အမေရိကန်နိုင်ငံက ဆွေးနွေးလိုလျှင် တံခါးဖွင့်ထားသော်လည်း ဝါရှင်တန်က တိုက်ခိုက်လိုပါက အဆုံးအထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဝေဖန်းဟဲက အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး စစ်ပွဲအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ဇွန်လ ၂ ရက်နေ့က ထပ်မံအတည်ပြုပြောကြားသည်။
စင်္ကာပူတွင် ကျင်းပသည့် ရှန်ဂရီလာ လုံခြုံရေးထိပ်သီးဆွေးနွေးပွဲတွင် တရုတ်ကာကွယ်ရေး ဝန်ကြီးက “ဆွေးနွေးပွဲလား ကြိုဆိုတယ်။ တိုက်ပွဲလား အဆင်သင့်ပဲ။ အနိုင်ကျင့်တာလား လက်မခံဘူး” ဟု သူပြောသည်။
ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စုက တောင်းဆိုချက်များကို ပြောင်းလဲနေသည်ဟု စွပ်စွဲထားသည့် စက္ကူဖြူစာတမ်းကို တရုတ်နိုင်ငံက ထုတ်ပြန်ချိန်တွင် တရုတ်ကာကွယ်ရေး ဝန်ကြီးက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
တရုတ်ကုန်စည်များအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်သော ကုန်သွယ်ခွန်များသည် အမေရိကန် စီးပွားရေးကိုသာမက ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်စေကြောင်း ထိုစာတမ်းတွင် ဖေါ်ပြထားသည်။
ထိုစာတမ်းကို ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဝမ်ရှောင်ဝန် က တင်ပြခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ဆွေးနွေးပွဲမှ နောက်ကြောင်းပြန်လှည့်သည်၊ ဉာဏပစ္စည်းများခိုးယူကာ တရုတ်လုပ်ငန်းများသို့ အမေရိကန်ုလုပ်ငန်းများက နည်းပညာ လွှဲပြောင်းယူနေသည်ဟူသည့် စွပ်စွဲချက်များကို ချေပထားသည်။
တရုတ်ကာကွယ်ရေးဝန်ကြီး လျံကောင်းလီ ၂၀၁၁ ခုနှစ်တွင်တက်ရောက်ခဲ့ပြီးနောက် ရှန်ဂရီလာဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဆင့်အမြင့်ဆုံးအရာရှိဖြစ်သော ဗိုလ်ချုပ်ကြီး ဝေသည် အာရှအင်အားကြီးနိုင်ငံများနှင့် ဒေသတွင်း ပူပန်မှုဖြစ်သေသော ကိစ္စအများအပြားနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ သဘောထားများကို စင်္ကာပူတွင် ရှင်းလင်းပြောကြားခဲ့သည်။
သူ၏မိန့်ခွန်းတွင် ပထဆုံး စတင်ပြောကြာကြားသည့် ပြသနာဖြစ်သော ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောကြားပြီး ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့ ပြန်လည်ပေါင်းစည်းရမည့် သဘောမျိုးပြောဆိုသည်။
“တရုတ်နဲ့ ထိုင်ဝမ်ကို တစုံတဦးက ခွဲထုတ်ရဲရင် တရုတ်တပ်မတော်အနေနဲ့ အမျိုးသားညီညွတ်ရေးအတွက် ဘယ်လောက်ပဲပေးဆပ်ရ ဆပ်ရ တိုက်ခိုက်ဖို့က လွဲလို့ အခြားရွေးစရာ မရှိတော့ဘူး” ဟု သူပြောသည်။
အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ဆက်ဆံရေး ဥပဒေဖြင့် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေကြောင်း သူစွပ်စွဲသည်။ ထိုဥပဒေသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်က ခွဲထွက်ပြည်နယ်ဟု သတ်မှတ်ထားသည့် ထိုင်ဝမ်ကျွန်းအကြားဆက်ဆံရေးကို ပြဋ္ဌာန်းသော ဥပဒေဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်ကို အခြားအကူအညီများနှင့်အတူ ခုခံကာကွယ်ရေးသဘောဆောင်သော လက်နက်များ ထောက်ပံ့ခွင့်ပြုထားသည်။
အမေရိကန် ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်နာဟန်က အာရှမဟာမိတ်များအနေဖြင့် လုံခြုံရေး အသုံးစရိတ် တိုးမြှင့်ကြရန် တောင်းဆိုပြီး ဒေသတွင်းအတွက် အမေရိကန်နိုင်ငံ၏ ကတိကဝတ်ကို ထပ်မံ အတည်ပြုပြောကြားသည်။
