တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ တခုနှင့် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီတို့ကြား ပူးပေါင်းပြီး မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် မေလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့သည့် အခမဲ့ ဆေးကုသပေးခဲ့မှု ဖြစ်စဉ်မှာ ရည်ရွယ်ချက် ကောင်းမွန်သော်လည်း ဝေဖန်မှုများ ခံနေရသည်။
တပ်မတော်သည် ပြည်သူ့ဘဏ္ဍာဖြင့် ရပ်တည်နေရသည့် ဝန်ထမ်းအဖွဲ့ အစည်းတခု ဖြစ်ခြင်းကြောင့် နိုင်ငံရေးအရ အသုံးချခံရနိုင် သည်ကို ဆင်ခြင်သင့်သည်ဟု အကြံပြုမှုများ ရှိသလို ကြံ့ခိုင်ရေးပါတီ အနေဖြင့်လည်း “စစ်တပ်ပါတီ”ဟု အပြောခံနေရသည့် ပုံရိပ်မှ ခွဲထွက်နိုင်ရန် စဉ်းစားသင့်ကြောင်း လေ့လာသူများက ဆိုသည်။
တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့ ပူးပေါင်းပြီး မေလ ၂၃ ရက်နေ့က သာစည်မြို့နယ် ညောင်ပင်သာ ဘုန်းကြီးကျောင်းတွင် အပူ ပိုင်းဒေသတွင် အဖြစ်များသော မျက်စိရောဂါ အပါအဝင် သွေးတိုးရောဂါ၊ အခြားရောဂါများကို အခမဲ့ ဆေးကုသနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း ယင်းပါတီ၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ယခုလို ဆေးကုသမှုသည် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်ဘဲ ပြည်သူလူထု၏ အခက်အခဲကို ကူညီသည့် အနေဖြင့် ပြုလုပ်သည် ဆိုပါက ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် မညှိကြောင်း၊ သို့သော် တပ်မတော်အနေဖြင့် ဆင်ခြင်သင့်ကြောင်း၊ ကျန် သည့် ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိပါက လူပြောစရာ ဖြစ်နေကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
“သူ့ဘာသာသူ တပ်မတော်ချည်းပဲ သပ်သပ်သွားတာက တမျိုးပေါ့။ သူလည်း လုပ်နေကြပဲ။ သဘာဝ အန္တရာယ်တွေ ကျရောက် တယ်ဆိုရင်လည်း သူ (တပ်မတော်)က ကူညီနေကြပေါ့နော်။ ဒါမျိုးကျတော့ သတိထားသင့်တဲ့ ကိစ္စလို့ ထင်တယ်။ နိုင်ငံရေး ပါ တီတခုခုရဲ့ အသုံးချခံ ဖြစ်တာတို့ ဆိုတာက သူ့အတွက်ကို ပြည်သူလူထုက အမြင်မရှင်းဘူးပေါ့”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ပြည်သူလူထုက ရှင်းရှင်းပဲ ပြောကြမယ်ဆိုရင် သူနိုင်ငံရေး ကင်းတာကို လိုလားတာ။ နိုင်ငံရေး ကင်းတယ်၊ သူ့ တာဝန်ကို ကျေကျေ ပွန်ပွန် ထမ်းဆောင်နိုင်တယ်ဆိုရင် ပြည်သူလူထုက တပ်မတော်ကို ချစ်မှာပဲ။ ထောက်ခံမှာပဲ” ဟု ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆ (က)တွင် နိုင်ငံ့ ဝန်ထမ်းများသည် ပါတီ နိုင်ငံရေး ကင်းရှင်းရမည်ဟု ဖော်ပြထားသဖြင့် တပ်မတော်သည် ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသည့်အချက်ကို အစဉ်တစိုက် လက်ခံထားလေ့ ရှိသလို အခြေခံ ဥပဒေပါ ပြဌာန်းချက်များကိုမူ ၎င်းတို့အနေဖြင့် လိုက်နာရမည် ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုလေ့ရှိသည်။
