အမျိုးသားရေး တက်ကြွ လှုပ်ရှားခဲ့သူ ဆရာတော် ဦးပါမောက္ခကို ဗဟန်း မြို့နယ်မှ တရားလွှတ်တော် ရှေ့နေတဦးက နိုင်ငံ သားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် အတွင်းက ဦးပါမောက္ခ တည်ထောင်ခဲ့သော နစ်နာမှုများ ရှင်းလင်း တင်ပြရေး ကော်မတီသို့ ပြင်ဦးလွင်မှ အိမ်ခြံမြေ ကိစ္စဖြင့် ဒကာမ တဦးက ရောက်ရှိလာကြောင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဘေဘီထွန်းနှင့် ၂ ဦးက အိမ်ခြံ မြေကို လိမ်လည် ရောင်းချခဲ့သည့် အတွက် လိမ်လည်မှုဖြင့် အမှု ဖြစ်ပွားနေကြောင်း ထိုကိစ္စကို လိုက်ပါ ကူညီပေးရန် မိမိထံ အကူအညီတောင်းခဲ့ကြောင်း ဦးပါမောက္ခက ရှင်းပြသည်။
ထိုအမှုအတွက် ဦးပါမောက္ခ အနေဖြင့် တရားရုံး ရုံးချိန်းများတွင် လိုက်ပါ ကူညီပေးနေရင်း ဒေါ်ဘေဘီထွန်းဘက်မှ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လုံခြုံမှုကို ဦးပါမောက္ခဘက်မှ ချိုးဖောက်သည် ဟုဆိုပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ရဲစခန်း တွင် ဦးပါမောက္ခကို အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရဲစခန်းမှ အမှုဖွင့်ထားသော်လည်း ယနေ့ အချိန်အထိ အမှုနှင့်ပတ်သက်ပြီး အကြောင်းကြားစာ သာ ပေးပို့ခဲ့ပြီး မည်သည့်နေ့တွင် မည်သို့ ဖြေရှင်းရမည်၊ မည်ကဲ့သို့ လုပ်ဆောင်ရမည် တို့ကို တရားဝင် အကြောင်း ကြား ခြင်း မရှိသေးကြောင်း ဦးပါမောက္ခက ဧရာဝတီကို မိန့်ကြားသည်။
ဦးပါမောက္ခက“ရဲစခန်းကတော့ မနေ့က(ဇွန် ၃) မြို့နယ် သာသနာရေးမှူးက တဆင့် စာပို့ခိုင်းတာကို လက်ခံ ရရှိ တယ်။ လူဝတ်လဲပြီး အချုပ်ထဲ ထည့်ဖို့တို့၊ ဘယ်နေ့ လာဖြေရှင်းဖို့ တို့တော့ မပါဘူး။ ဘယ်နေ့ နောက်ဆုံး တရားရုံးကို ဆင့်ခေါ်ပါတယ် ဆိုတာလည်း မပါဘူး။ လာပြီး အစစ်ခံပါလို့တော့ ပြောသွားတယ်”ဟု မိန့်သည်။
၎င်းက ဆက်လက်၍“ဖြစ်ခဲ့တာက ၂၀၁၆ ခုနှစ်ကတည်းက ဆရာတော်တို့ နစ်နာသူများ ကူညီပေးရေး ကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့တဲ့ အခါမှာ လိမ်လည်မှုနဲ့ ဖြစ်ခဲ့တဲ့ အမှုတခုမှာ ဆရာတော်က လိုက်ပါ ဆောင်ရွက်တယ်။ တရားခွင်ထဲ သွား တယ်။ အဲဒါကို ဆရာတော်ကိုပါ အခုလို အမှုဖွင့်တာ။ ဆရာတော်တို့က တရားမျှတမှု၊ တရား ဥပဒေ စိုးမိုးရေးတို့ အတွက် အမှန်တကယ် နစ်နာသူတွေ အပေါ် လိုက်ပါ ကူညီပေးနေခဲ့တာ”ဟုလည်း မိန့်ဆိုသည်။