နှစ်နိုင်ငံဆက်ဆံရေးတွင် အမေရိကန်ပြည်ထောင်စုကို ထိုင်ဝမ်ကို ဖဲတချပ်အဖြစ် အသုံးချနေခြင်းကို တရုတ်နိုင်ငံက ပိုမိုစိုးရိမ်လာနေကြောင်း သုတေသီများပြောကြားထားသည်။ ထရမ့်လက်ထက်တွင် အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာပြီး ထိုင်ဝမ်နှင့် အမေရိကန်အဆင့်မြင့်အရာရှိများ အပြန်အလှန် လည်ပတ်ခွင့်ရှိသော ထိုင်ဝမ်ခရီးသွားလာရေး ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့သည်။
ဗိုလ်ချုပ်ကြီးေ၀ ဒုတိယ တင်ပြသော ကိစ္စမှာ တရုတ်နှင့် အာရှလေးနိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ကိစ္စဖြစ်သည်။
သယံဇာတကြွယ်ဝသော တောင်တရုတ်ပင်လယ်အခြေအနေမှာ တိုးတက်နေပြီး တည်ငြိမ်မှုဆီသို့ ဦးတည်နေကြောင်း မှတ်ချက်ချပြီး အချို့သူများသည် ဒေသတွင်းတွင် ပြသနာကို ဆွပေးပြီး အမြတ်ထုတ်နေသည်ဟု အမေရိကန်ပြည်ထောင်စုကို သွယ်ဝိုက်တိုက်ခိုက်သည်။
အငြင်းပွားနေသော ရေပိုင်နက်အတွင်း ကျောက်ဆောင်များနှင့် သန္တာကျောက်တန်းများတွင် တရုတ်နိုင်ငံက ကျွန်းများတည်ဆောက်ခြင်းကို သူကာကွယ်ပြောကြားပြီး မိမိပိုင်နက်တွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ တရားဝင်သော လုပ်ရပ်ဖြစ်ကြောင်း သူပြောသည်။ ထိုသို့ဖေါ်ထုတ်ထားသော ကျွန်းများတွင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းကိုလည်း ကာကွယ်ပြောကြားပြီး “အကြီးအကျယ်လက်နက်တပ်ဆင်ထားတဲ့ စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ရင်ဆိုင်နေရတဲ့နေရာမှာ ကာကွယ်ရေးအဆောက်အအုံတွေ မတည်ဆောက်ဘဲ ကျနော်တို့ ဘယ်လိုလုပ် လျစ်လျူရှုနေနိုင်မလဲ” ဟု ပြောသည်။
အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း မပြုသော်လည်း ထိုကျွန်းများအနီးရေပိုင်နက်တွင် အမေရိကန်ပြည်ထောင်စုက ပြုလုပ်နေသည့် ရေကြောင်းသွားလာမှုများနှင့် လေကြောင်းပျံသန်းမှုများကို ရည်ညွှန်းခြင်းဖြစ်ဖွယ်ရှိသည်။
ဗိုလ်ချုပ်ကြီးဝေသည် လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲ၏ နောက်ဆုံးနေ့ဖြစ်သော တတိယနေ့တွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုထိပ်သီးဆွေးနွေးပွဲသို့ ဒေသတွင်းမှ ကာကွယ်ရေးဝန်ကြီးများ တက်ရောက်ကြပြီး တောင်တရုတ်ပင်လယ်ကဲ့သို့သော အားပြိုင်နေသည့်နေရာများတွင် ပဋိပက္ခတားဆီးရေးနှင့် ဘေးဒုက္ခခံနိုင်ပြီး တည်ငြိမ်သောဒေသ တည်ဆောက်ရေးတို့ကို ဆွေးနွေးကြသည်။
အမေရိကန်ပြည်ထောင်စုက စိုးမိုးထားသည်ဟု တရုတ်နိုင်ငံကမြင်သော ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိများ ပါဝင်ဆွေးနွေးခြင်းသည် တရုတ်-အမေရိကန် အားပြိုင်မှုပြင်းထန်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ တရုတ်နိုင်ငံက ၎င်းတို့၏ သဘောထားကို လာရောက်ရှင်းလင်းပြောကြားခြင်း မပြုပါက အခြားနိုင်ငံများကို အမေရိကန် ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်နာဟန် ရှင်းလင်းပြောကြားသည့် အင်ဒိုပိစိဖိတ်ဆိုင်ရာ အမေရိကန်ရည်မှန်းချက်၏ သြဇာသက်ရောက်မည်ကို တရုတ်နိုင်ငံက စိုးရိမ်နေကြောင်း ရာဂျာရတ်တနန် နိုင်ငံတကာလေ့လာရေးကျောင်းမှ ကျွမ်းကျင်သူ လီမင်ကျန်းပြောသည်။
ကိုးကား ။ ။ The Strait Times
ဆက်စပ်ဖတ်ရှုရန် – အိမ်နီးချင်းများအပေါ် အပြုအမူနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သတိပေး
တရုတ် သမ္မတရဲ့ ခရီးရှည် ချီတက်ပွဲသစ်
ရှားပါးသတ္တုဖြင့် အမေရိကန်ကို တန်ပြန်ထိုးနှက်ရန် တရုတ်အသင့်ရှိ