ကချင်ပြည်နယ်တွင်း လူမျိုးရေးဖိနှိပ် ခံနေရသည်ဟုဆိုကာ လီဆူတိုင်းရင်းသားများ က ကချင်လွတ်လပ်ရေး တပ်မတော်ကို (KIO/KIA) ကို ဆန့်ကျင်ကြောင်း ယနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် လီဆူတိုင်းရင်းသား ၂၀၀ အထက် ပါဝင်ပြီး လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတတ်ရေး ပါတီ- ဒူးလေးပါတီ (LNDP ) က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။
ဒူးလေးပါတီ၊ ဥက္ကဋ္ဌ ဦးရွှေမင်း က “ဒီနေ့ဆန္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ KIA/KIO က ကျနော်တို့ လူမျိုးနဲ့အတူ မိဘပြည်သူ တရပ်လုံးကို ဖမ်းဆီး သတ်ဖြတ်တာ အစဉ်အလာအတိုင်း ဖြစ်နေပါတယ်။ အဲ့တာကို မခံမရပ်နိုင်ဖြစ်လို့ အားလုံးသိရှိအောင် ကျနော်တို့ တောင်းဆိုချ က်တွေကို ရအောင် အခုလို လုပ်ဆောင်တာပါ”ဟု ပြောသည်။
ဦးရွှေမင်းက ဆန္ဒပြ လူဦးရေမှာ ၄၀၀၀ ခန့်ရှိပါသည်ဟု ပြောဆိုသည်။
ယနေ့ မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ကြသူများက မြစ်ကြီးနားမြို့ကို ပတ်ပြီး “KIA/KIO အဖွဲ့၏ လက်နက်အားကိုး ညှင်းပန်းသတ်ဖြတ်မှု ချက်ချင်းရပ်၊ လီဆူလူမျိုးအပေါ် ဦးတည်တိုက်ခိုက်မှု ချက်ချင်းရပ်၊ မတရား ဆက်ကြေးကောက် လူဖမ်း၊ ငွေညစ်မှု အလိုမရှိ၊ လီဆူအမျိုးသား စည်းလုံး ညီညွတ်ရေး ဒို့အရေး၊ ဒို့အရေး၊ လီဆူအမျိုးသားရေး ကြိုးပမ်းမှု အောင်ရမည်” ဟူ၍ ကြွေးကြော် ခဲ့ကြသည်။
ဆန္ဒပြပွဲဖြစ်ပေါ်လာရခြင်းမှာ ၂၀၁၉ ခုနှစ်၊ လီဆူတိုင်းရင်းသား ၃ ဦးကို KIA တပ်ဖွဲ့ဝင် များက သတ်ဖြတ်ခဲ့ကြပြီး အမှုအပေါ် မူတည်ပြီး ဒူးလေးပါတီက အချက် ၄ ချက် တောင်းဆိုခဲ့ရာ မရသဖြင့် ဆန္ဒပြရခြင်း ဖြစ်သည်ဟု သိရသည်။
မတ် ၁၁ ရက်က ဖားကန့်မြို့နယ်တွင်း လီဆူတိုင်းရင်းသား ၄ ဦးကို KIA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့သည်။
လွတ်မြောက်လာသည့် ၁ ဦးမှာလည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ကြောင့် ဆေးကုသမှု ခံယူနေရသည်။
ဒူးလေးပါတီမှ တောင်းဆိုသည့် အချက် ၄ ချက်မှာ လီဆူလူမျိုးများအပေါ် ဖမ်းဆီးကာ ညှင်းပမ်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ အတွက် KIA ဗဟိုမှ တရားဝင် တောင်းပန်ပေးရန်၊ နောက်နောင် ထပ်မံဖမ်းဆီးသတ်ဖြတ်မှုများ မပြုလုပ်ရေး တာဝန်ယူ ကတိကဝတ်ပြုပေးရန်၊ သေဆုံးသွားသူများ အတွက် နစ်နာကြေး၊ ဘာသာရေး ထုံးတမ်းစဉ်လာများအရ ဆောင်ရွက်ပေးရန်၊ KIA မှ လီဆူများကို အဓမ္မဖမ်းဆီး တပ်သားသစ် မစုရေး ကြပ်မတ်ပေးရန် တို့ဖြစ်သည်။
ဒူးလေးပါတီက ၎င်းတို့ လီဆူတိုင်းရင်းသားများ၏ တောင်းဆိုချက်များကို KIO/KIA နှင့် ညှိနှိုင်းရန် ကြားခံအဖြစ် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက် (PCG) ကို မေ ၁၀ ရက်က တောင်းဆိုခဲ့သော်လည်း PCG က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့် အလုပ်များနေသည်ဟု ဆိုကာ ကူညီရန် ငြင်းဆို ခဲ့သည်ဟု သိရသည်။
လီဆူ စာပေနှင့် ယဉ်ကျေးမှုက ကြားဝင်ညှိနှိုင်းပေးရာ မေ ၂၁ ရက်တွင် သေဆုံးသူ ၃ ဦးအတွက် သိန်း ၁၅၀ စီနှင့် ဆေးကုသနေသူအတွက် သိန်း ၄၀ ကို KIA ဘက်က လျော်ကြေးပေးခဲ့သည်။
ဒူးလေးပါတီမှ ၎င်းတို့ တောင်းဆိုထားသည့် ၄ ချက်အနက် ၁ ချက်ကိုသာ ရရှိပြီး ကျန် ကတိကဝတ် ၃ ချက် မရသဖြင့် ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဦးရွှေမင်းက ပြောသည်။
