပုံငွေ ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း စုံစမ်း သိရှိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေး ပါတီ ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ် ဦးသိန်းအောင်၏တိုင်းအစိုးရအဖွဲ့ ရာထူးမှ ဆင်းပေးခါနီး အချိန်တွင် အစိုးရ တာဝန်ယူစဉ်က လှုပ်ရှား ဆောင်ရွက်ခဲ့ သည့် ဧရာဝတီ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းအား ဖျက်သိမ်း၍ ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အဖြစ် အသစ် ပြန်လည် ဖွဲ့စည်းကာ ယခင်ဖောင်ဒေးရှင်း အဟောင်းမှ ငွေများကို ဖောင်ဒေးရှင်း အသစ်ထံသို့ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
ဆပ်စပ် ဖတ်ရှုရန်
ကျန်းမာ၊ ပညာ ဖောင်ဒေးရှင်းကို ဧရာဝတီတိုင်း အစိုးရ တရားစွဲမည်