ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့မ ရဲစခန်းတွင် သက်သေခံအဖြစ် ထိန်းသိမ်းထားသည့် ICE မူးယစ်ဆေး အထုပ်များ မှ တဝက်ကျော်အား လဲလှယ်ခံထားရမှု အဓိက သံသယရှိသူ စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီးကို ဖမ်းဆီးမိပြီး စစ်ဆေး မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့က သိရသည်။
အဆိုပါ သံသယရှိသူ ရဲတပ်ကြပ်ကြီး မြင့်နိုင်အား ပင်လောင်းမြို့နယ် ဘန်းပြင် အုပ်စု နောင်လင်း ကျေးရွာ ဘုန်းကြီး ကျောင်းတွင် ရဟန်းဝတ်ဖြင့် တွေ့ရှိပြီးနောက် လူဝတ်လဲကာ ဇွန်လ ၂ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းက ပြောသည်။
ထို့နောက် ဇွန်လ ၃ ရက် နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ကျိုင်းတုံ မြို့မ စခန်းသို့ ပို့ဆောင် စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေ က ဧရာဝတီသို့ ပြောသည်။
ဒုရဲမှူးကြီး မြင့်ဆွေ က“မနေ့က ပင်လောင်းမြို့နယ်ထဲက ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ဝတ်နေတယ်။ ဖမ်းတယ်၊ ဖမ်းပြီး တော့ ဒီနေ့ နေ့ခင်း လေယာဉ်ပျံနဲ့ လာပို့တယ်။ ဒီကို ၁ နာရီကျော်လောက်က ရောက်တာပေါ့။ စစ်ဆေးနေတယ်”ဟုလည်း ပြောဆိုသည်။
သံသယရှိသူ တပ်ကြပ်ကြီး မြင့်နိုင်သည် မေ ၁၅ ရက်မှစ၍ ရဲစခန်းမှ အကြောင်းမဲ့ ပျက်ကွက်ကာ ထွက်ပြေး တိမ်းရှောင် နေသည့် အတွက် စုံစမ်း ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းနှင့် အပေါင်းအပါ ဖြစ်သူ အမှုဖြင့် တိမ်းရှောင်နေသည့် ရဲတပ် သား ဝေဖြိုးကို မေ ၃၀ ရက်တွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရသည်။
သက်သေခံ အဖြစ် ထိန်းသိမ်းထားသည့် ICE တကီလိုထုပ် ၁၀၃ ထုပ်တွင် ၆၄ ထုပ်ကို ပုံစံတူ ပစ္စည်းနှင့် အစားထိုး ခံထား ရခြင်းဖြစ်ပြီး အဆိုပါ ပစ္စည်းများကို ဓာတ်ခွဲခန်းပေးပို့ စစ်ဆေးထားသည့် အဖြေ မရရှိသေးသည့်အတွက် မည်သည့် ပစ္စည်း ဖြင့် အစားထိုး လဲလှယ်ထားသည်ကို အတိအကျ မပြောနိုင်သေးကြောင်း ဒုရဲမှူးကြီး မြင့်ဆွေ က ပြောသည်။
“ဖမ်းထားတာ တယောက်ရှိသေးတယ်။ ရောင်းတဲ့ဝယ်တဲ့ ဆက်စပ်တာကတော့ မမိသေးဘူးပေါ့။ မူရင်းပစ္စည်း မဟုတ်ဘူး ဆိုတာတော့ မှန်တယ်။ တရားဝင် စစ်ဆေးထားတဲ့ အဖြေမရသေးဘူး”ဟု ၎င်းက ပြောပြသည်။
ကျိုင်းတုံမြို့မ ရဲစခန်းတွင် တပ်ကြပ်ကြီး မြင့်နိုင်နှင့် ရဲတပ်သား ဝေဖြိုးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ် သော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈(ဃ) ၊ ၂၂(ဃ) တို့ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ရဲတပ်ဖွဲ့၏ တွက်ချက်သည့် အခြေခံဈေးနှုန်းအရ ICE မူးယစ်ဆေး တကီလိုသည် ကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်းလည်း သိရ သည်။
You may also like these stories:
ကော့သောင်း ပင်လယ်ပြင်တွင် ကျပ် ၃၀ ဘီလီယံကျော်ဖိုးရှိ ICE မူးယစ်ဆေးများထပ်မိ
ပင်လယ်ဖြတ်၍ မူးယစ်ဆေး ပို့ဆောင်ခိုင်းသူ မမိသေး
ကော့သောင်းတွင် ICE မူးယစ်ဆေး ကျပ် ၃၄ ဘီလီယံကျော်ဖိုး ဖမ်းမိ