တပ်မတော်က နိုင်ငံ့ဝန်ထမ်းအဖြစ် သတ်မှတ်သော်လည်း ထူးခြားသည့် သဘောသဘာဝရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် မသက်ဆိုင်ဘဲ သီးခြား အက်ဥပဒေများနှင့် လိုက်နာစေကြောင်း သိရသည်။
တပ်မတော်သည် ပြည်သူ့ဝန်ထမ်း ဖြစ်သဖြင့် ယခုလို ပူးပေါင်းလုပ်ဆောင်ခြင်းသည် နိုင်ငံရေးအရ ကြည့်ပါက မဲဆွယ်ပေးသည့် သဘောမျိုး ဖြစ်နေသဖြင့် ဘက်လိုက်သည့် သဘောမျိုး ဖြစ်သွားကြောင်း၊ ထို့ကြောင့် တပ်မတော်သည် ကြံ့ခိုင်ရေးပါတီနှင့်သာ မက တခြားပါတီတခုခု၊ အထူးသဖြင့် NLD နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိ၊ မရှိကိုမူ NLD ပါတီက စမ်းသပ်ကြည့်သင့်ကြောင်း ရန်ကုန်မြို့မှ နိုင်ငံရေး ဆောင်းပါရှင်တဦး ဖြစ်သူ စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။
“အဲဒီမှာ သူတို့ငြင်းရင်တော့ သွားပြီပဲ။ သူတို့ မငြင်းဘူး ဘယ်ပါတီပဲ လာလာဆိုရင် ကျနော်တို့ ရည်ရွယ်ချက်က ပြည်သူတွေကို ဆေးကုရရင် တော်ပြီ ဆိုရင်တော့ အဲဒါအဖြေပဲလေ။ မီဒီယာတွေက Find out လုပ်ရမှာပါ တခြားပါတီတွေက ခေါ်ရင်တော့ တပ် မတော်က Co-operate လုပ်မလားဆိုတာပဲ”ဟု ၎င်းက မေးခွန်းထုတ်သည်။
တပ်မတော်သည် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာစရာမလိုဘဲ အထက်တွင် ရှိနေသည့် သဘော ဖြစ်နေ ကြောင်း၊ အင်းဒင် လူသတ်မှုတွင် သမ္မတကို တင်ပြစရာ မလိုဘဲ တပ်ချုပ်၏ ညွှန်ကြားချက်အရ လွှတ်ပေးလိုက်သလို ယခုလည်း ပြည်ခိုင်ဖြိုးနှင့် ပေါင်းရန် တပ်ချုပ်၏ ညွှန်ကြားမှုဆိုပါက မည်သူမျှ မတပ်နိုင်ကြောင်း စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။
“လုပ်တဲ့ အလုပ်ကလည်း မကောင်းတဲ့ အလုပ် မဟုတ်ဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရင်တော့ ပြည်ခိုင်ဖြိုးကို Support လုပ်တယ်ပေါ့ဗျာ။ တဖက်က ပြန်တွေးရင်လည်း ပြည်သူလူထုရဲ့ အမြင်မှာ ကြံ့ခိုင်ရေးနဲ့ တပ်မတော်နဲ့က တဖွဲ့ တည်း ဖြစ် သွားတယ်။ ကြံ့ခိုင်ရေးရဲ့ Image ကိုလည်း ထိတယ်။ ဒီပါတီက စစ်တပ်ပါတီပဲ ဆိုပြီး။ ဟိုးတုန်းကတော့ ဟုတ်ခဲ့တာပေါ့လေ။ အ ရပ်သားဖြစ်တဲ့ ပုံစံမျိုး လုပ်ပြနေတဲ့အချိန် အဲလို သွားလုပ်လိုက်တော့ ပြည်ခိုင်ဖြိုးဆိုတာ တပ်မတော်ပါပဲ။ မထူးပါဘူးဆိုပြီး ဖြစ် သွားရော”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
