သတင်း

ပုဂ္ဂလိက ကျောင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည့် ကလေးအမှု CID စစ်နေ

နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ်ရှိ ပုဂ္ဂလိက ကျောင်းတကျောင်းတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ် တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံခဲ့ရသည် ဟုဆိုကာ ရဲစခန်းတွင် တိုင်တန်းထားသည့် အမှုကို မူခင်းတပ်ဖွဲ့ (CID) သို့ လွှဲပြောင်း လိုက်ကြောင်း သတင်း ရရှိသည်။

ဇဗ္ဗူသီရိ အမှတ် ၁ ရဲစခန်းမှ ဒုရဲအုပ် အဆင့်ရှိ ရဲအရာရှိ တဦးက“ဒီအမှုက နည်းနည်း Hot ဖြစ်တော့ CID က ပြောင်း စစ်တာ။ အထက်က အမိန့်နဲ့ပေါ့။ သံသယရှိသူကိုပါ တခါတည်း ခေါ်သွားတာ။ အမှုတွဲလည်း သူတို့ကို ပေးလိုက်ပြီ”ဟု ပြောပြသည်။

သံသယရှိသူဟု ယူဆရသည့် ယာဉ်မောင်း အမျိုးသားကို မေလ ၃၀ ရက်က အမှတ် ၁ ရဲစခန်းတွင် စတင် စစ်ဆေးမှု များ ပြုလုပ်ခဲ့ကြောင်း၊ လုံခြုံရေး ကင်မရာ (CCTV) မှတ်တမ်း အရ အဆိုပါ ယာဉ်မောင်းကို ဖမ်းဆီး စစ်ဆေးရခြင်း ဖြစ်ပြီး ဇွန် ၃ ရက် မနက်ပိုင်းက CID ကို လွှဲပေးလိုက်ပြီ ဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ဆိုသည်။

ဒုရဲအုပ် အဆင့်ရှိသူ ရဲအရာရှိက“အဲဒီနေ့က ဒီထဲကို အဝင်အထွက် ရှိတာက သူပဲ။ CCTV မှာပေါ်တာ အဲဒီ တယောက် ပဲ ရှိတယ်”ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် ၁ မြို့မ ရဲစခန်းသို့ မေ ၁၇ ရက်နေ့က မိခင်ဖြစ်သူ ကိုယ်တိုင် လာရောက် အမှု ဖွင့်ခြင်း ဖြစ်ကာ မသင်္ကာဖွယ်ဟု ယူဆရသည့် အမျိုးသား တဦးအား မေလ ၃၀ ရက်ကစ၍ စစ်ဆေးမှုများ ဆောင်ရွက် နေပြီ ဖြစ်ကြောင်းလည်း ရဲအရာရှိများက ပြောဆိုထားသည်။

နေပြည်တော် သပြေကုန်း၌ ဖွင့်လှစ်ထားသော Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် ၂ နှစ် ၁၁ လ အရွယ် ကလေးတဦးသည် ကျောင်းကြို/ပို့ကားနှင့် အိမ်ပြန်ရောက်လာချိန်တွင် မိခင်အား မိန်းမကိုယ် နာကျင်နေ ကြောင်း ပြောဆိုရာ ထိုနေရာတွင် သွေးများတွေ့ရှိသဖြင့် ဇဗ္ဗူသီရိမြို့နယ် ကလေးအထူးကု ဆေးရုံသို့ သွားရောက် ပြသ ခဲ့ပြီး ယင်းဆေးရုံမှ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပြသရန် ပြောဆိုသဖြင့် သွားရောက်ပြသသည်ဟု ဆိုသည်။

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ ပြင်ပလူနာ ဌာနသို့ သွားရောက် ပြသခဲ့ရာ မှုခင်း ဆေးစာဖြင့် လက်ခံ ဆေးကုသ ပေးခဲ့ပြီး သမီးဖြစ်သူက ၎င်း၏ မိန်းမကိုယ်အား အမည်မသိ ကိုကိုက လက်ဖြင့် လုပ်သည်ဟု ပြောဆို သိရှိသဖြင့် စုံစမ်း ဖော်ထုတ် အရေးယူပေးရန် မိဘများက လာရောက် တိုင်တန်းခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်း အရ သိရသည်။

Wisdom Hill ကျောင်းအုပ် ဦးပညာက“သံသယ ရှိသူက ကျောင်းက ဝန်ထမ်း မဟုတ်ပါဘူး။ အဲဒီကျောင်း (Wisdom Hill) ကြီးကြပ်ရေးမှူး ဆရာမရဲ့ ကားကို မောင်းတဲ့ ယာဉ်မောင်းပါ”ဟု ဧရာဝတီသို့ ပြောသည်။

