ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်းတွင် ပြေးဆွဲနေသော စက်လှေ ၂ စီးကို တားဆီးပြီး ဆန်အိတ် ၁၀၀ ကျော် အပါအဝင် စားနပ်ရိက္ခာများအား ရက္ခိုင်စစ်တပ်(AA) က လုယူ သွားကြောင်း ကာယကံရှင်များက ပြောသည်။
ပလက်ဝမြို့မှ တောင်ပြိုကျေးရွာသို့ ပြေးဆွဲသော ကူးတို့စက်လှေနှင့် ဆန်အိတ်များ သယ်ဆောင်လာသော စက်လှေတို့ကို ပလက်ဝမြို့၏ ၁၂ မိုင်အကွာရှိ လောင်းတင်ကျေးရွာနှင့် ကျီးလေကျေးရွာကြားတွင် ဇွန် ၃ ရက်နေ့ လုယူခံရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ဆန်အိတ် ၁၀၀ ကျော်အပါအဝင် ကုန်ပစ္စည်းများကို ယူဆောင်သွားပြီး စက်လှေ ပေါ်ပါသူ ၁၉ ဦးကိုပါ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး ထိုသူများကို ဇွန် ၄ ရက်နေ့ မနက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း စက်လှေပေါ်ပါသူများက ဆိုသည်။
ပြန်လွှတ်လာသူ တဦးက “လိုင်းစက်လှေနဲ့သွားတာ အဲလိုင်းစက်လှေကို ခရာ မှုတ်ပြီးခေါ်တာ စစ်တပ်က လူတွေလို့ ထင်တာ။ အဲနားရောက်မှ သူတို့ (AA) ဖြစ်နေတာ သိရတယ်၊ နည်းနည်း တော့ ကြောက်တာပေါ့၊ တခါမှလည်း မကြုံဖူးဘူးဆိုတော့။ အဲမှာ ကုန်စက်လှေက ဆန်တွေကိုလည်း သယ်ခိုင်းတယ်၊ အဲကုန်စက်လှေကနေ တဆင့် တောထဲကို ဆန်တွေ သယ်ခိုင်းတယ်၊ ဆန်၊ စားစရာတွေ၊ မုန့် တွေ၊ အချိုရည်တွေ၊ အရက်ပုလင်းတွေ၊ ဘီယာတွေရော အကုန်လုံးပါတယ်” ဟု ပြောသည်။
AA အဖွဲ့သည် ကုလားတန်မြစ်ကြောင်း တလျောက် သွားလာနေသော စက်လှေများကို တားဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး တခြားသော စက်လှေမောင်းသမားများကို ဝါးလုံးဖြင့် ရိုက်နှက်မှုများ ပြုလုပ်သည်ကို မြင်တွေ့ရ ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွတ်လာသူများက ဆိုသည်။
ပြန်လွတ်လာသူများက ၎င်းတို့ အသက်လုံခြုံရေး အတွက် နာမည်နှင့် နေရပ်များကို မဖော်ပြရန် တောင်းဆိုသည်။
ပြန်လွတ်လာသူ တဦးက “တခါမှ မကြုံဖူးဘူးလေ နည်းနည်းတော့ ကြောက်တာပေါ့၊ လိုင်းပေါ်မှာပဲ တွေ့ဖူး တာ အခုမှ လူကို မြင်တာနဲ့ ဘယ်လိုလဲမသိဘူး၊ ကြောက်လည်း ကြောက်တယ်၊ မနေ့က ညဆို ပြန်လွတ်မလား ဆိုပြီးတော့ ထင်တာ မလွတ်ဘူး၊ အဲလိုင်းစက်လှေပေါ်မှာပဲ အိမ်နေရတယ်။ ထမင်းကျွေးတယ်၊ ဟင်းတော့ မပေးဘူး။ ဟွန်တာ စက်လှေအသေးလေးတွေကို ခေါ်တာ မကြား လို့လား မသိဘူး၊ ဝါးလုံးနဲ့ ရိုက်တယ်” ဟု ပြောသည်။
AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ကုလားတန်မြစ်ကြောင်း တလျောက်တွင် မိမိတို့အနေ ဖြင့် လုံခြုံရေးအရ စက်လှေများကို ခေါ်ယူ စစ်ဆေးမှုများရှိကြောင်း၊ အရပ်သားများ၏ ဆန်အိတ်များကို သိမ်း ဆည်းမှု မရှိကြောင်း၊ မြန်မာ့တပ်မတော်က အရပ်သားများကို အသုံးချပြီး ရိက္ခာများသယ်ဆောင်မှုများ ရှိနေ ခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် ဆက်နွယ်ပါက သိမ်းဆည်းမှုများရှိကြောင်း ဧရာဝတီသို့ ဆိုသည်။
ဦးခိုင်သုခ က “တခါတလေမှာ မြန်မာ့တပ်မတော် ဘက်ကနေပြီးတော့ အရပ်သားတွေကို အကာအကွယ် ယူပြီးတော့မှ စစ်ရေး ပြင်ဆင်တာတွေလည်း ရှိနေတယ်၊ အဲမှာ အထူးသဖြင့်တော့ ရိက္ခာပစ္စည်းတွေကို အရပ်သား စက်လှေတွေ ကနေပြီးတော့ ပို့နေတာတွေ ရှိတယ်၊ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘက်ကနေပြီးတော့ စိစစ်ပြီး တွေ့ရှိရင်တော့ ရန်သူပစ္စည်းတွေဆိုရင်တော့ ဒါသိမ်းဆည်းတာတွေရှိတယ်၊ အဲဒီမှာ ဆန်အိတ်ယူတယ် မယူဘူး ဆိုတာ ကို ပြန်ပြီးတော့ မေးကြည့်ရအုံးမယ်၊ ရန်သူကနေ ပို့ခိုင်းတဲ့ ပစ္စည်းတွေဆိုလို့ရှိရင်တော့ သိမ်းသင့်ရင် သိမ်းရမှာပဲ၊ အဲဒီမှာ အရပ်သား ပစ္စည်းဆိုရင်တော့ ကျနော်တို့က သိမ်းစရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။
AA ဘက်က ယင်းသို့ ပြောဆိုနေသော်လည်း ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဒေသခံများ အားလုံးကို အပြစ်မရှိ၍ပင် လွှတ်ပေးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဆန်အိတ်များ၊ ဘီယာ၊ အချိုရေနှင့် အခြားစားသောက် ကုန်များကိုတော့ ပြန်မပေးဘဲယူထားလိုက်သည်။
ဧရာဝတီက သီးခြားစုံစမ်းသိရှိချက်အရ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ၁၉ ဦးမှာ ဒေသခံ တောင်သူများ အများစု ဖြစ်ပြီး ပညာရေး ဝန်ထမ်း တချို့ ပါဝင်သည်ကို တွေ့ရသည်။
AA အဖွဲ့၏ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တပ်မတော်က မိမိတို့ ရိက္ခာများ မဟုတ်ကြောင်း၊ ပလက်ဝဒေသခံ များ၏ ရိက္ခာများသာဖြစ်ပြီး မိမိတို့အနေဖြင့် ရိက္ခာများကို လုံခြုံရေးအစောင့်အရှောက်ဖြင့်သာ သယ်လေ့ရှိ ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မရှိပါဘူးဗျာ၊ ကျနော်တို့က စပြီးသွားလာကတည်းကိုက ရိက္ခာကို သူ့ဟာနဲ့သူ ပါပြီးသာပါ။ အဲဒါတွေက သူတို့ ပုတ်ခတ်ပြီး ပြောတဲ့ဟာပါ။ ကျနော်တို့လည်း သတင်းတွေတက်လာမှ သိရတာ၊ အဲသတင်းက မေးမြန်းစုံစမ်းဆဲ သူက အများအားဖြင့်ကတော့ ပလက်ဝဒေသခံတွေ ပလက်ဝဘက်ကနေ သယ်တဲ့ဟာတွေဖြစ်နိုင်ပါတယ်။ ကျနော်တို့ သယ်တာကတော့ သူ့ဟာနဲ့သူရှိပါတယ်။ သူ့နည်းစနစ်နဲ့သူ ရှိပါတယ်။ ကျနော်တို့ကတော့ များသော အားဖြင့်ကတော့ ရေလမ်း၊ ကုန်းလမ်းကတော့ မသုံးဘူး လုံခြုံတဲ့လမ်းကြောင်းကနေ သယ်လေ့ သယ်ထရှိတယ်။ သယ်ရင်လည်း ကျနော်တို့က လုံခြုံရေး အစောင့်အရှောက်က ပါပြီးသားဗျာ” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းမှူး၏ ပါမစ်ဖြင့် ကျေးရွာအုပ်စု တအုပ်စုလျှင် တလကို ဆန်အိတ် ၅၀ အိတ်စီသာ ဝယ်ယူ (သယ်ယူ) ခွင့်ရှိကြောင်း သတ်မှတ်ထားပြီး ယခု AA က ယူဆောင် သွားသော ဆန်အိတ် ၁၀၀ ကျော်သည် ကျေးရွာအုပ်စုများ ခွဲတမ်းအရ ဝယ်ယူ၍ သွယ်ဆောင်သွားသော ဆန်များဖြစ် ကြောင်း စက်လှေပေါ်ပါသူများက ဆိုကြသည်။
ပလက်ဝမြို့နယ်ရှိ အမည်မဖော်လိုသူ အစိုးရ အရာရှိတဦး က “ဆန်အိတ် ၁၅၀ ရှိတယ် AA ယူသွားတာ၊ အုပ်စု ခွဲတမ်းအရ ဆန်တွေ အဲဒါတွေက။ အစိုးရ ထောက်ပံ့တဲ့ ဆန်တွေတော့ မဟုတ်ဘူး၊ ကျနော်တို့က မိမိအစီအစဉ် နဲ့ ဆန်ဝေရတယ်၊ ကျနော်တို့က ခွဲတမ်းနဲ့ ဆန်ဝေရတယ်၊ ဆန်သယ်ယူခွင့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တိုင်းမှူးရဲ့ ပါမစ်နဲ့ယူရတာပေါ့။ အဲမှာ ရွာသားတွေ စုပြီးတော့ ဝယ်ထားတဲ့ဟာတွေပေါ့ အခု AA ယူသွားတဲ့ ဆန်အိတ်တွေက” ဟု ပြောသည်။
တပ်မတော်နှင့် AA တို့ကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အပါအဝင် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဏကျွန်း၊ မင်းပြား စသည့် မြို့နယ်များအတွင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိပင် ဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲရှောင် ၂၀၀၀ ကျော်ရှိပြီး ရခိုင်ပြည်နယ်အတွင်း တွင် တိုက်ပွဲရှောင် ၃၀၀၀၀ ကျော်ရှိနေသည်။
You may also like these stories:
ပလက်၀ ဒေသ ဖွံ့ဖြိုးရေး အဟန့်အတားမလုပ်ဖို့ AAကို ချင်းအရပ်ဖက်အဖွဲ့များ တောင်းဆို
ပလက်ဝအနီး မြန်မာ-အိန္ဒိယ နယ်စပ်ကို အိန္ဒိယတပ်များ ပိတ်ဆို့ထား
AA တည်ရှိမှုကို လိုင်ဇာမှာဘဲ အသိအမှတ်ပြုမည်ဟု တပ်မတော်ပြော
AA ဖမ်းဆီးသွားသည့် ခူမီးချင်းလူမျိုး ၅၂ ကို ပြန်လွှတ်ပေးရန် တောင်းဆို