သတင်း

မန္တလေးတိုင်း အတွင်း ဆန္ဒပြပွဲများ၌ သံဃာများ မပါဝင်ရေး သတိပေး

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ပွဲများတွင် သံဃာများ ပါဝင်မှု မရှိစေရေး ကြပ်မတ် ဆောင် ရွက်သွားရန် မန္တလေးတိုင်း ဒေသကြီး သာသနာရေး ဦးစီးဌာနက အသိပေးစာ ပေးပို့ထားကြောင်း တိုင်း သံဃနာယက ရုံးက ပြောသည်။

ယင်း သတိပေးစာကို မေလ ၁၃ ရက်က ကျင်းပခဲ့သည့် တိုင်းလုံခြုံရေး အစည်းအဝေး ဆုံးဖြတ်ချက် အရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး သာသနာရေး ဦးစီးဌာနမှ မြို့နယ်အလိုက် သံဃနာယက အဖွဲ့များသို့ ဖြန့်ဝေမှု ပြုလုပ်ထားကြောင်း သိရသည်။

မန္တလေးတိုင်း သံဃနာယက ရုံးအဖွဲ့က “စာက မိတ္တူ အနေနဲ့ ရောက်လာတာ။ ဘာမှ ထပ်ဆင့် ညွှန်ကြားဖို့ ဆောင်ရွက်တာ မရှိ ပါဘူး။ မှတ်တမ်း အနေနဲ့ပဲ ထားရှိထားပါတယ်။ သာသနာရေးဘက်ကပဲ ဆက်လုပ်တာပါ” ဟု ပြောသည်။

အသိပေးစာ အနေဖြင့် မြို့နယ် သံဃနာယက အဖွဲ့ထံ ရောက်ရှိနေသည်မှာ မှန်ကန်ပြီး မြို့နယ်အချို့တွင် ကျောင်းတိုက် များ သို့ ဖြန့်ဝေ အသိပေးမှုများ ပြုလုပ်ထားကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင် ဆရာတော် တပါးက မိန့်သည်။

ဆန္ဒထုတ်ဖော်ပွဲများတွင် သံဃာတော်များ ပါဝင်မှု မရှိစေရေး သတိပေးထားခြင်းနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ် ကျေးမှု ဝန်ကြီးဌာန တာဝန်ရှိသူများက ပုံမှန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်သာ ဖြစ်ကြောင်း မေလ ၃၁ ရက်က ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ယင်းသို့ သတိပေးထုတ်ပြန်မှုအား အခြားသော တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ဆောင်ရွက်ရန် ရှိမရှိ ကိုမူ ဝန်ကြီးဌာန ဘက် က တိကျစွာ ဖြေကြားခဲ့ခြင်း မရှိပေ။

ဆန္ဒထုတ်ဖော်ပွဲများတွင် ထင်ရှားသည့် ပါဝင် ဟောပြောမှု အဖြစ် အမျိုးသားရေး ဝါဒီ ဦးဝီရသူအား ရန်ကုန်မြို့၌ ကျင်းပခဲ့ သည့် ဆန္ဒထုတ်ဖော်ပွဲ တခုတွင် စင်ပေါ် တက်ရောက် ဟောပြောခဲ့မှုနှင့် ပတ်သက်ပြီး လက်ရှိတွင် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည်။

မေလ ၅ ရက် က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉(စ)အား ကာကွယ် စောင့် ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထု ဆန္ဒ ထုတ်ဖော်ပွဲ” တွင် လွှတ်တော်ထဲ၌ အမုန်းခံ၍ တာဝန်ထမ်း ဆောင်နေကြသည့် တပ်မတော်သားများအား ဘုရားလို ကိုးကွယ်သင့်ကြောင်း ဦးဝီရသူက ဟောပြောခဲ့သည်။

ဦးဝီရသူအား အရေးယူပေးရန် အနောက်ပိုင်း ခရိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားရုံး ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ် ပြီး မေလ ၂၈ ရက်တွင် အနောက်ပိုင်း ခရိုင် တရားရုံးက ဖမ်းဝရမ်း ထုတ်ကာ ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ယနေ့ အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခံရမှုနှင့် ပတ်သက်ပြီး ဦးဝီရသူက ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် သြဝါဒခံယူပြီးမှသာ အာဏာ စက်ဖြင့် အရေးယူမှုကို သွားရောက် ရင်ဆိုင်ဖြေရှင်းမည် ဖြစ်ကြောင်း မေ ၃၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာ ယက (မဟန)အဖွဲ့ထံ လျှောက်ထားသည့် စာတွင် ပြောဆိုထားသည်။

ယင်းသို့ ဖမ်းဝရမ်းထုတ်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် သံဃာအချို့ ဦးဆောင်ကာ ဦးဝီရသူအား ထောက်ခံသူများက မေလ ၃၀ ရက်နှင့် ၃၁ ရက် တို့တွင် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြပြီး တရားစွဲ ဆိုထားမှုမှာလည်း တရားမျှတမှု မရှိကြောင်း ဆုတောင်းပွဲ ဦးဆောင်သူများက ပြောခဲ့သည်။

ယခုကဲ့သို့ ဦးဝီရသူအား တရားစွဲဆိုရန် အစိုးရ အဖွဲ့က ညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အရေးယူမှုနှင့် ဆက်စပ်ပြီး နိုင်ငံ တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေမည့် ဆူပူမှုများ ဖြစ်ပေါ်လာပါကလည်း ဥပဒေနှင့် အညီ ပြတ်ပြတ်သားသား ကိုင် တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မေလ ၃၁ ရက်က ပြုလုပ်သည့် သ တင်းစာ ရှင်းလင်းပွဲ အပြီးတွင် ပြောသည်။

မဟန အနေဖြင့်လည်း ဦးဝီရသူအား ရန်ကုန်တိုင်းဒေသကြီး သံဃနာယကရုံးတွင် မေ ၃၀ ရက်၌ သြဝါဒပေးရန် ညွှန်ကြား ခဲ့သော်လည်း ထောင်ဖမ်းသည့် အခြေအနေ ဖြစ်ပေါ်မည်ကို မဟန ဆရာတော်ကြီးများက လိုလားမှု မရှိသည့် အတွက် သြဝါဒပေးမည့် အစီအစဉ်အား ဆိုင်ငံ့ထားကြောင်း သာသနာရေး ဝန်ကြီးဌာနက ပြောသည်။

You may also like these stories:

တောင်သာ ဘုန်းကြီးကျောင်း ပဋိပက္ခ ၂၇ ဦး အမှုဖွင့်ထား

ဦးဝီရသူ အရေး ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု သမ္မတရုံး ပြော

ဦးဝီရသူအား ဝရမ်းထုတ်ခြင်း မတရားဟု ဝန်းရံသူများတုံ့ပြန်

Loading