ယခု ဖြစ်ပေါ်နေသည့် ကလေးငယ် ကိစ္စမှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လာသဖြင့် လူအများ စိတ်ဝင်စားမှု မြင့်တက် နေသည်မှာ မှန်သော်လည်း အဆိုပါ ဖြစ်စဉ်ကြောင့် ကျောင်း၏ လုပ်ငန်းစဉ်များကို ထိခိုက်မှု မရှိဘဲ ပုံမှန် လည်ပတ်လျက် ရှိကြောင်း အမှုနှင့် ပတ်သက်၍ မူခင်း ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးပါက အချိန်မရွေး စစ်ဆေးနိုင် ကြောင်း ဦးပညာက ဆက်ပြောသည်။

မှုခင်းတပ်ဖွဲ့ (CID)မှ ရဲမှူးချုပ် အောင်နိုင်သူကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် ယနေ့ အမှုစစ်စရာများ ရှိသ ဖြင့် အချိန်ပေး ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မိဘများက စိတ်ပူပန်မှုများ ရှိနေသဖြင့် ဇွန်လ ၂ ရက်က Wisdom Hill ၅ ထပ် ကျောင်းဆောင် အသစ်တွင် ကျောင်းသား မိဘများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ထို ကလေးကိစ္စ ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း လုံးဝ မရှိသည်ကို အာမခံကြောင်း Wisdom Hill မှ ဒု ကျောင်းအုပ် ဒေါ်ခိုင်သဇင်က သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများနှင့် ကျောင်းသား မိဘများကို ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်၌ ပျံ့နှံ့နေသော ရေးသားဖော်ပြမှုသည် မမှန်မကန်သည်ကို တွေ့ရသဖြင့် ကလေး ကိစ္စအား စတင် ပြောဆိုခဲ့သူ ပိုးဖြူ အကောင့်ပိုင်ရှင်ကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဇွန်လ ၁ ရက်တွင် ဇဗ္ဗူသီရိ မြို့မရဲစခန်း၌ (ပ) ၉၄/ ၂၀၁၉၊ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ပြန်လည် အမှု ဖွင့်လိုက်သည်ဟု အမှတ် ၁ ရဲစခန်းက ပြောသည်။

တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများထဲမှ ကျောင်းသားမိဘတဦး ဖြစ်သူ ဒေါ်အေးအေးချိုက“အဓိက ယုံကြည်မှု ပြန်ယူ ကြ တဲ့ သဘော ပါပဲ။ ဒီအမှုမှာ ဘယ်သူက လုပ်တယ်ဆိုတာလည်း သေသေချာချာ မသိသေးတော့ ပြောရခက်တယ်။ ဘာပဲ ဖြစ်ဖြစ် ဒီလိုကျောင်းဘက်က အာမခံတယ်လို့ ပြောလာတော့ ကလေးကို ဆက်ထားရတာ စိတ်ချရတာပေါ့”ဟု ပြောဆို သည်။

ထိုသို့ လူမှုကွန်ရက်ပေါ်၌ သတင်းများ ပျံ့နှံ့မှုအပေါ် ပြန်လည် ဖြေရှင်းရန် အတွက် Wisdom Hill ကျောင်းက ဇွန်လ ၁ ရက် ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ တွင် ကျောင်းသား မိဘများပါ ရောက်ရှိလာပြီး ဖြစ်ပေါ်ခဲ့သည့် ကလေးကိစ္စနှင့် ပတ်သက်၍ မေးခွန်းများ ဝင်ရောက် မေးမြန်း ခဲ့ကြသည်။

အဆိုပါ Wisdom Hill ကျောင်းသည် မူကြိုမှ စပြီး ၁၀ တန်းအထိ သင်ကြားပေးလျက် ရှိသော ပုဂ္ဂလိက ကျောင်း တကျောင်း ဖြစ်သည်။

You may also like these stories:

ပုဂ္ဂလိကကျောင်း တခုတွင် ကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရဟုဆိုကာ အမှုဖွင့်

၇ နှစ်အရွယ် ကျောင်းသူကို သတ်ပြီး နားကပ်လုသူကို သေဒဏ်ချမှတ်

သက်ငယ် မုဒိမ်းမှုတွင် လာဘ်စားသည်ဟု ရဲစခန်းမှူး တဦး စွပ်စွဲခံရ

အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ

Loading