တပ်မတော်ကမူ ၎င်းတို့ဘက်က သွားကုပေးခြင်း မဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီဘက်က အကူအညီ တောင်းခံလာချိန် ၎င်းတို့က လည်း ယင်းဒေသတွင် ဆေးကုရန် အစီအစဉ် ရှိသဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်က တခြားပါတီများနှင့် ပူး ပေါင်း ဆောင်ရွက်ဖူးခြင်း မရှိသော်လည်း လူမှုရေး အဖွဲ့ အစည်းများက အကူအညီတောင်းခံပါက ကူညီလျက်ရှိကြောင်း တပ်မ တော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဖွဲ့ စည်းပုံအရတော့ လိုက်နာရမှာပဲ။ မလိုက်နာလို့ မရဘူး။ သူတို့ရဲ့ စည်းရုံးရေး လုပ်ငန်း မဟုတ်ဘဲနဲ့ သူတို့ အကူအညီတောင်းလာလို့ ရပ်ရွာ အကျိုးပြုလုပ်ငန်းမိုလို့ လိုက်လုပ်ပေးတဲ့ သဘောပဲ ရှိတယ်။ ကျန်တဲ့ဟာကြောင့် လိုက် လုပ်ပေးတာတော့ မဟုတ်ဘူး”ဟု ရှင်းပြသည်။
တပ်မတော်က ကြံ့ခိုင်ရေးပါတီကို ကူခြင်း မဟုတ်ပါဘဲ လိုအပ်နေသည့် နေရာကို ကူခြင်း ဖြစ်ကြောင်း၊ အခြေခံ ဥပဒေအရ ကန့် သတ်ထားသော်လည်း ပြည်သူ့ အကျိုးပြုလုပ်ငန်းနှင့် ကျန်းမာရေး ကဏ္ဍများတွင် တပ်မတော်က ဆောင်ရွက်လျက်ရှိသဖြင့် မည်သူ ပင် ဖြစ်စေ အကူအညီ တောင်းခံလာပါက လုပ်ပေးရမည့် သဘောရှိကြောင်း ယင်းတပ်မတော် အရာရှိက ပြောပြသည်။
“သို့သော် ဟိုဘက်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပါတီ စည်းရုံးရေး ဆောင်ရွက်တယ်ဆိုရင်တော့ ဆောင်ရွက်လို့ ရမှာ မဟုတ်ဘူး။ အဲ ဒီကိစ္စကို အသေးစိတ်တော့ ပြန်မေးရဦးမယ်။ ငါတို့လည်း အကုန်မသိသေးဘူး။ ပြီးတော့ ဒီလို ကိစ္စမျိုးက တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်လည်း မသိဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်တွင် ဆေးကုသရေးနှင့် ပတ်သက်၍ အပိုင်း ၂ ပိုင်းဖြင့် ဆောင်ရွက်လျက် ရှိပြီး တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ များက ကားများ၊ သဘောၤများဖြင့် စီစဉ်ခြင်း တပိုင်း၊ နောက်တပိုင်းမှာ တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ နယ်မြေခံ တိုင်းမှူး၊ တပ်မမှူးများက ဆေးကုသမှု စီစဉ်ပေးသည့် တပိုင်း ဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီကမူ တပ်မတော်၏ နယ်လှည့် ဆေးကုသရေး အဖွဲ့ သာစည်မြို့နယ်သို့ ရောက်ရှိလာသဖြင့် ၎င်းတို့၏ လွှတ်တော် ကိုယ်စားလှယ်က သွားရောက် ကူညီပေးခြင်း ဖြစ်ကြောင်း၊ ဒေသတွင်း ဖွံ့ ဖြိုးရေး၊ ပရဟိတ ကိစ္စရပ်များအတွက် မဲဆန္ဒရှင် ပြည်သူ များကို သွားရောက် အားပေးခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
“အဲဒီက ကိုယ်စားလှယ်က ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဖြစ်နေလို့ ပြည်ခိုင်ဖြိုးနဲ့ တပ်ကို သမုတ်ကြတာ။ အဲဒီမှာ NLD ကိုယ်စားလှယ် ဆိုရင်လည်း NLD ကိုယ်စားလှယ်က သွားမှာပဲလေ။ သူက ကိုယ်စားလှယ် အနေနဲ့သွားတာ။ ပါတီနဲ့ မဆိုင်ဘူး။ တပ်မတော်က တ နိုင်ငံလုံးကို နယ်လှည့် ကုသရေး အစီအစဉ်နဲ့ လျှောက်သွားနေတာ။ အခု ဒီမှာက ကြံ့ခိုင်ရေး ကိုယ်စားလှယ် ရှိတဲ့နေရာဆိုတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်က သွားအားပေးတာ။ အဲဒီမှာ ကြံ့ခိုင်ရေးနဲ့တပ်ကို ပေါင်းတယ်ဆိုပြီးတော့ ထုံးစံအတိုင်း ပေးစားတာ ပေါ့ဗျာ”ဟု ဒေါက်တာ နန္ဒာလှမြင့်က ရှင်းပြသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကမူ ၎င်းတို့ပါတီနှင့် တပ်မတော် အကြား ပူးပေါင်းဆောင်ရွက်မှုမျိုး မရှိခဲ့ဖူး ကြောင်း၊ လုပ်ငန်းတခုတည်းကို NLD က ဖြစ်၊ တပ်မတော်က ဖြစ်စေ ဆောင်ရွက်ခြင်းမျိုး ရှိသော်လည်း အတူ ပူးပေါင်း ဆောင်ရွက် မှုမျိုး မရှိကြောင်း ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