ဒေါ်ဘေဘီထွန်း ဆိုသည်ကို တရားရုံးများတွင်သာ မြင်တွေ့ဖူးပြီး ၎င်းတို့၏ နေအိမ်များကို ဓာတ်ပုံရိုက်ခြင်း၊ ၎င်းတို့ သွားလာရာ နေရာများသို့ နောက်ယောင်ခံ လိုက်ခြင်းများ မပြုလုပ်ကြောင်းလည်း ဦးပါမောက္ခက မိန့်သည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ သည် အနိမ့်ဆုံး ထောင်ဒဏ် ၆ လမှစပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးနိုင်ကြောင်း သိရသည်။
အမှုဖွင့်ခဲ့သည့် တရားလိုဖြစ်သူ ဒေါ်ဘေဘီထွန်းသည် အငြိမ်းစား ဗိုလ်ကြီး တဦး၏ သမီးဖြစ်ပြီး ၂၀၁၇ ကလည်း မိမိ ကို ရန်ကုန်တိုင်း သံဃနာယက အဖွဲ့ထံသို့ ဦးတိုက် လျှောက်ကာ ထိုအဖြစ်အပျက်များနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ် ခဲ့သော်လည်း ရန်ကုန်တိုင်း သံဃနာယက အဖွဲ့မှ နိုင်ငံတော် သံဃနာယကအဖွဲ့ထံသို့ ထပ်မံ အကြောင်းကြား ကာ ဆုံး ဖြတ်ချက်ကို တောင်းခံခဲ့ရာတွင် အရပ်ဘက် တရားရုံးမှ ဆုံးဖြတ်ရန်သာ ဖြစ်သည့်ကိစ္စဟု ပြန်လည် အကြောင်း ကြားခဲ့ကြောင်း ဦးပါမောက္ခက မိန့်ကြားသည်။
ယခု ဖြစ်စဉ်တွင် မိမိအနေဖြင့် တရားမျှတမှု ရရှိရေး အတွက်ကိုသာ လိုက်ပါ ဆောင်ရွက်ခဲ့သူတဦး ဖြစ်ကြောင်းလည်း ဦးပါမောက္ခက ဆိုသည်။
ဒေါ်ဘေဘီထွန်းက“လတ်တလောတော့ ရဲကလည်း အမှုသာ ဖွင့်ထားတယ်၊ မလှုပ်ရှားသေးဘူး။ အဲဒီအတွက် ဘာမှ တော့ မပြောလိုဘူး။ နိုင်ငံသားတဦးရဲ့ ပုဂ္ဂလိက လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်တဲ့ အနေ အထားတွေ ဖြစ်ခဲ့တာကြောင့် ရဲက အမှုဖွင့်တာကို လက်ခံခဲ့တာပဲလေ။ ဘယ်ဟာ မှန်တယ်၊ ဘယ်ဟာ မှား တယ် ကိုတော့ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ မီဒီယာတွေမှာ ပြောနေတာထက် တရားရုံးကနေ အမှန်တရား ဖြစ်လာဖို့ကို ပိုအားကိုး တယ်။ ဒါကြောင့် လောလောဆယ် ဘာမှမပြောလိုဘူး”ဟု ဧရာဝတီကို ပြောဆိုသည်။
၂ဝ၁၆ ခုနှစ် ဧပြီလ ၂၈ ရက်ကလည်း မကွေး ကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ အပါအဝင် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများက အမေရိကန် သံအမတ် စကော့မာစီရယ်၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ တခုတွင် ရိုဟင်ဂျာ လူမှု အသိုက်အဝန်းဟု ဖော်ပြခဲ့သည့် အပေါ် မကျေနပ်သဖြင့် အမေရိကန် သံရုံးရှေ့၌ ခွင့်ပြုချက် မရဘဲ ကန့်ကွက် ဆန္ဒပြခဲ့မှု ကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ထောင်ဒဏ် ၃လ ချမှတ်ခြင်း ခံရကာ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။