လီဆူတိုင်းရင်းသားများ ယနေ့ ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သတ်၍ PCG မှ ဦးဆန်းအောင် က “KIO နဲ့ က သူတို့ညှိရင် ရပါတယ်။ သွားလို့ရတာပဲ။ ကျနော်မြင် တာကတော့ ငြိမ်းချမ်းရေး နည်းနည်း နီးစပ်လာရင် အဲ့လို အနှောင့်အယှက် တွေကတော့ရှိတာပါပဲ။ ရိုးရိုးသားသားလို့တော့ သိပ်မမြင်ပါဘူး” ဟု ပြောသည်။
ကချင်အသိုင်းအဝိုင်း၊ လူမှုကွန်ရက်များတွင် လီဆူပါတီ၏ လုပ်ဆောင်ချက်များမှာ KIO ၏ ဆန့်ကျင်ဘက် တပ်မတော်နောက်ခံရှိပြီး နိုင်ငံရေးအရ ဆန္ဒပြပွဲများကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟူသည့် ဝေဖန်မှုများလည်း ရှိနေသည်။
ဦးရွှေမင်း က “ကျနော်တို့ ဘယ်သူ့အကူအညီမှ ရယူထားတာ မရှိဘူး။ ကိုယ့်အိတ် ထဲက ရှိသမျှငွေ ဆွဲထုတ်ပြီးမဖြစ်ဖြစ်အောင် ဆန္ဒဖော်ထုတ်ပွဲကို လုပ်ဆောင်ရတာ။ ဘယ်ဘက်ကမှ အခွင့်အရေး မရသလို အများနည်းတူ ငြိမ်းစုစီ လျှောက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်တာ”ဟု ပြောသည်။
ဆက်လက်၍ ဦးရွှေမင်းက ကချင်ပြည်နယ်တွင်း KIA က ၎င်းတို့ လီဆူတိုင်းရင်းသားများ ကို ဦးတည်ကာ ညှင်းပန်းနှိပ်စက်ခြင်းများ၊ လူမျိုးရေး ခွဲခြား ဖိနှိပ်မှုများ ရှိနေပါသည်ဟုလည်း ပြောဆိုသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူ က “ကျနော်တို့ KIO မှာ ဒါမျိုးတွေ မရှိပါဘူး။ သူတို့ စွပ်စွဲတာပဲ ဖြစ်ပါတယ်။ အားလုံးက ညီအကို တွေပါ။ အကုန်လုံးက တန်းတူပါ။ ကျနော်တို့ မိသားစုတွေပါ ။ညီအကိုတွေပါ။ ဘာမှ ခွဲခြား တာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက လီဆူတိုင်းရင်းသား ၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်၍ KIO ဗဟိုဌာနချုပ်မှ စုံစမ်း စစ်ဆေးရန် လွှတ်ထားခြင်း ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ မေလလယ် က စတင် ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူ က “ပြဿနာ ပေါ်တဲ့ နေရာမှာ ရောက်ပြီး စုံစမ်းတဲ့ အဖွဲ့က စီစစ်နေပါတယ် ။ စီစစ်နေတဲ့ အဖွဲ့မှာ အရပ်ဘက်ကလည်း ပါတယ်။ တပ်ဘက်ကလည်း ပါပါတယ်။ သူတို့ တလလောက် ရှိပါပြီ။ ဌာနချုပ်ကနေ သွားတာပါ” ဟုလည်း ဆိုသည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ပြန်လာပါက အခြေအနေများကို သိရမည်ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးကြီး နော်ဘူက “အမှန်တရားကို ဖော်ထုတ်ဖို့ဖြစ်ပါတယ် ။ ဘယ်က မှားတာလဲပေါ့။ ကျနော်တို့ ဝန်ထမ်းတွေ မှားတာလား။ သူတို့ဘက်က မှားတာလား ဆိုတဲ့ တိကျမှန်ကန်တဲ့ သတင်းတွေရဖို့ အခြေအနေတွေ ရဖို့ ဌာနချုပ်က စေလွှတ်ထားတာ ဖြစ်ပါတယ်” ဟုလည်း ပြောသည်။
KIA သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ ၁၀ ခု ဖြန့်ကျက် လှုပ်ရှားကာ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု အရေးအတွက် အစိုးရကို တော်လှန် တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်တွင် စာချုပ် ပျက်ကာ ယနေ့ထိ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက် ရှိသည်။
လက်ရှိတွင် အစိုးရ၊ တပ်မတော်နှင့် KIA ကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တခု ချုပ်ဆိုရန် ညှိနှိုင်း လျက်ရှိသည်။
You may also like these stories:
KIA ဖမ်းထားသည့် လီဆူတိုင်းရင်းသားများ လွှတ်ပေးရန် ဒူးလေးပါတီ တောင်းဆို
KIA တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ဟု တပ်မတော်ပြော
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော် နှင့် KIA ရက်အတန်ကြာ တိုက်ပွဲဖြစ်ပွား