မြန်မာနိုင်ငံ အတွင်းသို့ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသားများကို တည်ဆဲ ဥပဒေနှင့် အရေးယူပြီးနောက် နေရပ်သို့ မည်သည့် ပုံစံဖြင့် ပြန်ပို့နေသည်ကို ယခင်သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းက လွှတ်တော်သို့ မေးခွန်း ထုတ် လိုက်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း က “ခိုးဝင်လာတဲ့ သူတွေ ပျောက်ကုန်မှာစိုးလို့၊ ကျနော်က ဒီမေးခွန်းကို မေးတာပါ။ ဝန်ကြီး ဖြေတာ ရာနှုန်း ၁၀၀ တော့မတိကျဘူး။ ကျနော်က သတိပေးတဲ့ အမတ်တယောက် အနေနဲ့ ဒီကိစ္စကို သတိပေးတဲ့ သဘောပါ။ ပျောက်လည်း ပျောက်နေတယ်လို့ ယူဆတယ်လေ” ဟု ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်းဖမ်းမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို သေချာစိစစ်ပြီး တည်ဆဲ ဥပဒေပရ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ပြီးပါက ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသို့ ပြည်နှင်လျက်ရှိကြောင်း၊ နယ်စပ်ဒေသမှ တဆင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြား အလံတင် အစည်းအဝေးများတွင် ညှိုနှိုင်းဆွေးနွေးပြီးမှ စနစ်တကျ ပြန်လည် စေလွှတ်မှုများလည်း ရှိကြောင်း အလုပ်သမား လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက လွှတ်တော် အစည်းအဝေးအတွင်း ဖြေကြားခဲ့သည်။
ဝန်ကြီး ဦးသိန်းဆွေက “ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီများကတော့ သတ်မှတ်အထောက်အထားများနဲ့ စာရွက်စာတမ်းများ မပါပဲနဲ့ ခရီးသွား ကန့်သတ် ချက်များကို ကျော်လွန်ပြီးတော့မှ ဝင်ရောက်လာတယ်ဆိုရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူ များက ဖမ်းဆီးပြီးတော့မှ တည်ဆဲဥပ ဒေ များနဲ့ အညီ တရားစွဲ အရေးယူပါတယ်။ ပြစ်ဒဏ်ချမှတ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ခိုးဝင်ရောက်လာသူများအား ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသို့ ပြန်ပို့ထားသည့် လူဦးရေစာရင်းကို ပြုစုထားသော်လည်း ယခု လွှတ်တော် အတွင်းသို့ စာရင်းပါလာခြင်းမရှိသဖြင့် တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ဦးသိန်းဆွေ က “တဖက်နိုင်ငံကခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို တည်ဆဲဥပဒေနဲ့အညီ တရားစွဲအရေး ယူပြီးတော့ ပြစ်ဒဏ် ကျခံပြီးတဲ့ အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပြည်နှင် လျက်ရှိပါတယ်” ဟု ပြောသည်။
အချို့အခြေအနေများတွင်လည်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးသို့ ပေးပို့ အကြောင်းကြား၍ ၎င်းတို့ ၏နိုင်ငံသို့ လေကြောင်း ခရီးဖြင့် သော်လည်း၊ နယ်စပ်ဒေသမှ တဆင့်သော်လည်းကောင်း ပြန်လည်စေလွှတ်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။
ခိုးဝင်သူများအား ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ပြန်ပို့၍ တရားဝင်လမ်းကြောင်းမှ ပြန်လက်ခံပြီး၊ နေရာပြန်လည် ချပေးသင့်ကြောင်း ထိုသို့ ပြု လုပ်ခြင်း မရှိပါက နောင်အချိန်တွင် ခိုးဝင်ဘင်္ဂါလီများ အဆမတန် များပြားလာပြီး အရေးမယူနိုင်သည့် အခြေနေမျိုး ဖြစ်လာနိုင်ကြောင်း ရခိုင် အမျိုးသား ပါတီဝင် တဦးဖြစ်သူ ဦးဖေသန်းက ဆိုသည်။
ဦးဖေသန်းက “ခိုးဝင်တာက အများကြီးဘဲ။ ဒါပေမယ့် တရားဝင် လမ်းကြောင်းက ဝင်တာ မဟုတ်ဘူး။ မြို့ပေါ် မောင်တော ဘက်က သူတို့ နည်း သူတို့ ဟန်နဲ့ ဝင်တယ်။ သူတို့ ဆွေမျိုးတွေ ရှိတဲ့နေရာကို မသိမသာနဲ့ ဝင်ပြီးတော့ နေကြတာရှိတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းများ၌ ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို ပြန်လည် လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော်လည်း လက်ရှိ အချိန်ထိ တဦးတယောက်မှ ပြန် လာသူ မရှိသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှသို့ ထွက်ပြေး တိမ်းရှောင်သူများအား ၂၀၁၈ ခုနှစ် ဇန်နဝါ ရီ ၂၃ ရက်တွင် စတင် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် မြန်မာ– ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။
ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည် ပေးပို့လာသည့် လူဦးရေ ၂ သောင်းကျော် စာရင်းကို စိစစ်ရာတွင် ၈ ထောင် နီးပါးမှာ ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်သို့ အကြောင်းကြားပြီး ဖြစ်ကြောင်း၊ ပြန်လည် ဝင်ရောက် လာမည့်သူများကို စနစ်တကျ လက်ခံနိုင်ရန် အတွက် ဆောင်ရွက်နေကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေးအတွက် အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့ ကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပြီး ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ဆက်စပ်ဖတ်ရှူရန် – ရန်ကုန်သို့ ခိုးဝင်ဘင်္ဂါလီ ၁ ဦး လမ်းတွင်သေဆုံး