“ပူးပေါင်း ဆောင်ရွက်တယ်ဆိုတာ ဘယ်လောက်အထိ ပူပေါင်းသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး မှတ်ချက်ပေးလို့ ရပါမယ်။ ခုနက ပြောသလို ရည်ရွယ်ချက်တခုတည်းနဲ့ သွားပြီးတော့ ဆုံသွားတာ ဆိုရင်တော့ တမျိုးပေါ့လေ။ ၂ ဖက် တာဝန်ရှိတဲ့သူတွေက လုပ် ငန်းတခုကို အလုပ်အတူတူ လုပ်တယ်ဆိုရင်တော့ တမျိုးပေါ့။ အဲလို ဆိုရင်တော့ နိုင်ငံရေးပါတီ တခုနဲ့ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မူဟာ မသင့်တော်ဘူးလို့ပဲ ပြောချင်တယ်”ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။
တပ်မတော် နယ်လှည့် ကုသရေးအဖွဲ့ နှင့် ကြံ့ခိုင်ရေးပါတီတို့ ပူးပေါင်းပြီး စစ်မှုထမ်းဟောင်း၊ မီးသတ်နှင့် ကြက်ခြေနီ အဖွဲ့ တို့၏ အကူအညီများဖြင့် သာစည်မြို့နယ်တွင် အခမဲ့ ဆေးကုသခြင်းများကို ဆောင်ရွက်ခြင်း ဖြစ်ရာ နောက်ပိုင်းတွင်လည်း တောင်ပေါ် ဒေသများသို့ပါ သွားရောက်ဦးမည်ဟု သာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်းက ပြောဆို ကြောင်း ကြံ့ခိုင်ရေးပါတီက မေလ ၂၃ ရက်နေ့က ထုတ်လွှင့်ခဲ့သည်။
“ပြည်သူက စီးပွားရေးကလည်း မကောင်း၊ မိုးလေဝသက မမှန်တဲ့အခါ ကြပ်တည်းမှုတွေ ရှိပါတယ်။ မိတ္ထီလာ၊ မန္တလေးမြို့ ထိ သွားရောက် ကုသဖို့ကလည်း ငွေကြေးကုန်ကျမှု များတယ်။ အဲဒါကြောင့် ဒီလိုပွဲလေး ဖြစ်မြောက်ဖို့ တပတ်လောက်ကြိုပြီး အ အိပ်ပျက်ခံ ပင်ပန်းခံ ပြည်သူလူထုအတွက် စေတနာထားဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်”ဟု ဦးစံထွန်းက ပြောဆိုလျက် ရှိ ကြောင်း ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရသည်။
ကြံ့ခိုင်ရေး ပါတီသည် တပ်မတော်မှ ထူထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး အသင်းမှ ပေါက်ဖွားလာသော နိုင်ငံရေး ပါတီတခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်များ အရပ်ဝတ်လဲလှယ်ကာ ယင်းပါတီဖြင့် ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့သည်။
သို့သော်၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ရှုံးနိမ့်သဖြင့် အတိုက်အခံ အဖြစ် ရပ်တည်နေရသည်။
ဆက်စပ်ဖတ်ရှုရန်
တပ်ချုပ်က ဦးဝီရသူကို ဆွမ်းကပ်မှု သံဃာကို ရည်မှန်း ဆက်ကပ်ခြင်းသာဖြစ်ဟု တပ်မတော် ပြော
အဂတိလိုက်စားမှု တပ်တွင်း အရေးယူနေဟု တပ်မတော် ပြော
အင်းဒင်လူသတ်မှုမှ တပ်မတော်သားများ တပ်ချုပ်ထံ အသနားခံပြီး လွတ်မြောက်