မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီး ထုတ်ပယ်ခံရသည်ဆိုသော ထိပ်တန်းခေါင်းဆောင် ကင်ယောင်ချူးကို တခြားသော စစ်ဘက်အရာရှိကြီးများနှင့် အတူ ဂီတ ဖျော်ဖြေပွဲတွင် တွေ့ရပုံကို မြောက်ကိုရီးယား သတင်းဌာန KCNA က ထုတ်လွှင့်ပြသခဲ့သည်။
ကင်ယောင်ချုးသည် နျူကလီးယား အရေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုနှင့် ဆွေးနွေး ဖက် အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး၊ ဟနွိုင် ထိပ်သီးအစည်းအဝေး ပျက်ပြားခြင်းကြောင့် သူ့အား ရာထူးမှ ဖယ်ရှားကာ အလုပ်စခန်းသို့ ပို့ဆောင်ခံရ ကြောင်း တောင်ကိုရီးယား သတင်းစာ ချိုဆန် အီဘိုက ပြီးခဲ့သည့် သောကြာနေ့က ဖော်ပြခဲ့သည်။
အသက် ၇၃နှစ် ရှိပြီဖြစ်သည့် ကင်ယောင်ချုးသည် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး တဦးဖြစ်ပြီး လက်ရှိတွင်လည်း အာဏာ ရ အလုပ်သမားပါတီ ဗဟိုကော်မတီတွင် ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသလို တောင်ကိုရီးယား အပါအဝင် နိုင်ငံတကာ အရေးများတွင်လည်း ပါဝင်ဖြေရှင်းသူဖြစ်သည်။
တနင်္ဂနွေနေ့ နှောင်းပိုင်းက ကင်ဂျုံအန်း၊ ၎င်း၏ ဇနီး ရီဆော်ဂျူ၊ အာဏာရပါတီ၏ အဆင့်မြင့်ပါတီဝင်များနှင့် စစ်တပ် ထိပ်ပိုင်းအရာရှိများ တက်ရောက်သည့် စစ်တပ် အရာရှိများ၏ ဇနီးများ အပျော်တမ်း အနုပညာအုပ်စု ဂီတတင်ဆက်ပွဲတွင် ကင်ယောင်ချူးကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ရိုဒေါင်ရှင်မွန်း သတင်းစာတွင် ဖော်ပြထားသည့် ဓာတ်ပုံတပုံ၌ ကင်ဂျုံအန်း ထိုင်နေသည့် ခုံမှ ၅ ယောက်မြောက် ခုံတွင် ထိုင်နေသည့် အရာရှိမှာ ၎င်း၏ လက်နှစ်ဖက်စလုံးဖြင့် မျက်နှာကို အုပ်ထားကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က တင်ဆက်သည့်ပွဲသို့ တက်ရောက်သူများစာရင်းတွင်လည်း ပါဝင်လျက်ရှိကြောင်း မြောက် ကိုရီးယား အစိုးရအာဘော်ကို ထင်ဟပ်သည့် KCNA က သတင်းထုတ်လွှင့်ခဲ့သည်။
ကင်ယောင်ချူးနှင့် နောက်ဆုံးဆက်သွယ်မှု ပြုခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုကို တနင်္ဂနွေနေ့က မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
“ကျနော်တို့ စေ့စပ်ညှိနှိုင်းမှုကို ပုဂ္ဂိုလ်ရေး အရပဲ ဆက်သွယ် ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၅ရက်နေ့ ABC သတင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတခုတွင် နောက်ထပ်လာမည့် မြောက်ကိုရီးယား အရေးတွင် သူနှင့် ဆွေးနွေးဖက် အဖြစ် တစုံတဦး ပေါ်ပေါက်လာမည်ဖြစ်သော်လည်း မည်သူ မည်ဝါဆိုသည်ကိုမူ တိတိကျကျမသိကြောင်း မိုက်ပွန်ပီယိုက ဖြေကြားခဲ့သည့်
“သမ္မတထရမ့်က သူ့ရဲ့စေ့စပ်ညှိနှိုင်းရေးမှူး အဖြစ် ဘယ်သူ့ကိုထားမယ်ဆိုတာ ဆုံးဖြတ်သလိုမျိုး ဥက္ကဋ္ဌ ကင်ဂျုံအန်း ကလည်း ဒီဆွေးနွေးမှုတွေ အတွက် သူ ဘယ်သူ့ကို တာဝန်ပေးရမယ် ဆိုတာ သူ့ သဘောနဲ့သူ ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ဧပြီလက မြောက်ကိုရီးယား၏ လွှတ်တော်အစည်းအဝေးနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်သော ဓာတ်ပုံတပုံတွင် ကင်ယောင်ချူးသည် ကင် ဂျုံအန်း နောက်တွင် မတ်တပ်ရပ်နေပုံ ပါရှိခဲ့သော်လည်း နောက်တလ ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံသည့် ထိပ်သီး အစည်းအဝေးတွင်မူ ကင်မ်ကို ၎င်းက ခြံရံလိုက်ပါခြင်း မတွေ့ရတော့ပေ။
တောင်ကိုရီးယား နိုင်ငံ မြို့တော် ဆိုးလ်မှ အာရှ မူဝါဒ လေ့လာရေး သိပ္ပံမှ ဝါရင့်အရာရှိ Shin Beom-chul က “ကင် ယောင်ချူး က ဟနွိုင်ထိပ်သီးအစည်းအဝေး ကတည်းက လုပ်ပိုင်ခွင့် ပြန်ရုတ်သိမ်းခံရပုံပေါ်ပါတယ်” ဟု ဆိုးလ်မြို့၊ ကောက်ချက်ချသည်။
Reuters က သီးခြားအတည်ပြုချက်မရယူနိုင်သည့် သတင်းတွင်လည်း အမေရိကန်နှင့် နျူးကလီးယားအရေး အလုပ် သဘောဆွေးနွေးရသည့် သံတမန်ဖြစ်သူ ကင်ယောင်ချူးကို မြောက်ကိုရီးယားအစိုးရက ကွပ်မျက်ခဲ့ကြောင်း ဖော်ပြခဲ့ သည်။
ကင်ယောင်ချူးနှင့် တွဲဖက်လုပ်ကိုင်ခဲ့သည့် အရာရှိအချို့ကိုလည်း အများပြည်သူ မြင်ကွင်းတွင် မတွေ့ရတော့သည်မှာ ဟနွိုင်ထိပ်သီး အစည်းအဝေး ပြီးကတည်းက ဖြစ်သည်။ သို့သော် ထင်ရှားပြီး ဘေးဖယ်ခံထားရသော အခြား ဝါရင့် သံတမန်လည်း ရှိနေသည်ဖြစ်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုးစန်ဟွိုင်လည်း အပါအဝင်ဖြစ်ပြီး ၎င်းကို တကျော့ပြန် ပြန်တွေ့လာရသည်။
တောင်ကိုရီးယားဘက်မှ ထွက်ပေါ် လာသော မြောက်ကိုရီးယား ရာထူးဖယ်ရှားခြင်းနှင့် ကွပ်မျက်ခြင်းသတင်းအချို့မှာ နောက်ပိုင်းတွင် မှန်ကန်တိကျမှု မရှိကြောင်း အထောက်အထားပြနိုင်ခဲ့သည်။